CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းကိုမတွေ့၍ အသက်လေးနှစ်ကိုးလအရွယ် က လေးငယ်နှင့် မိသားစုဝင် ၉ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ကျောက်ဆည်မြို့နယ်တွင် CDM ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းကို လာရောက် ဖမ်းဆီးရာတွင် မတွေ့ရှိ၍ အသက်လေးနှစ်ကိုးလအရွယ် ကလေးငယ် နှင့် မိသားစုဝင် ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်သည့် လွန်ခဲ့သည့် ဧပြီ ၃၀ ရက်နေ့က မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာတွင် နေထိုင်သည့် CDM ပြုလုပ်ထားသူ ဦးဝေလွင်ဦးကို ဝင်ရောက်ဖမ်းဆီးရာ မတွေ့ရှိခြင်းကြောင့် မိသားစုဝင်များကို ဖမ်းဆီး သွားခဲ့ခြင်း ဖြစ်သည်။
“ဦးဝေလွင်ဦးကို စစ်ကောင်စီတပ်က ဝရမ်းထုတ်ထားလို့ ထွက်ပြေးတိမ်းရှောင်နေရတာ ကြာပြီ။ သူက CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်း။ အရင်ကတည်းက သူ့ကို ဖမ်းဆီးဖို့ လာရှာနေတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ပိုင် ဆင်မင်းဘိလပ်မြေစက်ရုံက ငွေလုတဲ့ ကိစ္စမှာ သူပါပါတယ် ဆိုပြီး အခုတစ်ခေါက်ထပ်လာရှာတာ။ သူ့ကို မတွေ့တော့ ဦးဝေလွင်ဦးရဲ့ လေးနှစ်ကိုးလအရွယ် သမီးလေးနဲ့ တစ်မိသားစုလုံးကို ဖမ်းသွားတာ။ ဦးဝေလွင်ဦးနဲ့ အဆက်အသွယ်ရှိ ၊ မရှိ စစ်မေးမယ်ထင်ပါတယ်” ဟု ဒေသခံ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့က ကျောက်ဆည်မြို့နယ် မြို့ရှောင်လမ်းပေါ်ရှိ တိုးဂိတ်အနီးတွင် စစ်ကောင်စီပိုင် ဆင်မင်းဘိလပ်မြေစက်ရုံဝန်ထမ်းများအတွက် လစာငွေကျပ်သိန်း ၁,၅၀၀ ထုတ်ယူလာသည့် ကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက သေနတ်ပြခြိမ်းခြောက်ကာ ပိုက်ဆံနှင့်ကားကို ယူဆောင်သွားကြောင်း စစ်ကောင်စီတပ်က ထုတ်ပြန်ထားသည်။
အဆိုပါဖြစ်စဉ်တွင် ကိုဝေလွင်ဦး ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီတပ်သည် ဧပြီလ ၃၀ ရက်နေ့က ကျောက်ဆည် အင်ဒိုင်းရွာရှိ ၎င်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီး မတွေ့ရှိခြင်းကြောင့် ကိုဝေလွင်ဦး၏ ဇနီးဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
စစ်ကောင်စီတပ်များသည် မေလ ၁ ရက်နေ့ နံနက် ၃ နာရီအချိန်တွင် ကိုဝေလွင်ဦး၏ နေအိမ်သို့ လာရောက်၍ မိသားစုဝင် ခုနှစ်ဦး ကို ထပ်မံ ဖမ်းဆီးခဲ့သည်။
ထို့နောက် မေလ ၃ ရက်နေ့ နေ့လယ် ၁ နာရီတွင် အသက် လေးနှစ်ကိုးလအရွယ်ရှိ ကိုဝေလွင်ဦး၏ သမီးဖြစ်သူကိုပါ စစ်ကောင်စီတပ်များက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ ဖက်ဆစ်ဆန်လွန်းတယ်။ ကလေးအသက်က လေးနှစ်ကိုးလ မူကြိုတက်နေတာပါ။ စကားတတ်ပြီး တော်တော်လေး ချစ်စရာကောင်းတယ်။ ကလေးက မျက်နှာစိမ်းကိုတော့ ကြောက်တတ်တယ်။ အခုအချိန်ဆို တအားကိုငိုနေမှာ” ဟု ကိုဝေလွင်ဦး၏မိသားစုနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ကိုဝေလွင်ဦး၏မိသားစု အခြေအနေနှင့် ပတ်သက်၍ လုံး၀ အဆက်အသွယ် မရရှိသည့် အတွက် စိုးရိမ်ပူပန် လျက်ရှိနေကြောင်း မိသားစုနှင့်နီးစပ်သူများထံက သိရသည်။mizzima