KNU နယ်မြေ ၂ နေရာ ကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ နေရာ နှစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ရာ လူနေအိမ် ၁၀ လုံး၊ သီလရှင်ကျောင်းတစ်ဆောင်၊ ဆန်သိုလှောင် ထားသည့် စပါးကျီနှင့် ဆန်စက်တို့ မီးလောင် ပျက်စီးသွားကြောင်း KNU က ထုတ်ပြန် သည်။
KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်၊ ဘီလင်းမြို့နယ် လေးကေကျေးရွာကို စစ်ကောင်စီတပ်က မေလ ၁ ရက်နေ့တွင် လေယာဉ် နှစ်စီးဖြင့် နှစ်ကြိမ် လာရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။
လေးကေနှင့် ဝင်းတာပန်ရှိ စစ်ကောင်စီ နှင့် BGF ပူးပေါင်းတပ်စခန်း နှစ်ခုကို ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာပေးရန် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) က ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း စစ်ရေး တင်းမာလာကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စတင်လာခြင်းဖြစ်သည်ဟု KNU က ဆိုသည်။
ထို့ပြင် အဆိုပါနေ့ မွန်းလွဲပိုင်းကလည်း ကမမောင်းမြို့နယ်၊ ကိုးနဝင်း ဘုန်းကြီးကျောင်းဘေးတွင် တပ်စွဲ ထားသော စစ်ကောင်စီတပ်က ၁၂၀-မမ များဖြင့် လေးကေကျေးရွာကို ပစ်ခတ် တိုက်ခိုက် ခဲ့သည်။
အလားတူ မေလ ၁ ရက်နေ့ ညပိုင်းကလည်း KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ လူသောမြို့နယ် အတွင်းရှိ ဒေဘုနိုနှင့် သေကာထာ ကျေး ရွာများကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၁၀ ကြိမ်ထက် မနည်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု KNU က ဆိုသည်။
ယင်းအပြင် ဘူးသိုမြို့နယ်၊ မယ်ညုထာ ကျေးရွာကို စစ်ကောင်စီ၏ ခမရ (၄၀၈) တပ်က ၈၁-မမ လက်နက်များဖြင့် သုံးချက်ထက် မနည်း ပစ် ခတ်ခဲ့ရာ ကျေးရွာအတွင်းရှိ စပါးကျီများနှင့် ဆန်စက်များ ပျက်စီးသွားခြင်း ဖြစ်သည်။
ထိုပစ်ခတ်မှုများတွင် လူထိခိုက် သေဆုံးမှုများ မရှိခဲ့ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ များတွင် စစ်ကောင်စီတပ်နှင့် KNU လက် အောက်ခံ KNLA တိုက်ခိုက်ရေး တပ်ဖွဲ့များ အကြား လစဉ် တိုက်ပွဲ ရာချီ ဖြစ်ပွားနေသည်။ mizzima