Monthly Archives: May 2022

ကန်ဒေါ်လာ ၁၀ သန်းဖြင့်ရောင်းချမည့် စစ်ခေါင်းဆောင်၏နေအိမ် ဝယ်ယူလိုသူများပြား

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နေအိမ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ တန်ဖိုးဖြတ်ပြီး ရှယ်ယာတစုကို ဒေါ်လာ ၁၀၀ နဲ့ရောင်းမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာပါတယ်။

မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက် ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိတယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ဆိုပါတယ်။

အခု ရောင်းချတဲ့အခါ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ တသိန်းတိတိနဲ့ ရောင်းချသွားမှာဖြစ်ပြီး ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ဘ ဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က မေလ ၅ ရက် နေ့စွဲနဲ့ လက်မှတ်ရေးထိုးထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်း တခုကို မကြားသေးခင်က ပြုလုပ်ခဲ့ပါတယ်။

စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ ၁၈၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းကငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက်ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄  ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပါတယ်။

မကြာခင်မှာတော့ ကမ္ဘာတဝန်း ဆက်သွယ်ဝယ်ယူရရှိနိုင်မယ့် ကိုယ်စားလှယ်အမည်စာရင်းနဲ့ စတင်ရောင်းချမယ့် အချိန်ကို သီးခြားထုတ်ပြန်ပေးသွားမှာဖြစ်ပြီး မိမိတို့နဲ့ အဆင်ပြေနီးစပ်တဲ့ နိုင်ငံတကာကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ကာ ဝယ်ယူရရှိနိုင်မယ်လို့ ဆိုပါတယ်။ DVB

မတူပီမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့မှ ၁၂ ဦးသေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှ မင်းတပ် – ကျောက်ထုဘက်သို့ ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်ရဲဘော်များမှ မေလ ၄ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အကြမ်းဖက်စစ်တပ်နှင့် CDF-Mindat တို့ ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် ဝန်းကျင်မှစ၍ နှစ်နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု CDF-Mindat မှ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် CDF-Mindat တပ်ရင်းမှူး ဦးဆောင်သောအဖွဲ့တစ်ဖွဲ့မှ ပြောက်ကျားစနစ်ဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ မှ ခုနစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟုလည်း မေလ ၅ ရက် နံနက်ပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ တိုက်ပွဲကတော့ ပိုပြီးပြင်းထန်လာဦးမှာဆိုတော့ ဆုလည်းတောင်းပေးရင်း ကျည်ဖိုးလက်နက်ဖိုးကိုလည်း ကူကြ ပါဦးလို့ ပြောချင်ပါတယ်။ ရာသီဥတုကလည်း တအားဆိုးတာ။ မိုးရောလေပါ အရမ်းပြင်းတယ်။ ဒီကြားထဲကပဲ ကျွန်တော်တို့ရဲဘော်တွေက ဆိုးဝါးလှတဲ့ရာသီဥတုကို အံတုပြီး အပြင်းအထန် တိုက်ပွဲဝင်နေကြရတာပါ။ နောက်ပြီး မင်းတပ်က ဒီတော်လှန်ရေးမှာ တနိုင်ငံလုံးစံပြအဖြစ်နဲ့လုပ်ခဲ့ပေမယ့် အကူညီက နိုင်ငံခြားရောက်တဲ့ မင်းတပ် ပြည်သူတွေဆီကပဲရတာဆိုတော့ ထောက်ပံ့မှုအရမ်းအားနည်းနေတဲ့အတွက် ထောက်ပံ့ဖို့မမေ့ကြပါနဲ့ လို့ပြောချင် ပါတယ်ဗျ” ဟု CDF Mindat မှ ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့တိုက်ပွဲအပြီး CDF-Mindat ရဲဘော်များ လုံခြုံဘေးကင်းစွာပြန်လည်ဆုတ်ခွာ နိုင်ခဲ့သော်လည်း အပြန်လမ်း ၌ မိုင်းမတော်တဆမှုကြောင့် ညနေ ၆ နာရီ ၂၅ မိနစ် အချိန်တွင် ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် မင်းတပ်-မတူပီလမ်း မိုင်တိုင် ၇၁ ဝန်းကျင်၌ အစီး ၇၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်း ကို CDF မင်းတပ်မှ အနီးကပ်ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေး ဦးသေဆုံးပြီး သုံးဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း CDF မင်းတပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်ကို မေလ ၁ ရက်နေ့တွင် တစ်ကြိမ်၊ မေလ ၂ ရက်နေ့တွင် တစ်ကြိမ်၊ မေလ ၄ ရက်နေ့တွင် တစ်ကြိမ် CDF မင်းတပ်မှ ယခုလဆန်းပိုင်း၌ပင် စုစုပေါင်း ၃ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ CDF မင်းတပ်၏ ချုံခိုတိုက် ခိုက်မှု၊ မိုင်းခွဲတိုက်ခိုက်မှု၊ အနီးကပ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ အတုံးအရုံးသေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာများနှင့် ရင်ဆိုင်နေရကြောင်း၊ မင်းတပ်-မတူပီလမ်းသည် စစ်ကောင်စီတပ်များအတွက် သေမင်းတမန် လမ်းဖြစ်စေရမည်ဟု CDF မင်းတပ်မှ ရဲဘော်များက ဆိုသည်။ mizzima

DKBA ဗိုလ်စလုံးအဖွဲ့ကို KNDO ဂုဏ်ပြုကြိုဆို

ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ထံ ပူးပေါင်းဝင်ရောက်လာတဲ့ ဗိုလ်စလုံး ဦးဆောင်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေကို မေ ၅ ရက် ဒီမနက်ပိုင်းက  ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ပါတယ်။

ဗိုလ်စလုံးဦးဆောင်တဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) ရဲ့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကြိုဆိုဂုဏ်ပြုခဲ့တာပါ။

“အခုတော်လှန်ရေးလုပ်တာ အဓိက သုံးခုလုပ်ရမယ်။ နံပါတ် ၁ အချက် ညီညွှတ်မှုလုပ်ရမယ်။ နံပါတ် ၂ အချက် သတ္တိရှိရမယ်။ နံပါတ် ၃ ကျနော်တို့ နိုင်ငံရေးရည်မှန်းချက် ရှင်းလင်းရမယ်။ ဒီနိုင်ငံရေး ရည်မှန်းချက် မရှင်းရင် ခရီးသွားလို့မရဘူး။ တော်လှန်ရေးလုပ်တာ သတ္တိရှိရမယ်၊ ညီညွှတ်မှု ရှိရမယ်။ ညီညွတ်မှုနဲ့ သတ္တိမရှိရင် ဘယ်တော့မှ အောင်မြင်မှုမရှိဘူး။ အဲဒါကိုမှတ်ထား၊ ကျနော်တို့ အောင်မြင်ရမယ်။ မအောင်မြင်လို့ရှိရင် ကျနော်တို့အားလုံ ကျွန်ဖြစ်သွားမယ်” လို့ ဗိုလ်မှူ:ချုပ်နယ်ဒါးမြက ဂုဏ်ပြုပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် သူက ဗိုလ်စလုံးနဲ့ အဖွဲ့ကို ကျေးဇူးတင်ကြောင်းနဲ့ ဒါဟာ သမိုင်းတရပ်ကို ဖော်ဆောင်နေတာဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် နယ်ဒါးမြက  ပြောပါတယ်။ 

“ဗိုလ်စလုံးနဲ့အဖွဲ့ကို အထူး ကျေးဇူးတင်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ သမိုင်းတရပ်ကို ဖော်ဆောင်နေတာဖြစ်တယ်။ ဒီနေ့ကနေစပြီး နောင်လာမယ့်သားသမီးတွေ ဒီနေ့ဖြစ်ပွားခဲ့တဲ့ သမိုင်းကို မှတ်သားလေ့လာရမယ်။ ဒီသမိုင်းဟာ ဒီနေ့ကစပြီး အဆုံးတိုင်အောင် တည်ကြည်နေမှာဖြစ်ပါတယ်။ ”

ပြည်သူလူထု ဒုက္ခရောက်နေချိန် ပြည်သူလူထုအတွက် တိုက်ပွဲဝင်နိုင်ဖို့ အခုလို ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) နဲ့ ပူးပေါင်းရတာလို့ ဗိုလ်မှူးစလုံးက ပြောပါတယ်။

“ပြည်သူက ကျွေးတာစားပြီး ပြည်သူထောက်ပံ့ပေးတာတွေနဲ့ ရပ်တည်နေတာဖြစ်လို့ မိဘပြည်သူတွေဒုက္ခရောက်နေချိန် ကျနော့်တာဝန်ကတော့ မိဘပြည်သူတွေ စိတ်ချမ်းသာဖို့အတွက် ပြန်ကာကွယ်ပေးရမယ်။ ကျနော်အကောင်းဆုံးနဲ့ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားမယ်။”

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကနေ ဗိုလ်စလုံး ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၂၀၀ ကျော်ဟာ ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ဦးစီးတဲ့ ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNDO) အဖွဲ့နဲ့ ပူးပေါင်းလိုက်တာပါ။

လက်ရှိမှာ KNDO က အသစ်ဖွဲ့စည်းမယ့် ကွန်မန်ဒိုအထူးတပ်ရင်းမှာ တပ်ရင်းမှူးရာထူးနဲ့ တာဝန်အား ဗိုလ်စလုံးကို ပေးအပ်သွားမယ်လို့ ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ပြောပါတယ်။

ဒီကနေ့အထိ လေးကေ့ကော်ဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း DKBA တပ်မတော်အနေနဲ့ မပါဝင်ခဲ့ပေမဲ့ DKBA စစ်ကြောင်းမှူး ဗိုလ်စလုံးဟာ စခန်းမှာရောက်ရှိနေတဲ့ PDF တွေနဲ့အတူ နယ်မြေခံ KNDO၊ KNLA တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေကို နယ်မြေခံ KNDO၊ KNLA တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့အတွက် ဇန်နဝါရီ ၁၂ ရက်က စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဗိုလ်စလုံးရဲ့ ဖလူးလေးတပ်စခန်းကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့သလို လေကြောင်းကနေပါ အပြင်းအထန် တိုက်ခိုက်ခဲ့တဲ့အတွက် တပ်ဖွဲ့ဝင်တချို့ ကျဆုံးခဲ့သလို စခန်းကနေ ဆုတ်ခွာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းက ကေအန်ယူနဲ့ ပူးပေါင်းကာ မြဝတီမြို့နယ် မော်ခီးစခန်းကို တိုက်ခိုက်ရာမှာ ပါဝင်တဲ့ ဒီကေဘီအေက တပ်မှူး ၃ ယောက် ကို ဒီကေဘီအေ ဌာနချုပ်က ထုတ်ပယ်ခဲ့ပါတယ်။ DVB

စစ်ကောင်စီ၏ ဒု-တပ်ချုပ် ထားဝယ်တွင်လေ ယာဉ်ပျက်ကျသည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်

စစ်ကောင်စီ၏ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ထားဝယ်တွင် လေယာဉ် ပျက်ကျဆိုသည့် သတင်းအမှားကို လူမှုကွန်ရက်အသုံးပြုသူများကြား ပျံ့နှံ့မှုရှိသည်ကို တွေ့ရှိရသည်။ ထိုရေးသား မှုမှာ သတင်းအမှားသာ ဖြစ် သည်။

အဆိုပါသတင်းကို ယမန်နေ့ မေလ ၄ ရက်နေ့ညပိုင်းမှစတင်၍ Facebook တွင် “ စိုးဝင်းလေယာဉ် ထားဝယ်မှာ ပျက်ကျတယ်လို့ ကြားတယ်… လမ်းတွေအကုန်ပိတ်ထားလို့… ဒေသခံတွေ အကုန်ဒုက္ခရောက်ကုန်ကြပြီတဲ့” ဟု ရေးသားထားပြီး Facebook Group များတွင် ပျံ့နှံ့လျက်ရှိသည်။ Share အများဆုံး ၁၁၃ ဦးရှိသည့် post ကိုတွေ့ရပြီး ထပ်မံကူးယူဖြန့်ဝေသူများ အများအပြားရှိသည်။

မဇ္ဈိမအနေဖြင့် ထားဝယ်ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် “ လေယာဉ်ပျက်ကျတဲ့သတင်းက မဟုတ်ပါ ဘူး။ မနေ့က နေ့လည်ဘက်လောက်မှာ ရောက်တယ်။ သူရောက်လာတဲ့ ခဏတော့ လမ်းတွေပိတ်ထားတယ်။ သူလာတဲ့လမ်းကြောင်းကိုပိတ်တာ ခဏပါပဲ။ ညအိပ်မနေဘဲ ခဏအကြာမှာပြန်သွားပါပြီ၊ ဒီနေ့တော့ မြို့ထဲက လမ်းတွေ အရင်ရက်တွေကလို ပြန်သွားနေပါပြီ” ဟု ပြန်လည်ဖြေကြားသည်။

အခြား ထားဝယ်ဒေသခံတစ်ဦးကို မေးမြန်းရာတွင်လည်း “လေယာဉ်ပျက်ကျတဲ့သတင်းကိုမကြားရဘူး။ လေယာဉ် နဲ့ ခေါက်တုံ့ခေါက်ပြန် သွားနေတာပဲ ကြားရတယ်။ ကော့သောင်းကနေ မြိတ်သွားလိုက်၊ မြိတ်ကနေ ကော့သောင်း သွားလိုက်၊ ခေါက်တုံ့ခေါက်ပြန်သွားတာပဲ ကြားရတယ်။ လေယာဉ်ပျက်ကျတဲ့ဟာ မဟုတ်ဘူးဗျ၊ မရှိဘူးဗျ၊ ဒီရက်ထဲမှာ” ဟု ပြန်လည်ဖြေကြားသည်။

ထို့ပြင် စစ်ကောင်စီ၏ ဒု-တပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ထားဝယ်သို့ မေလ ၃ ရက်နေ့က ရောက်ရှိပြီး အာဇာနည်လမ်းမတွင် စစ်သားများအများအပြားချထားကာ ဖြတ်သန်းခွင့်မပေးကြောင်း၊ ပြန်သွားချိန်တွင် ပုံမှန် အနေ အထားအတိုင်း သွားလာ၍ရနေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါသတင်းအား ယုံကြည်ရသော သတင်းဌာနများတွင်လည်း လေယာဉ်ပျက်ကျသည့် သတင်းနှင့်ပတ်သက်၍ မည်သည့် သတင်းတင်ဆက်မှုမျှ မရှိသည်ကို တွေ့သည်။

စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာဖြစ်သည့် ယနေ့ထုတ် ကြေးမုံသတင်းစာတွင်မူ ယမန်နေ့ မေလ ၄ ရက်နေ့တွင် မော်လမြိုင်တွေ့ဆုံပွဲ၌ရှိနေပြီး ဌာနဆိုင်ရာများနှင့် တွေ့ဆုံကြောင်း ဖော်ပြသည်။

အဆိုပါအချက်များကြောင့် စစ်ကောင်စီ၏ ဒု-တပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လေယာဉ်ပျက်ကျသည့် သတင်းမှာ မဟုတ်မှန်ဘဲ မှား ယွင်းသည့် အကြောင်းအရာတစ်ခုသာဖြစ်သည်။

အလားတူ ၂၀၂၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ပြင်ဦးလွင်အနီးစခန်းတွင် ပျက်ကျခဲ့သည့်လေယာဉ်တွင်လည်း စစ်ကောင်စီ၏ ဒု-တပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ၎င်း၏ PSO ပါဝင်ကြောင်း သတင်းတုပျံ့နှံ့ခဲ့သေး သည်။

မဇ္ဈိမ၏ သတင်းဖတ်ရှုသည့် ပရိသတ်များအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက်ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

ပြည်ပမှရွှေတင်သွင်းမည့်ကိစ္စ မဖြစ်နိုင်ဟု ရွှေလုပ်ငန်းရှင်အချို့ သုံးသပ်

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ပြည်ပကနေ ရွှေတင်သွင်းမယ်လို့ ပြောဆိုတာက အပြောလွယ်သလောက် အလုပ်ခက်တဲ့ ကိစ္စဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ထောက်ပြပြောဆိုလိုက်ပါတယ်။

မေ ၅ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ စျေးကွက်မှာ ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိစေရေးအတွက် နိုင်ငံခြားမှ တင်သွင်းနိုင်ရေးကို ဆောင်ရွက်ဖို့နဲ့ ဗဟိုဘဏ်မှ ရွှေရောင်းချပေးရေး တင်ပြဖို့ဆိုတဲ့ အချက်တွေအပါအဝင် အချက်ပေါင်း ၅ ချက်ကို သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အပြောလွယ်သလောက် အလုပ်ခက်တယ်လို့ ရွှေလုပ်ငန်းရှင်တဦးက သုံးသပ်ပါတယ်။

“ကျနော်မြင်တာက အပြောလွယ်သလောက် အလုပ်ခက်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆို ပြည်ပကနေ ရွှေသွင်းဖို့အတွက် ဒေါ်လာက ဘယ်က ရမှာလဲ။ လက်ရှိအခြေအနေမှာတောင် ဒေါ်လာ လုံလောက်မှုမရှိလို့ အကုန်လုံး ဒုက္ခရောက်နေတာ မဟုတ်ဘူးလား။ ဆိုတော့ နိုင်ငံ တော်ဘက်က ဒေါ်လာ ထုတ်ပေးဖို့ ဆိုတာကလည်း လွယ်ကူတဲ့ အခြေအနေမှ မဟုတ်တာ။ အပြင်ကနေ ဝယ်ဖို့ ဆိုရင် ပိုဆိုးတာပေါ့။ ဒါကြောင့် အပြောလွယ်သလောက် အလုပ်ခက်မယ်လို့ ပြောတာပါ။ ပြီးတော့ အန်ကယ်လ်တို့ ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကာလတလျှောက်မှာ ပြည်တွင်းလိုအပ်ချက်ကြောင့် ပြည်ပကနေ ရွှေတင်သွင်းခဲ့ရတဲ့ အခြေအနေဆိုတာ မရှိခဲ့ဘူး။ တခုတော့ ရှိတယ်။ ရွှေဆိုတာက မြင့်ရာကနေ လျှံထွက်သွားတာမျိုးတော့ ရှိတတ်တယ်။ ဆိုလိုတာက ပြည်တွင်းရွှေစျေးက ကမ္ဘာ့ရွှေစျေးထက် မြင့်နေရင် အကြောင်းအမျိုးမျိုးနဲ့ ပြည်တွင်းထဲကို ဝင်လာမယ်။ အဲ့ဒီလိုပဲ ပြည်တွင်းရွှေစျေးက ကမ္ဘာ့ရွှေစျေးတက် နိမ့်နေရင်တော့ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ပြန်ထွက်သွားတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ပြည်တွင်းရွှေစျေး နဲ့ ကမ္ဘာ့ရွှေစျေးက သိပ်ကွာခြားမှု မရှိတာကြောင့် ဒီဘက်ကလည်း သွားဖို့ မလွယ်သလို ဟိုဘက်ကလည်း ဝင်လာဖို့ဆိုတာက အင်မတန် ခဲယှဉ်းပါတယ်။” 

တခြားရွှေလုပ်ငန်းရှင်တဦးကလည်း “ပြည်ကနေ ရွှေတင်သွင်းမယ်ဆိုရင် ယိုးဒယားကလည်း မြန်မာနိုင်ငံဆီ ဝင်လာလို့ရသလို ဟောင်ကောင် နဲ့ ရှန်ဟိုင်းဘက်ကလည်း ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေတော့ ရှိတာပေါ့။ သူတို့ဆီက ရွှေတွေကလည်း ရွှေသန့်စင်မှုက ၉၉ ဒသမ ၉၉ သန့် စင်မှုရှိပြီး ကမ္ဘာ့စျေးကွက်မှာ လက်ခံထားတဲ့ အမျိုးအစားတွေဖြစ်လို့ ပြည်တွင်းမှာ သုံးလို့ ရပါတယ်။ ဒါပေမဲ့ တခုရှိတာက သယ်ယူစရိတ်တွေ ဘာတွေ ရှိသေးလို့ အဲ့ဒါတွေပါ ထည့်တွက်ရင် လက်ရှိ စျေးထက်တောင် စျေးနှုန်း ပိုမြင့်သွားနိုင်တယ်။ ဒါကြောင့် ပြည်ပကနေ တင်သွင်းဖို့က ဘယ်လိုမျှ မဖြစ်နိုင်ဘူး” လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ မေ ၅ ရက် ဒီနေ့မနက် ၁၀ နာရီ ထုတ်ပြန်ချက်အရ ပြည်တွင်း အကယ်ဒမီရွှေ တကျပ်သား စျေးနှုန်းမှာ ကျပ် ၂,၀၂၆,၇၀၀ သိန်း ရှိပြီး ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၉၀၁ ဒေါ်လာ ရှိပါတယ်။

ဒါပေမဲ့ ရန်ကုန်ရွှေရောင်းဝယ်ရေးစျေးကွက်မှာ အကယ်ဒမီရွှေ (မီးလင်းအတုံး) က စျေးနှုန်းသာ ရှိပြီး အရောင်းအဝယ်က မရှိသလောက် ဖြစ်နေပါတယ်။ DVB

ဘုတလင် တော်ဦးဘရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ဦးခန့် သေဆုံး

စစ်ကိုင်းတွင် ဘုတလင်မြို့နယ် တော်ဦးဘရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်တပ်ကို ယနေ့ မေလ ၅ရက်နေ့တွင် နံနက် ၆နာရီခန့်၌ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် ကနီသားများ၏ ရင်တွင်း အသံ အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ စစ်ကြောင်းသည် မေလ ၄ရက်နေ့၌ ဝင်မနား ရဲစခန်းကို စွန့်ခွာ ထွက်ပြေးသွားသော စစ်တပ်နှင့် ရဲများ ပါဝင်သည့် စစ်ကြောင်းဖြစ်ပြီး မေလ ၄ရက်နေ့ ည ၈နာရီ ၅၀ မိနစ်ခန့်တွင် ဘုတလင်မြို့နယ် သို့ ရောက်ရှိလာကာ တော်ဦးဘ ရွာကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဝင်မနား ရဲစခန်းကို မီးရှို့ပြီး ထွက်ပြေးလာတဲာ စစ်ခွေးတွေ ည ၈နာရီလောက်မှာ ဘုတလင်ရောက်တယ် အဲကောင်တွေက တော်ဦးဘ ရွာကို ဝင်စီးပြီး ညကပဲ မီးရှို့တယ်။ တပ်စွဲနေထိုင်တယ်။ နံနက် ရောက်တော့ စစ်ခွေးတွေက ရွာကပြန်ထွက်တာ ရွာအနီးအနားမှာပဲ ဒေသခံကာကွယ် ရေး တပ်တွေနဲ့ တိုက်ပွဲဖြစ်တာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်းတိုက်ပွဲတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် ၂ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်သား ၂၀ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသခံ ပြည် သူကပြောဆိုသည်။ khit thit

ဆားလင်းကြီးတွင် စစ်ကောင်စီရိက္ခာတင် အမြန်ရေယာဉ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရိက္ခာတင် အမြန်ရေယာဉ်တစီးကို တိုက်ခိုက်ခဲ့ပြီး အသေအပျောက်ရှိနိုင်တယ်လို့ One Star Task Force က ထုတ်ပြန်ပါတယ်။

စစ်သားနဲ့ ပျူစောထီး အင်အား ၅ဝ လောက်ပါတဲ့ ရိက္ခာတင် အမြန်ရေယာဥ်ကို မနေ့ နေ့လယ်ပိုင်းက One Star Task Force, Salingyi GZ, မြန်မာချေဂွေဗားရားနဲ့ တခြားမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာပါ။

“တိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က အသေအပျောက်ရှိပေမယ့် အတိအကျမသိရသေးဘူး။ ကျနော်တို့အဖွဲ့တွေ အားလုံးပေါင်းပြီးမှ မောင်းပြန်က တလက်ပဲရှိတယ်။ ဒါတောင် ရသမျှရန်ပုံငွေတွေပေါင်းပြီး မကြာခင်ကမှ ဝယ်ထားတာ။ Second ကို သိန်း ၁၀၀ လောက်ပေးရတယ်။ တကယ်ရင်ဆိုင်တိုက်ပွဲတွေအတွက် ကျနော်တို့မှာ မောင်းပြန်တွေလိုအပ်နေပါတယ်”လို့ One Star Task Force ရဲ့ တာ ဝန်ခံ ဗိုလ်ကျော်ကြီးက ပြောပါတယ်။

တချို့တိုက်ပွဲတွေအတွက် ပူးပေါင်းတိုက်ခိုက်ရာမှာ လက်လုပ်လက်နက်ရှိတဲ့အဖွဲ့တွေ မပါဝင်နိုင်ဘဲ စက်ရုံထုတ်လက်နက်ရှိတဲ့အဖွဲ့တွေပဲ ပါ ဝင်ကြရတာလည်းရှိတယ်လို့ သူက ပြောပါတယ်။

မနေ့က တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တယောက် ၄၀-မမ ဗုံးသီးအဆန်မှန် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။ DVB

DKBAမှ နုတ်ထွက်လာသည့် ဗိုလ်စလုံးနှင့်အဖွဲ့ KNDO ကွန်မန်ဒိုအထူး တပ်ရင်းဖွဲ့စည်း၍ သ စ္စာရေသောက်

ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့သည် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)မှ နုတ်ထွက်၍ ဗိုလ်ချုပ် စောနယ်ဒါးမြဦးဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပူးပေါင်းခဲ့သည့် ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့သည် KNDO၏ ကွန်မန်ဒိုအထူးတပ်ရင်းအဖြစ် ဖွဲ့စည်းခဲ့ပြီး ယနေ့ မေလ ၅ရက် နံနက်ပိုင်းတွင် သစ္စာရေသောက်ပွဲ ကျင်းပလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အခုတော်လှန်ရေးလုပ်တာမှာ သုံးခုလုပ်ရမယ်။ နံပါတ်တစ်အချက် ညီညွတ်မှုရှိရမယ်။ နံပါတ်နှစ်အချက် သတ္တိရှိရမယ်။ နံပါတ်သုံး ကျွန်တော်တို့ နိုင်ငံရေး ရည်မှန်းချက်ရှင်း ရမယ်။ ပွင့်လင်းရမယ်၊ နိုင်ငံရေးရည်မှန်းချက် မရှင်းရင် ခရီးပန်းလို့မရဘူး။ တော်လှန်ရေး လုပ်တာ သတ္တိရှိရမယ်။ ညီညွတ်မှုနဲ့ သတ္တိမရှိရင် ဘယ်တော့မှ အောင်မြင်မှုမရှိဘူး။ အဲ့ဒါမှတ်ထားရမယ်။ ကျွန်တော်တို့ အောင်မြင်ရမယ်၊ မအောင်မြင်လို့ရှိရင် ကျွန်တော်တို့ ကတော့ အားလုံးကျွန်ဖြစ်သွားမယ်”ဟု ယနေ့ ကျင်းပသည့် သစ္စာရေသောက်ပွဲတွင် ဗိုလ်ချုပ်စောနယ်ဒါးမြက ပြောကြားခဲ့သည်။

KNDOနှင့် ပူးပေါင်းလာခဲ့သည့် ဗိုလ်စလုံးနဲ့အဖွဲ့ကို ဗိုလ်ချုပ်စောနယ်ဒါးမြက KNDO ကွန်မန်ဒိုအထူးတပ်ရင်းအဖြစ် ဖွဲ့စည်း၍ တပ်ရင်းမှူး ဗိုလ်မှူးစောစလုံးအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး KNDO၏ တာဝန်ရှိသူတစ်ဦးက ဒုတပ်ရင်းမှူးအဖြစ် ထမ်းဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်စလုံးဦးဆောင်သည့် အဖွဲ့တွင် စစ်အာဏာရှင်ကို မလိုလား၍ တိုင်းနှင့် ပြည်နယ်အချို့မှ လာရောက်စစ်ပညာသင်ကြားနေသည့် လူငယ်များစွာ ပါဝင်ခဲ့ပြီး အမျိုးညီညွတ်ရေးအစိုးရအဖွဲ့(NUG) ဦးဆောင်မှုနှင့် ဖွဲ့စည်းထားသည့် ဆင်ဖြူတပ်ရင်းလည်း ပါဝင်ကြောင်း သိရသည်။mizzima

မြေအောက်တော်လှန်ရေးရဲဘော်များအတွက် NUG ဒုဝန်ကြီး အိသဉ္ဇာမောင် ဆွဲကြိုး ကံစမ်း ဝယ်ယူနိုင်

မြန်မာ့နွေဦးတော်လှန်ရေးမှာ တထောင့်တနေရာက စွမ်းစွမ်းတမံ ပါဝင်လှုပ်ရှားနေကြတဲ့ မြေအောက်တော်လှန်ရေး ရဲဘော်တွေအတွက် အ မျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဆွဲကြိုးကို ကံစမ်းဝယ်ယူနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီကံစမ်းရန်ပုံငွေရောင်းချပွဲကိုတော့ ရန်ကုန်က အော်ပရေးရှင်း အသစ်တခုအတွက် ရည်ရွယ်ကာ ငွေကျပ်သိန်း ၁၀၀ ရရှိနိုင်ဖို့ မျှော်မှန်းထားပြီး ကံစမ်းမဲလက်မှတ်တစောင်ကို မြန်မာငွေကျပ် ၂ သောင်းနဲ့ ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။

“ကဲ အရေးကြီးလို့ ပိုက်ဆံရှာဦးမယ်။ UG တွေအတွက် ကျမရဲ့ ဆွဲကြိုးလေးကို ကံစမ်းမဲ ရောင်းချင်ပါတယ်။ တစောင်ကို မြန်မာငွေနှစ်သောင်း၊ အားလုံးဝယ်နိုင်မယ့် ဈေးနဲ့ လုပ်ထားပါတယ်။ ရန်ကုန် အော်ပရေးရှင်းအသစ်တခုအတွက် သိန်း ၁၀၀ မှန်းထားလို့ ဝယ်ကူကြပါဦး။ သိန်း ၁၀၀ ထက် ကျော်ရရင်လည်း ပျော်တာပေါ့နော် ❤️❤️ ။ အားစိုက်ပေးကြပါဦး ချစ်သောသူတို့ရေ။”

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ NUG အစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဆွဲကြိုးရန်ပုံ ငွေလက်မှတ် ဝယ်ယူလိုသူတွေအနေနဲ့ m.me/soldiercatmm ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာပြည်တွင်းကဆိုရင်တော့ kpay, wavepay တို့ကတဆင့် ဝယ်ယူနိုင်သလို နိုင်ငံရပ်ခြား တိုင်းပြည်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ထိုင်း၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေကလည်း ပါဝင်လှူဒါန်းနိုင်ကြောင်း ဒုဝန်ကြီးက နှိုးဆော်ထားပါတယ်။ DVB

« Older Entries