ကြားဖြတ် တိုက်ခိုက်ခံရ၍ ဖလမ်းမြို့ ရမ်ထလိုကျေးရွာ နေအိမ်များကို စစ်ကောင်စီ တပ်များမီးရှို့ဖျက်ဆီး

ချင်းပြည်နယ် ဖလမ်းမြို့မှ ကလေးမြို့သို့ထွက်ခွာလာသည့် စစ်ကောင်စီတပ်များသည် ချင်းပြည်နယ် ဒေသခံကာကွယ်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုများနှင့်ကြုံတွေ့ခဲ့ရ၍ လမ်းတလျောက်ရှိ ရွာများ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များထံက သိရသည်။
“ ကျွန်တော်တို့ လောလောဆယ်သိထားရတာကတော့ ဖလမ်းမြို့နယ်၊ ရမ်ထလို ကျေးရွာမှာရှိတဲ့နေအိမ် ခုနစ်လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဒုတ်ထစ်ရွာနဲ့ ရမ်ထလိုကျေးရွာကြားက အထိအခိုက်အကျအဆုံး မြေပြင်သတင်းကတော့ ကျွန်တော်တို့ဆီ တက်မလာသေးဘူး။ စစ်ကောင်စီတပ် က ကျွန်တော်တို့နဲ့ထိတွေ့မှုမဖြစ်ခင် ချွန်ကျုံးနဲ့ ဒုတ်ထစ်ရွာကြားမှာ CDF -ဟားခါးအဖွဲ့နဲ့အရင် ထိတွေ့မှု ဖြစ်ပွားခဲ့တယ်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီ၏ တင့်ကားနှစ်စီးအပါအဝင် စစ်ကား ၂၇ စီးသည် မေလ ၂ ရက်နေ့တွင် ချင်းပြည်နယ် ဟားခါးမြို့မှထွက်ခွာလာပြီး ဖလမ်းမြို့မှတဆင့် ကလေးမြို့သို့ထွက်ခွာလာခဲ့ရာ လမ်းခုလတ်တွင် ဒေသခံ ကာကွယ်ရေးတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရခြင်းဖြစ် သည်။
စစ်ကောင်စီသည် အဆိုပါစစ်ယာဉ်တန်းနှင့်အတူ ဟားခါးမြို့တွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား ၁၅ ဦးကို ကလေးအကျဉ်းထောင်သို့ပို့ဆောင်ရန် ခေါ်ဆောင်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် မေလ ၂ ရက်နေ့ကလည်း ဒုတ်ထစ်ကျေးရွာရှိ လူနေအိမ် ၁၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လက် နက်ကြီးထိမှန်၍ နေအိမ်ငါးလုံး ပျက်စီးခဲ့ကြောင်းလည်း သိရသည်။ mizzima