နာရေးလုပ်နေချိန် စစ်တပ်၏ ပစ်သတ်ခံခဲ့ရသူအပါအဝင် ကျဆုံးသူ ၁၈၀၆ ဦးထိ မြင့်တက်လာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၀၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၅၆၅ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၃ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၅၁၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၁,၀၃၉ ယောက်ကတော့ ထောင် ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၆၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၇ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအ ဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၀၆ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်မှာ နေထိုင်တဲ့ အရပ်သား ဦးထင်ကျော်ကို နတ်မောက်ရဲစခန်းက ရဲအင်အားအ လုံးအရင်းနဲ့ ဧပြီ ၂၉ ရက်ည ၁၁ နာရီဝန်းကျင်လောက်က ဖမ်းဆီးသွားခဲ့ပြီး နောက်တနေ့မနက်မှာ ဦးထင်ကျော် သေဆုံးသွားကြောင်းကို မိ သားစုဆီ အကြောင်းကြားခဲ့ကြောင်း သိရှိရပါတယ်။
ဒါ့အပြင် ဧပြီ ၂၈ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဇလပ်ကုန်းကျေးရွာ သုသာန်မှာ နာရေးပြုလုပ်နေချိန် စစ်သား ၅၀ လောက် ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတယောက်ဖြစ်တဲ့ ကိုနေစိုးသူဟာ ဆီးခုံစပ်၊ ပေါင်နဲ့ ခြေထောက်တို့မှာ ဒဏ်ရာရရှိကာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ ကိုနေစိုးသူရဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ကိုသိန်းတန်က စစ်သားတွေ နာရေးကို လာရောက်ပစ်ခတ်ခဲ့တာဟာ သူ့ကို ဖမ်းဆီးချင်တာကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB