ပေါက် ချက်ကန်ရွာကို စစ်တပ်က ဝင်စီး မီးရှို့နေ ရွာလုံးကျွတ် ထွက်ပြေးနေရ၊ ကနီ ဝင်မနားရွာ ကိုလည်း စစ်တပ်နှင့်ရဲက မီးရှို့ဖျက်ဆီး

မကွေးတိုင်း ပေါက်မြို့နယ် ချက်ကန်ရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက ယနေ့ မေလ ၄ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ချက်ကန်ရွာကို ဒီးဒုတ်ကွင်းရွာမှ ပျူစာထီး ၃၀နှင့် စစ်သား ၇၀ခန့်က ယနေ့ မွန်းလွဲ ၁၂နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ကာ မွန်းလွဲ ၁နာရီခန့်တွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်မနားရွာကို ဝင်မနားရဲစခန်းမှ အကြမ်းဖက် စစ်တပ်နှင့် ရဲများက ယနေ့ မေလ ၄ရက်နေ့ နံနက် ၆နာရီခန့်တွင် မီးရှို့ဖျက်ဆီးနေကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။
အဆိုပါအကြမ်းဖက် စစ်တပ်နှင့် ရဲများသည် ယနေ့ နံနက်ပိုင်းတွင် သေနတ်များ ပစ်ဖောက်ခဲ့ပြီးနောက် ရွာထဲသို့ ဝင်ရောက်လာကာ ပြည်သူ ပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဝင်မနားရဲစခန်းမှ ရဲများလည်း စစ်တပ်နှင့် အတူ မီးရှို့ ဖျက်ဆီးရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်း မီးရှို့ခံရသော နေအိမ် အရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှုများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ khit thit