Monthly Archives: May 2022

ပေါက်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ် သား ၃၀ ဦးခန့် သေဆုံး၊ အများအပြားဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ မေ ၄ ရက် နေ့လယ်ပိုင်းက ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အယောက် ၃၀ လောက် သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ လူငယ်တော်လှန်ရေးတပ်ဦး YRF ကနေ သိရပါတယ်။

ပေါက်မြို့နယ် ပုသိမ်-မုံရွာ ကားလမ်းနဲ့ ချက်ကန်ကျေးရွာနားမှာ မေလ ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ YRF တပ်ဖွဲ့၊ ပေါက်တောင်ပိုင်း ပြည်သူ့ကာ ကွယ်ရေးတပ် SPPDF(လယ်ယာ) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ အပြင်းအထန်ဖြစ်တာလို့ YRF ခေါင်းဆောင် ဗိုလ်နားပေါက်က ပြောပါတယ်။

“ကျနော်တို့ စခန်းချထားတဲ့ ချက်ကန်ရွာနားကို ဒီကနေ့ မေလ ၄ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအင်အား ၁၀၀ လောက် ထိုးစစ်ဆင်လာတာဗျ။ ကျနော်တို့တပ်ဖွဲ့ က အဲဒီရွာနားမှာ မိုင်းအလုံး ၂၀၀ လောက်မြှုပ်ထားတာ။ အပြင်းစားမိုင်း ၁၀ လုံးလောက် ပေါက်ကွဲ ပြီး စစ်ကောင်စီတပ်သား ၃၀ လောက် သေဆုံးကာ အများကြီးဒဏ်ရာရသွားတယ်။ အဲဒီနောက် ပထမဦးဆုံး ကျနော်တို့ရဲ့ကင်းစခန်းတွေကို မီးရှို့ပြီး ချက်ကန်ရွာကိုပါ မီးရှို့ ဖျက်ဆီးကြတယ်။ ကျနော်တို့တပ်ဖွဲ့တွေက စစ်(-) တွေ အလောင်းကော လက်နက်ပါရ အောင် တိုက်မယ်လို့ ဆုံးဖြတ်ပြီး တိုက်ခဲ့တာဗျ။”

တိုက်ပွဲက ၁ နာရီကျော်လောက်ကြာအောင် အပြင်းအထန်ဖြစ်ပွားခဲ့ပြီး  လူငယ်တော်လှန်ရေးတပ်ဦး YRF ဘက်က  ရဲဘော်တယောက်  ဒဏ် ရာရရှိခဲ့ကာ  ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

တိုက်ပွဲမှာအတွင်းမှာ စစ်ကောင်စီဘက်က ၃၀ လောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ YRF ခေါင်းဆောင်က ပြောဆိုထားပေမဲ့ ဒီဗွီဘီက  သီးခြားအတည်မပြုနိုင်သေးပါဘူး။

ချက်ကန်ကျေးရွာကို ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ရွာလုံးကျွတ် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်ဗျ။ နေ့လယ် ၁၂ နာရီလောက်ကျတော့ ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေကြားရပြီး ရွာဘက်က မီးခိုးလုံးတွေ မီး တောက်တွေ တက်လာတာတွေ့ရတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲဝင်မွှေနေတာဆိုတော့ ကျနော်တို့လည်း ရွာပြန်ပြီး မီးမငြှိမ်းရဲဘူး။ အဝေးကနေပဲ ကြည့်နေကြရတာ။ ကျနော်တို့ရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိပြီး အိမ်ခြေဘယ်လောက်မီးလောင်သွားပြီလည်းဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ ချက်ကန်ရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို လည်း မေလ ၃ ရက် မနက် ၂ နာရီလောက်က YRFနဲ့ ဒေသကာကွယ်ရေး မဟာမိတ်တပ်တွေ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တစ်ယောက်သေဆုံးပြီး တစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ အဆိုပါတိုက်ပွဲတွေနဲ့ ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်အနေနဲ့ ကျေးရွာတွေကို မီးရှို့တာမရှိဘဲ PDF ကသာ မီးရှို့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောပါတယ်။ DVB

အယောင်ဆောင် CDM လုပ်သည့် သူလျှို ၃ ဦး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ဟု ကာကွယ်ရေးဝန် ကြီး ဦးရည်မွန်ပြော

တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ERO များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF များထံ CDM ပြုလုပ်သူ အယောင် ဆောင်၍ သူလျှို လုပ်သည့် စစ်ကောင်စီဘက်တော်သား ၃ ဦးကို ဖော်ထုတ်နိုင်ပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း ကာကွယ်ရေးဝန်ကြီး ဦး ရည်မွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းသည့်အစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“CDM လုပ်တယ်ပဲ ပြောပြော ပြည်သူနဲ့ ပူးပေါင်းတယ်ပြောပြောပေါ့ဗျာ၊ ပြည်သူ့ဘက်တော်သားဖြစ်လာတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ ၁ ဦးချင်းစီကို ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အလုပ်အဖွဲ့ ၁ခုကနေ အင်တာဗျူးတာ ရှိပါတယ်။ အခုအချိန်ထိဆိုလို့ရှိရင် ဒလန်၊ သူလျှို သဘောမျိုးနဲ့ ဝင်လာတဲ့ ၃ ယောက်ကို ဖော်ထုတ်နိုင်တယ်။

အများစုကတော့ တကယ်စိတ်ရင်းအမှန်နဲ့ ပြည်သူနဲ့ ပူးပေါင်းလာသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ အခုလို ပြည်သူနဲ့ ပူးပေါင်းလာပြီးတဲ့အချိန်မှာလည်း အများစုက ပြည်သူ့တော်လှန်ရေးမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုပြီး ပြင်ဆင်နေတဲ့ ရဲဘော်တွေလည်း အ များကြီး ရှိပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

အဆိုပါ သူလျှို ၃ ဦးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

“မြန်မာနိုင်ငံ အနောက်ပိုင်းမှာ ၁ ယောက် ဖော်ထုတ်ရရှိပါတယ်၊ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ၂ ယောက် ဖော်ထုတ်ရရှိပါတယ်။ အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာတော့ အခုချိန်ထိ အဲဒီလိုမျိုး မရှိသေးဘူး။ လက်ရှိမှာတော့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကပဲ ယာယီအချုပ်ခန်း ဆောက်ပြီးတော့ ထိန်းသိမ်းထားပါတယ်” ဟု ဦးရည်မွန်က ရှင်းပြသည်။

လက်ရှိတွင် မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာပြီး CDM ပြုလုပ်လာသူ စစ်သား ၃,၀၀၀ ဝန်းကျင်နှင့် ရဲတပ်ဖွဲ့ဝင် ၇,၀၀၀ ဝန်းကျင်ရှိကြောင်း ပြည်သူ့ပန်းတိုင်အစီအစဉ်မှ CDM ဗိုလ်ကြီး ညီသုတက ပြောဆိုသည်။

ယင်းအပြင် CDM ပြုလုပ်ရန် စာရင်းသွင်းထားသူ ၃,၀၀၀ ဝန်းကျင်ရှိနေသလို CDM မပြုလုပ်သော်လည်း စစ်ကောင်စီမှ စွန့်ခွာပြီး သီးသန့်နေ ထိုင်နေသူ အမြောက်အများရှိကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့ထံမှ သိရှိရသည်။ khit thit

ထောင်ဒဏ် ၅ နှစ် ချမှတ်ခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွှေနှင့်ဒေါ်လာအမှု ရာဇဝတ်ပြင်ဆင်မှု လျောက်ထားခြင်း ပလပ်ခံရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ငါးနှစ်ချမှတ်ထားသည့် ရွှေနှင့် ဒေါ်လာအမှုစွဲချက်အမိန့် ပယ်ဖျက်နိုင်ရေး ရာဇဝတ်ပြင်ဆင်မှု လျှောက်ထားခြင်းကို ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ပလပ်လိုက်သည်။

အမှုကို လက်ခံကြားနာပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ယနေ့ နံနက်ပိုင်းက လျှောက်လဲ ချက်ပေးခဲ့ကြပြီး အမှုကိုပလပ်လိုက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Website တွင် ယနေ့ မေလ ၄ ရက် ညနေပိုင်းကဖော်ပြခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ နှင့် အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာကို လက်ခံခဲ့ကြောင်း သက်သေအခိုင်အမာမပြနိုင်ဘဲ စွပ်စွဲထားသည့် ထိုအမှုကို နေပြည်တော်အထူးတရားရုံးက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စွဲချက်တင် ကြောင်း အမိန့်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါစွဲချက်အမိန့်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က မတ်လအတွင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ပြင် ဆင်မှုတက်ထားစဉ်ကာလအတွင်း အထူးတရားရုံးက ဧပြီ ၂၇ ရက်နေ့တွင် ထောင်ဒဏ် ငါးနှစ်ကျခံစေရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရွှေနှင့် ဒေါ်လာအမှုအပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် အဂတိအမှု ငါးမှုကို ချေဖျက်နိုင်ရေး နှစ်ဖက်လျှောက် လဲချက် လက်ခံပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက် ထားချက်တစ်ခုမှာလည်း ပြီးခဲ့သည့် မတ်လအတွင်းကပင် ပယ်ချခံထားရသေးသည်။

ယခုတစ်ခေါက် စွဲချက်အမိန့်အပေါ် ပြင်ဆင်မှုတက်ခြင်းကို ပလပ်လိုက်သည့်အတွက် အပြီးသတ်အမိန့် အပေါ် အယူခံဆက်တက်မည်ဖြစ် ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှသိရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အား စွပ်စွဲအမိန့်ချထားသည့်အမှုများနှင့်ပတ်သက်၍ အယူခံတက်ထားခြင်းများကို မြို့နယ်ရုံး၊ ခရိုင်ရုံးများကပယ်ချနေသော်လည်း အယူခံအဆင့်ဆင့် ဆက်တက်မည်ဖြစ်ကြောင်း တရားရုံး နှင့် နီးစပ်သူတစ်ဦးက ပြောထားသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် အမှုပေါင်းခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရပြီး အဂတိအမှုများအပါအဝင် အမှုပေါင်း ၁၃ မှုဖြင့် ဆက်လက် တရားရင် ဆိုင်နေရသည်။ mizzima

စဉ့်ကူးမြို့တွင် စစ်တပ်ယာဉ်တန်း မိုင်းဆွဲ ခံရပြီး စစ်သား ၁၂ ဦးသေဆုံး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ် ထုံးကြီးရွာဘက်မှ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကား ၄ စီးပါယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ မေလ ၄ ရက်နေ့တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ဦးသေဆုံး ခဲ့ကြောင်း ဥဒေါင်းမင်း-The KING Peacock တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၄ စီးကို မတ္တရာ ပကဖ အဖွဲ့နှင့် စဉ့်ကူးမြို့နယ် မြေပြင်‌ ပြောက်ကျား မဟာမိတ် တပ်ပေါင်းစုအဖွဲမှ ယနေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်သား ၁၂ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာ ရရှိ သူများလည်း ရှိကြောင်း သိရသည်။khit thit

မတ္တရာမြို့နယ်တွင် PDF စခန်း စီးနင်းခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးရှိ  နဂါးညီနောင်အဖွဲ့ရဲ့ PDF စခန်းတခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မေလ ၄ ရက် မနက် ၇ နာရီကျော်လောက်မှာ  စီးနင်းတိုက်ခိုက်ခံရပါတယ်။

မတ္တရာမြို့နယ်မှာ နေထိုင်သူတဦးက “တိုက်ခံရတာ နဂါးညီနောင် အဖွဲ့ရဲ့ စခန်းလို့ သိရတယ်။ PDF တွေတော့ ဖမ်းဆီးခံရတာမရှိဘူး။ စခန်းအနီးနားက ပြည်သူတချို့တော့ ဖမ်းခံရတာရှိတယ်။” လို့ပြောပါတယ်။

နဂါးညီနောင်၊ MDY PDF၊ ဇာမဏီ၊ MPDF တို့ မဟာမိတ် ၄ ဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ယောက် သေဆုံးပြီး ၅ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ PDF အဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ပြီး ပြည်သူ ၅ ယောက်ကို  စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့လည်း PDF ဘက်က ဆိုပါတယ်။ DVB

ကြားဖြတ် တိုက်ခိုက်ခံရ၍ ဖလမ်းမြို့ ရမ်ထလိုကျေးရွာ နေအိမ်များကို စစ်ကောင်စီ တပ်များမီးရှို့ဖျက်ဆီး

ချင်းပြည်နယ် ဖလမ်းမြို့မှ ကလေးမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီတပ်များသည် ချင်းပြည်နယ် ဒေသခံကာကွယ်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများနှင့်ကြုံတွေ့ခဲ့ရ၍ လမ်းတလျောက်ရှိ ရွာများ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များထံက သိရသည်။

“ ကျွန်တော်တို့ လောလောဆယ်သိထားရတာကတော့ ဖလမ်းမြို့နယ်၊ ရမ်ထလို ကျေးရွာမှာရှိတဲ့နေအိမ် ခုနစ်လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဒုတ်ထစ်ရွာနဲ့ ရမ်ထလိုကျေးရွာကြားက အထိအခိုက်အကျအဆုံး မြေပြင်သတင်းကတော့ ကျွန်တော်တို့ဆီ တက်မလာသေးဘူး။ စစ်ကောင်စီတပ် က ကျွန်တော်တို့နဲ့ထိတွေ့မှုမဖြစ်ခင် ချွန်ကျုံးနဲ့ ဒုတ်ထစ်ရွာကြားမှာ CDF -ဟားခါးအဖွဲ့နဲ့အရင် ထိတွေ့မှု ဖြစ်ပွားခဲ့တယ်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၂၇ စီးသည် မေလ ၂ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့မှထွက်ခွာလာပြီး ဖလမ်းမြို့မှတဆင့် ကလေးမြို့သို့ထွက်ခွာလာခဲ့ရာ လမ်းခုလတ်တွင် ဒေသခံ ကာကွယ်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရခြင်းဖြစ် သည်။

စစ်ကောင်စီသည် အဆိုပါစစ်ယာဉ်တန်းနှင့်အတူ ဟားခါးမြို့တွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား ၁၅ ဦးကို ကလေးအကျဉ်းထောင်သို့ပို့ဆောင်ရန် ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း ဒုတ်ထစ်ကျေးရွာရှိ လူနေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လက် နက်ကြီးထိမှန်၍ နေအိမ်ငါးလုံး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ mizzima

တယ်လီနောဆင်းကတ်များ မှတ်ပုံပြန်တင်ခိုင်းနေသဖြင့် သုံးစွဲသူများစိုးရိမ်

စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီရဲ့ ရှယ်ယာအများစုကို ဝယ်ယူပြီးတဲ့နောက် တယ်လီနောမိုဘိုင်းဆက်သွယ်ရေး ဆင်းကတ်တွေကို ခေါ်ဆိုမှုပိတ်ခဲ့ပြီး ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တယ်လို့ တယ်လီနောဆင်းကတ်သုံးစွဲသူတွေက ပြောပါတယ်။

နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောဆက်သွယ်ရေး လုပ်ငန်းစုက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်လာတဲ့အတွက် ဆက်လက်လုပ်ကိုင်လိုမှုမရှိတော့တာကြောင့် သူ့ပိုင် တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းခွဲကို လက်ဘနွန် အခြေစိုက် M1 Group ထံ လွှဲပြောင်းရောင်းချခဲ့တာပါ။

ဒီ့နောက် M1 Group က စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီထံ တယ်လီနောမြန်မာ ဆက်သွယ်ရေး လုပ်ငန်းစုရဲ့  ရှယ်ယာ ၈၀ ရာခိုင်နှုန်းအား ပြန်လည်ရောင်းခဲ့ပါတယ်။

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော်ဟာ စစ်ကောင်စီနဲ့ပတ်သတ်မှုရှိတဲ့ လုပ်ငန်းတွေထဲက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးတာနဲ့ ကျောက်စိမ်းတူးဖော်ရေး စတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နေသူ တယောက်လည်း ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီနဲ့နီးစပ်တဲ့ လုပ်ငန်းစုက အခုလိုဝယ်ယူပြီးတဲ့နောက် ဆက်သွယ်ရေး ဆင်းကတ်တွေကို အသုံးမပြုနိုင်အောင် တမင်ရည် ရွယ်ပြီး ပိတ်ပင်ခဲ့ကာ ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တာ ဖြစ်နိုင်တယ်လို့ တယ်လီနောဆင်းကဒ် သုံးစွဲသူတွေ က ဆိုပါတယ်။

တယ်လီနောဆက်သွယ်ရေးဆင်းကတ် အသုံးပြုနေသူတဦးက “ပြီးခဲ့တဲ့ရက်ပိုင်းကလေ တယ်လီနောဆင်းကတ်က ဘာဖြစ်သွားလဲ မသိဘူး။ လုံးဝကို မရတော့တာ။ အဲ့ဒါနဲ့ မှတ်ပုံတင်လုပ်ပေးတဲ့ နေရာဆီ သွားပြီးတော့ ပြန်လုပ်ရတာပေါ့။ သူတို့က မေးတယ်။ ဘယ်ဆိုင်က ဝယ်တာလဲပေါ့။ ဆိုတော့ အန်တီက ဆိုင်ကဝယ်တာ မဟုတ်ဘူး။ အပြင်ကနေပဲ မှာပြီးတော့ ဝယ်လိုက်တာပေါ့နော်။ ဘယ်လောက် ဘယ်လောက် ကျတယ်။ သုံးနေတာလည်း ကြာပြီပေါ့။ အဲဒီဆင်းကတ်က ကိုယ့်အမည်နဲ့ မှတ်ပုံတင်ပြီးသား၊ အမည်ပေါက်လည်း ရှိပြီးသား။ ကိုယ်ကလည်း အမြဲတမ်း သုံးနေတဲ့ဟာလေ။ ဒီနံပါတ်ကိုပဲ ပြန်လုပ်ပေးပါလို့ ပြောလိုက်တာပေါ့နော်။ အဲ့လို ပြောလိုက်တော့ သူတို့ကလည်း ရပါတယ်တဲ့။ ပြီးတော့ မှတ်ပုံတင်လည်း ပြလိုက်တယ်ပေါ့နော်။ ဒီတော့ သူတို့ကလည်း ဆင်းကတ်အဟောင်းကို ယူထားလိုက်ပြီး နံပါတ်တူ ဆင်းကတ် အသစ် ပြန်ပေးပါတယ်။ အဲဒီအတွက် ငွေ သုံးထောင်ကျပ် ပေးရတယ်။ ချက်ချင်းတော့ သုံးလို့ မရဘူးပေါ့။ အချိန် နည်းနည်းတော့ စောင့်ရတယ်။ အခုတော့ ဆင်းကတ်က အဝင်ရော အထွက်ရော ပြန်သုံးလို့ ရနေပါပြီ”  လို့ ဒီဗွီဘီကို ပြောပါတယ်။

တယ်လီနောသုံးစွဲသူ  လူငယ်တဦးကလည်း “တယ်လီနောဆီက မက်ဆေ့ချ်တွေ ဝင်လာတယ်။ မှတ်ပုံတင်ထားတဲ့ ID မှားယွင်းနေတယ်ဆိုပြီး အသိပေးစာတွေ ဝင်လာတယ်။ ဆင်းကတ်ကို မှတ်ပုံပြန်တင်ပါပေါ့။ တကယ်လို့ မှတ်ပုံပြန်မတင်ရင် ခေါ်ဆိုမှုတွေ ပိတ်မယ်ဆိုပြီး ပို့လာတယ်။ အမှန်က ဆင်းကတ်က မှတ်ပုံတင်ပြီးသားပါ။ အမည်ပေါက်နဲ့ လုပ်ထားတာ။ ဒါကို ဘာကိစ္စနဲ့ မှားယွင်းနေတယ် ဆိုပြီး လာပို့နေတာလဲ မသိဘူး။ ကျနော်လည်း မလုပ်နိုင်လို့။ ဒီအတိုင်းထားလိုက်တယ်။ ပိတ်ချင်လည်း ပိတ်ဆိုပြီး မသုံးတော့ဘူး။ ဆင်းကတ်ထုတ်ထားလိုက်တယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်၊ မေလအတွင်းမှာ တယ်လီနောမြန်မာကုမ္ပဏီက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ တယ်လီနောဆင်းကတ်အသုံးပြုသူက ၁၈ သန်းကျော် ရှိတာကြောင့် တယ်လီနောဆင်းကတ် အသုံးပြုသူတွေ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေအတွက် စိုးရိမ်စရာရှိပါတယ်။

ဒါကြောင့်ပဲ Justice For Myanmar အဖွဲ့က တယ်လီနောအုပ်စုဟာ သူ့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တယ်လီကွန်းလုပ်ငန်းကို မြန်မာစစ်တပ်နဲ့ ဆက် နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတခုကို ရောင်းချဖို့ စီစဉ်နေပြီး ဒါဟာ တရားမဝင် လူသတ်စစ်ကောင်စီကို ကြွယ်ဝချမ်းသာစေမှာ ဖြစ်သလို သုံးစွဲနေတဲ့ မြန်မာပြည်သူ ၁၈ သန်းရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်ရာဇဝတ်ကောင်တွေ လက်အတွင်းကို ကျရောက်စေမယ့် အန္တ ရာယ် ရှိနေတယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

ဆင်းကတ်တွေကို အခုလို ပြန်မှတ်ပုံတင်စေတာဟာ ကုမ္ပဏီရဲ့ လုပ်ငန်းလုပ်ဆောင်မှုတွေနဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်တာသာဖြစ်ပြီး တယ်လီနောမြန်မာ ပိုင်ရှင်ပြောင်းလဲမှုနဲ့ မသက်ဆိုင်ဘူးလို့ တယ်လီနော မြန်မာက အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။ DVB

ကော့မှူး၊ ကျိုက်ထော်ကျေးရွာမှာ ရဲတပ်ကြပ် ထွန်းလင်း ဦးဆောင်တဲ့ လူအုပ်စုနဲ့ ဒလမြို့နယ် စစ်တပ်အကြား လူစုလူဝေးပုံစံဖြင့် စကားများ ပဋိပက္ခဖြစ်၊ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ရန် ကြိုးစားမှုကြောင့် ရဲတပ်ကြပ်ထွန်းလင်း ဒဏ် ရာအပြင်းအထန်ရ

ရန်ကုန်တိုင်း ဒလမြို့နယ်မှာ သင်္ကြန်ကာလ ရဲတွေနဲ့ ပစ်ခတ်မှုဖြစ်တဲ့အထိ စကားများ ရန်ဖြစ်ခဲ့တဲ့ ဒလအခြေစိုက် စစ်တပ်ဟာ မေလ ၃ ရက်နေ့မှာ ရဲတစ်ဦးဖြစ်တဲ့ ရဲတပ်ကြပ် ထွန်းလင်းကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ ပစ်ခတ်ခဲ့ရာမှာ ရဲတပ်ကြပ် ထွန်းလင်း ပြင်းပြင်းထန်ထန် ဒဏ် ရာရရှိသွားပါတယ်။

ရန်ကုန်တိုင်း ကြည့်မြည်တိုင်မြို့နယ်ရဲတပ်ဖွဲ့၊ စက်ဆန်းနယ်မြေ ရဲစခန်းမှ ရဲတပ်ကြပ် ထွန်းလင်း(လ-၁၆၆၆၈၄) ဟာ ဖခင်ဖြစ်သူ နာရေးနှစ် ပတ်လည်အတွက် မွေးရပ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာကို သွားရောက်ခဲ့ပါတယ်။

မေလ ၃ ရက်နေ့မှာတော့ ဒလမြို့နယ်မှ စစ်တပ်စစ်ကြောင်းတစ်ခုက ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာအဝင် မီးသတ်ရုံးမှာ ပိတ်ဆို့စစ် ဆေးမှုတွေ လုပ် ဆောင်ပြီး ဆိုင်ကယ်တွေကို ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီလိုစစ်တပ်က ဆိုင်ကယ်တွေကို ဖမ်းဆီးရာမှာ ရဲတပ်ကြပ် ထွန်းလင်းရဲ့ မိတ်ဆွေ ၂ ဦးရဲ့ ဆိုင်ကယ်ကို အပြစ်မရှိဘဲ ဖမ်းဆီး သိမ်းဆည်းခဲ့ပါတယ်။ ရဲတပ်ကြပ် ထွန်းလင်းက သူ့မိတ်ဆွေ ဆိုင်ကယ် ၂ စီးကို အပြစ်မရှိဘဲ ဖမ်းတဲ့အတွက် သွားရောက် ပြောဆိုရာမှာ စစ်သားတွေနဲ့ ရဲတပ် ကြပ် ထွန်းလင်း အပြန်အလှန် စကားများ ရန်ဖြစ်ကြပါတယ်။

အဲဒီအချိန်မှာ ကျေးရွာသားတချို့ ထွက်လာပြီး ရဲတပ်ကြပ်ထွန်းလင်းဘက်က စုဝေးလာပါတယ်။ စစ်တပ်ကို ရွာသားတချို့က ပြန်၀ိုင်းလိုက်ကြပါတယ်။ ရဲတပ်ကြပ်ထွန်းလင်းနဲ့ ရွာသားတချို့က တစ်ဖက်၊ စစ်တပ်က တစ်ဖက် ဖြစ်ကုန်ပါတယ်။

အဲဒီလို လူစုလူဝေးဖြစ်နေချိန်မှာ စစ်တပ်ဘက်က ရဲတပ်ကြပ်ထွန်းလင်းကို သတ်ဖြတ်ဖို့အတွက် သေနတ်နဲ့ လိုက်ပစ်ပါတော့တယ်။ လူစုခွဲစေဖို့လည်း စစ်တပ်က ပစ်ခတ်မှုတွေ လုပ်ဆောင်ပါတယ်။

နောက်ဆုံး ရဲတပ်ကြပ်ထွန်းလင်း ဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိသွားပါတယ်။ လူအုပ်က ရဲတပ်ကြပ်ထွန်းလင်းကို ရွာထဲ ပြန်ခေါ်သွားကြပြီး နောက် ဆုံးမှာ ကျိုက်ထော်နယ်မြေရဲစခန်းမှူး ရဲအုပ်စန်းမြင့်နိုင် ဦးတဲ့ ရဲအင်အား ၆ ဦးပါ အဖွဲ့ ရောက်ရှိလာပါတယ်။

ရဲတပ်ကြပ်ထွန်းလင်းကို ကျိုက်ထော်တိုက်နယ်ဆေးရုံ တင်ပို့ခဲ့ပြီး မေလ ၃ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်မှာ မသက်သာလို့ အမှတ် ၁ စစ် တပ်ဆေးရုံကြီး (ကုတင်-၁၀၀၀) ကို ရွှေကျိုက်ထော် လူမှုကူညီရေးလူနာတင်ကားနဲ့ ပို့ဆောင်ခဲ့ရပါတယ်။

ဒလမြို့နယ်မှာ ဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့မှာ စစ်တပ်နဲ့ ရဲ ရန်ဖြစ်ပြီး သေနတ်ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ နောက်ဆုံး ဒလမြို့နယ် သ င်္ကြန် မဏ္ဍပ်ကို ဖြုတ်သိမ်းလိုက်ရပါတယ်။

ဒလမှာရှိတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေအကြားမှာ ပစ်ခတ်မှုဖြစ်တဲ့အထိ ပြဿနာတက်ခဲ့တာမို့ ကျိုက်ထော်ကျေးရွာမှာ ရဲတပ်ကြပ်ထွန်းလင်းကို စစ်တပ်ဘက်က ပစ်သတ်ဖို့ ကြိုးစားခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။ khit thit

ချိပ်ပိတ်ခံထားရသည့် ၈၈ နိုင်ကျဉ်းဟောင်းနေအိမ်မှပစ္စည်များကို စစ်ကောင်စီအုပ်စုက ခိုးယူခဲ့ပြီး နေအိမ်ကိုရောင်းချရန် ပြင်ဆင်နေ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်တွင် ချိပ်ပိတ်ခံထားရသည့် ၈၈ နိုင်ကျဉ်းဟောင်းနေအိမ်မှ ပစ္စည်းများကို မေလ ၄ ရက်နေ့က စစ်ကောင်စီအုပ်စုများမှ ခိုးယူခဲ့ကြောင်းသိရသည်။

ခိုးယူခံရသည့်နေအိမ်ပိုင်ရှင်သည် ၈၈ နိုင်ကျဉ်းဟောင်း ဦးအောင်ကျော်မိုးဆိုသူ၏ နေအိမ်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် စစ်ကောင်စီမှ ချိပ်ပိတ်ခဲ့ခြင်းဖြစ်သည်။ ဦးအောင်ကျော်မိုးမှာ စစ်ကောင်စီ မှဖမ်းဝရမ်းထုတ်ခံရခြင်းကြောင့် မိသားစုများပါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“စစ်အုပ်စုအပေါင်းအပါတွေက အိမ်ကိုလာပြီး သော့ကိုရိုက်ဖျက်တယ်။ အိမ်ထဲက သူတို့လိုချင်တဲ့ပစ္စည်း တွေကို သယ်ထုတ်တယ်။ ပြီးတဲ့အခါမှာ အိမ်ရဲ့ အကျယ်အဝန်းပတ်ကို ပေကြိုးနဲ့တိုင်းတယ်။ ဒါ အိမ်ကို ရောင်းမယ့်ပုံစံပေါ့။ နောက်ပြီး ကျနော်က CSO ဆိုတော့ အိမ်မှာ ပရို ဂျက်တာတွေစက်တွေ၊ တီဗီတွေ အများကြီးရှိတယ်။ ကာလတန်ဖိုးဆိုရင် သိန်း ၅၀၀ လောက်ရှိတယ်ဗျ”ဟု နေအိမ်ချိပ်ပိတ်ခံ ထားရသည့် ဦးအောင်ကျော်မိုးက ပြောသည်။

ပြည်သူများ၏ နေအိမ်ကိုမတရားသိမ်းဆည်ခြင်း ချိပ်ပိတ်ခြင်း၊ မီးရှို့ခြင်းများအတွက် စစ်ကောင်စီမှ ပြန် လည်တာဝန်ယူရမည်ဖြစ်ပြီး အရပ် သားအစိုးရအာဏာပြန်ရသည့်အချိန်တွင် စစ်အုပ်စု၏ မတရားသိမ်းယူ ထားသည့်အရာများကို ပြန်လည်သိမ်းယူပြီး တိုင်းပြည်ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုရန် လုပ်ကိုလုပ်ရမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ နေအိမ်နှင့်အဆောက်အဦး ၅၀၀ ကျော်ကို ချိပ်ပိတ်သိမ်းဆည်းခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူမှ ၂၀၂၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ထားသည်။ mizzima

« Older Entries