ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌ မြစ်ကြီးနား အကျဉ်းထောင်မှ လွတ်မြောက်

ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးမြသိန်း သည် မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံက သိရသည်။
ဦးမြသိန်းသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေဖြင့် တရားစွဲဆိုခံခဲ့ရသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဟောင်း တစ်ဦးဖြစ်ပြီး လွတ်ရက်ပြည့်သောကြောင့် မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိရသလောက်ကတော့ မနက်ဖြန် ရွှေကူက အိမ်ကိုရောက်မယ်ပြောတယ်။ သူတို့ အစီအစဉ်နဲ့ ပြန်ပို့တာဆိုတော့ အပြင်လူမတွေ့ခိုင်းဘူး။ ကားတင်ပြီးမှ လွှတ်လိုက်တာပေါ့။ ထောင်ကျနေတာ တစ်နှစ်နဲ့ နှစ်လပြည့်ပြီ။ ဒီနေ့က ဥက္ကဋ္ဌကြီးရဲ့ လွတ်ရက်ဟုတ်တယ် ” ဟု ပါတီပြန်ကြား ရေးအဖွဲ့ဝင်က ပြောသည်။
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် တစ်နှစ်ချမှတ်ခံခဲ့ရပြီး လွတ်ရက်ပြည့်သောကြောင့် လွတ်မြောက်လာခြင်း ဖြစ်ကြောင်း မိသားစုဝင်များနှင့်နီးစပ်သည့် ပါတီပြန်ကြားရေးအဖွဲ့ဝင်များကဆိုသည်။
စစ်ကောင်စီသည် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဦးမြသိန်းကို ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်၊ ထောင်တွင်းတ ရားရုံးက ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဝန်ကြီး ခြောက်ဦးတို့သည် ဧပြီလ ၂၂ ရက်နေ့က အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ (၅၅)၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ (၂၅)နှင့် မတရားအသင်း ဆက်သွယ်မှုဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၇(၁) တို့ဖြင့် အသီး သီး အမိန့်ချမှတ်ခံခဲ့ရသည်။ mizzima