ပခုက္ကူမြို့က လူငယ်တဦးကို PDF ဟုစွပ်စွဲပြီး စစ်ကောင်စီတပ် ရိုက်နှက်ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့က လူငယ်တယောက်ကို မေ ၄ ရက် မနက်ပိုင်းက PDF လို့စွပ်စွဲပြီး စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးသွားတယ်လို့ ပခုက္ကူမြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
ပခုက္ကူမြို့၊ အမှတ် ၁၁ ရပ်ကွက်၊ ၂၃ လမ်းမှာနေတဲ့ ကိုစိုင်းဝဏ္ဏရဲ့ နေအိမ်ကို မေ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ အရပ်ဝတ်နဲ့သူတွေ ရောက်လာပြီး ရိုက်နှက် ဖမ်းဆီးသွားကြတာလို့ ဆိုပါတယ်။
“ကျနော်တို့ သိထားသလောက်ကတော့ သူက ဘယ် PDF အဖွဲ့မှ ဝင်မထားဘူး။ အိမ်မှာပဲ အေးအေးဆေးဆေး နေတာဗျ။ လူငယ်ဆိုတော့ တခါတလေ အပေါင်းသင်းတွေဆီ ခရီးသွားတာတွေ ဘာတွေတော့ ရှိမှာပေါ့။ ဒါကို သူတို့က မြို့ကနေ ခဏပျောက်သွားပြီး ပြန်တွေ့တဲ့ လူငယ်မှန်သမျှကို PDF လို့ စွပ်စွဲဖမ်းဆီးတာက ဥပဒေမဲ့လုပ်ရပ်ပဲ ဖြစ်တယ်။ နိုင်ငံတော်အာဏာကို မတရားသိမ်းပြီးကတည်းက စစ်(–) တွေမှာ ဥပဒေဆိုတာ မရှိတော့ဘူး။ သူတို့ ဖမ်းချင်ဖမ်း၊ လွှတ်ချင်လွှတ် လုပ်နေကြတာ။ အထူးသဖြင့် လူငယ်ပိုင်းတွေဆိုရင် စစ်(–) တွေရဲ့ အလိုတော်ရိ ဒ လန် တွေက သံသယမျက်လုံးတွေနဲ့ တောက်ထောက်ကြည့်နေကြတာ။”
စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဟာ ကိုစိုင်းဝဏ္ဏကို ပခုက္ကူမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြပြီး မိသားစုနဲ့ လုံးဝ တွေ့ခွင့်မပေးသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တခုမှာတော့ မြို့ပေါ်ရပ်ကွက်တွေကို မိုင်းထောင်ဖောက်ခွဲတာတွေ ပြုလုပ်နေသူ PDF အကြမ်း ဖက် သမား စိုင်းဝဏ္ဏကို သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပခုက္ကူခရိုင် ပေါက်မြို့မှာလည်း မေ ၄ ရက် မနက်ပိုင်းက သစ်ညီနောင်ကျေးရွာက ဒေသခံ ပြည်သူတယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက PDF လို့စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ DVB