မတ္တရာမြို့နယ်တွင် PDF စခန်း စီးနင်းခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာအနီးရှိ နဂါးညီနောင်အဖွဲ့ရဲ့ PDF စခန်းတခုကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ မေလ ၄ ရက် မနက် ၇ နာရီကျော်လောက်မှာ စီးနင်းတိုက်ခိုက်ခံရပါတယ်။
မတ္တရာမြို့နယ်မှာ နေထိုင်သူတဦးက “တိုက်ခံရတာ နဂါးညီနောင် အဖွဲ့ရဲ့ စခန်းလို့ သိရတယ်။ PDF တွေတော့ ဖမ်းဆီးခံရတာမရှိဘူး။ စခန်းအနီးနားက ပြည်သူတချို့တော့ ဖမ်းခံရတာရှိတယ်။” လို့ပြောပါတယ်။
နဂါးညီနောင်၊ MDY PDF၊ ဇာမဏီ၊ MPDF တို့ မဟာမိတ် ၄ ဖွဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က ၁၁ ယောက် သေဆုံးပြီး ၅ ယောက်ထိခိုက်ဒဏ်ရာရတယ်လို့ PDF အဖွဲ့တွေဘက်က ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ပြီး ပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့လည်း PDF ဘက်က ဆိုပါတယ်။ DVB