တရားမဝင် သစ်ခိုးထုတ်သည့် ခြောက်ဘီးယာဉ် ၂ စီးနှင့် လူ ၈ ဦးကို ထီးလင်း YDF ဖမ်းဆီး


မကွေးတိုင်းဒေသကြီး၊ ယောဒေသ၊ ထီးလင်းမြို့နယ်၊ လျှော်ဖြူပင်ရွာတွင် တရားမဝင် သစ်ခိုးထုတ်နေသည့် လူ ရှစ် ဦးနှင့် ခြောက်ဘီးယာဉ် နှစ်စီးကို ဖမ်းဆီးခဲ့ကြောင်း ထီးလင်း YDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
အဆိုပါ တရားမဝင် သစ်ခိုးထုတ်နေမှုကို မေလ ၂ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် CDM ရဲတပ်ဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် ထီးလင်းပြည် သူ့ရဲတပ်ဖွဲ့နှင့် YDF ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ဖမ်းဆီးတယ်ဆိုတာထက် သူတို့ကို နားလည်အောင်ရှင်းပြပါတယ်။ ကြားကာလမှာ တရားဝင် စိုးမိုးမှု မရှိသေးတဲ့အတွက် တရားဝင်စိုးမိုးရေးလုပ်ငန်းတွေ၊ သစ်ခိုးထုတ်မှု လုပ်ငန်းတွေ၊ ဒါတွေကို ကျွန်တော်တို့က တာဝန်ယူပြီး ဆောင်ရွက်နေတာပါ။ အဲ့ဒီလို ပြောပြီးတော့ ထိန်းသိမ်းခဲ့တာပါ” ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) ထီးလင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။
ထိုခြောက်ဘီးယာဉ် နှစ်စီးပေါ်တွင် ကျွန်းသစ်နှင့် အခြားသစ်မာများ ဆိုက်မျိုးစုံပါဝင်သည့် စုစုပေါင်း သစ် ကိုးတန်ခန့်ရှိပြီး ယင်းသစ်များနှင့် ယာဉ်နှစ်စီးကို ပြည်သူပိုင်အဖြစ် ထိန်းသိမ်းထားကြောင်း ဆိုသည်။
သစ်ခိုးထုတ်သည့် လူ ရှစ်ဦးကိုမှု ကာကွယ်ရေးတပ်ဖွဲ့စခန်းတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။
“ဒီကြားကာလမှာ ဘယ်အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် တရားမဝင် မှောင်ခိုလုပ်ငန်းမှန်သမျှကို တားဆီးသွားမှာ ဖြစ်ပါတယ်” ဟု YDF ထီးလင်း တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ထီးလင်းမြို့နယ်တွင် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သော တရားမဝင် သစ်ခိုးထုတ်လုပ်မှုဖြစ်စဉ် လေးခုရှိပြီဖြစ်ကြောင်း သိရသည်။mizzima