ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုခန်းကို စစ်ကောင်စီတပ်များဝင်ရောက်စီးနင်း လူငယ် ၃ ဦးကို ပစ်ခတ်သတ်ဖြတ်

စစ်ကောင်စီတပ်များသည် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက် အတွင်းရှိ တည်းခိုခန်း တစ်ခုကို မေလ ၃ ရက်နေ့ နေ့ လယ်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ပြီး တည်းခိုနေသည့်လူငယ်သုံးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့သစ် ကန်သာယာရပ်ကွက် ၅၈ လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားရှိ တည်းခိုခန်းတစ်ခုတွင်၊ ဒဏ်ရာရ PDF လူငယ်တစ်စုတည်းခိုနေ ကြောင်း ဒလန်၏သတင်းပေးမှုကြောင့် စစ်ကောင်စီတပ် က အင်အားသုံး၍ ဝင်ရောက်စီးနင်းပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အဲဒီတည်းခိုခန်းမှာ ဒဏ်ရာရထားတဲ့ PDF တွေတည်းနေတယ်ဆိုပြီး ဒလန်က သတင်းပေးတယ်။ အဲ့ဒါကိုစစ်တပ်ကဝင်ဖမ်းတာ။ သုံးယောက်ကိုအသေပစ်ဖမ်းပြီး ကောင်လေးတစ်ယောက်ကိုတော့ ဆွဲခေါ်သွားတယ်လို့ သိရတယ်” ဟု မန္တလေးမြို့သစ်တွင်နေထိုင်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။
စစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးအား ရိုက်နှက်ဖမ်း ဆီး၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်သို့ခေါ်ဆောင်သွားကြောင်းလည်းသိရသည်။
“အလောင်းတွေကိုတော့ လမ်းပေါ်မှာပဲစွန့်ပစ်ထားခဲ့လို့ ပရဟိတအသင်းတွေ ကကူညီပေးနေ တာတွေ့ခဲ့ရတယ်” ဟု မျက်မြင်တစ်ဦးကပြော သည်။
နောက်ဆုံးရရှိသည့်သတင်းများအရ ပစ်သတ်ခံရသည့် လူငယ်များမှာ စုစုပေါင်းငါးဦး ဖြစ်သည်ဟု သိရှိရပြီး PDF ဟုတ် ၊ မဟုတ်ကိုမူ မဇ္ဈိမက အတည်ပြုနိုင်ခြင်းမရှိသေးပေ။ mizzima