ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာ အနီး၌ စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ၈ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာ အနီး၌ စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီးများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရှစ်ဦး သေဆုံးပြီး ဦးရေ ၂၀ ဝန်းကျင် ဒဏ်ရာ ရသွားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – CHUPDF တပ်ခွဲ (၁) က ယနေ့ မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီ တပ်များ ကျီကုန်းရွာရှိ ထော်လာဂျီနှင့် ဆန်အိတ်များကို အဓမ္မ ယူဆောင်ကာ ကင်မွန်းတော်ရွာသို့ ပြန်လာသည့် မေလ ၁ ရက် နေ့လယ်ပိုင်းတွင် မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ သတင်း အတိအကျ ရရန် စုံစမ်းနေခြင်းနှင့် အင်တာနက် အခက်အခဲကြောင့် ယနေ့မှ တရားဝင် ထုတ်ပြန်ခြင်း ဖြစ်သည်။
“ကင်မွန်းတော်ရွာ ကနေ နေ့လယ်လောက် ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်သားတွေ အင်အား ၂၅ ယောက် လောက်က ကျီးကုန်းကို တစ်ခေါက် ပြန်သွားပြီး ဆန်တွေ သွားယူတာ။ သူတို့ ပြန်လာတဲ့ ၂၅ ယောက်ကို ရွာထဲ ကျန်နေတဲ့ နောက်ထပ် ၂၅ ယောက်လောက်က ထွက်ကြိုတာ။ အပြန်လမ်းမှာ လုပ်ခံရမှာ ကြောက်လို့ လမ်းကြော ထောက်ပေးတဲ့သဘော။ အဲ့ဒီ ကြိုတဲ့အဖွဲ့နဲ့ ပြန်လာတဲ့ အဖွဲ့ ဆုံတော့ ၅၀ လောက် ဖြစ်သွားတယ်။ အဲ့ဒီမှာ ကျွန်တော်တို့နဲ့ ထိတွေ့မှုဖြစ်တာ” ဟု CHUPDF အဖွဲ့ဝင်က ပြောသည်။
စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်သည် ချောင်းဦးနယ်အတွင်း စစ်ကြောင်းထိုးကာ ကျီကုန်းရွာ၌ ဧပြီ ၂၉ ရက်မှစ၍ မေလ ၁ ရက် နံနက်ပိုင်း အထိ တပ်စွဲပြီးနောက် ကင်မွန်းတော်ရွာ (ပျူစောထီးရွာ) သို့ ထွက်ခွာသွားသည်။
ထိုသို့ ရွာထဲ တပ်စွဲနေစဥ်တွင်လည်း ထွက်မပြေးလိုက်နိုင်ဘဲ ပိတ်မိ၍ ကျန်ရစ်နေသည့် ရွာသားများကို ဓားစားခံအဖြစ် ဖမ်းဆီးထားပြီး ဒေသ ခံ ကာကွယ်ရေးတပ်များ လာရောက် တိုက်ခိုက်ပါက ရွာသားများကို မီးရှို့သတ်ဖြတ်၍ ရွာကိုလည်း မီးရှို့မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း CHU PDF အဖွဲ့ဝင်ထံက သိရသည်။
မေလ ၁ ရက် နံနက်ပိုင်း ၎င်းတို့ ပြန်လည် ထွက်ခွာပြီး နေ့လယ်ပိုင်းတွင် ပျူစောထီးများနှင့် အတူ ရိက္ခာ အတွက် ကျီကုန်းရွာသို့ ထပ်မံ ဝင်ရောက်၍ ဆန်အိတ် ၃၀ ခန့် လာရောက် လုယူခြင်း ဖြစ်သည်။
ကျီကုန်းရွာနှင့် ကင်မွန်းတော်ရွာမှာ တောလမ်းအတိုင်း သုံးလေးမိုင်ခန့် ကွာဝေးသည်။
“မိုင်းကတော့ ဒေသန္တရ လက်လုပ်မိုင်းပါပဲ။ ပြင်းအား ပိုကောင်းအောင် စဥ်းစားပြီး လုပ်ထားတဲ့ မိုင်းတွေ သုံးလုံး သုံးခဲ့တယ်။ ကင်မွန်းတော်ရွာ မရောက်ခင် သစ်ပင် အရိပ်ကောင်းတဲ့ တောလမ်း တစ်နေရာမှာ နားနေကြတာ။ ကျွန်တော်တို့က သူတို့ နားနိုင်တဲ့ နေရာကို ခန့်မှန်းပြီး ထောင် ထား တာ။ သူတို့က အဲ့ဒီနေရာ တည့်တည့်ကို နားနေကြတာ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ သုံးလုံးစလုံး တစ်ပြိုင်တည်း ခွဲလိုက်တာဗျ”ဟု ၎င်းကဆိုသည်။
ယင်းမိုင်းဆွဲမှုတွင် စစ်ကောင်စီတပ်သား ငါးဦးနှင့် ပျူစောထီး သုံးဦး စုစုပေါင်း ရှစ်ဦး သေဆုံးပြီး အယောက် ၂၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရကြောင်းကို ယုံကြည်ရသည့် သတင်းပေးထံက ကြားသိ အတည်ပြု ကြောင်း ၎င်းက ပြောပြသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်တွင်လည်း ကင်မွန်းတော်ရွာမှ ထွက်ခွာလာသည့် ပျူစောထီး အင်အား ၂၀ ခန့် ကို CHUPDF တပ်ခွဲ (၂) က မိုင်းဆွဲတို က်ခိုက်ခဲ့သဖြင့် ပျူစောထီး လေးဦး သေဆုံးခဲ့သည်။ mizzima