ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ဟု KIO ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်သင့်တဲ့သူတွေ အားလုံးပါဝင်နိုင်ပြီး နိုင်ငံရဲ့ အရေးအရာတွေကို တန်းတူဆွေးနွေးနိုင်မယ့် အချိန်အခါ၊ အခင်းအကျင်းရောက်မှသာ ပါဝင်ဆွေးနွေးနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်မှာ ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်း မရှိတာ တွေ့ရှိရကြောင်း၊ နိုင်ငံရဲ့ အရေးအရာတွေကို ဆွေးနွေးအဖြေရှာမယ်ဆိုတဲ့ သဘောထား မရှိတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ NUG နဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကို မဖိတ်ဘဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဘက်ကို သွားနိုင်မယ် မထင်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကျနော်တို့ကတော့ KIO ရဲ့ သဘောထားကို ခုလိုမျိုးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခုလိုမျိုး ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေပေ့ါ။ အဲ့တာတွေကို တကယ့် စစ်မှန်တဲ့ အဖြေရှာတဲ့နည်းကို သူတို့မသုံးတာလည်း ဖြစ်နိုင်တယ်လို့ ကျနော်တော့ အဲ့လို သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလောလာဆယ်မှာ NUG တို့၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကို မဖိတ်ဘဲနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဘက်ကို သွားနိုင်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် ကျနော်တို့ကတော့ အဲ့ဒီဘက်ကို မသွားချင်တဲ့ သဘောနဲ့ သူတို့ကို မဖိတ်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။”
“တဘက်ကတော့ ဆွေးနွေးရေးဖိတ်ခေါ်ပြီးမှ တဘက်မှာက စစ်ရေးနဲ့ ဖိအားပေးနေတာကတော့ သူတို့က ဆွေးနွေးရေး ဖိတ်ခေါ်တဲ့နေရာမှာ ပါဝင်ဖို့ ဖိအားပေးတဲ့ သဘောလည်း ဖြစ်လာနိုင်ပါတယ်။ နောက်တခုရှိတာကတော့ သူတို့ ထုတ်ပြန်ကြေညာချက် ထုတ်ထားတာကလည်း ရှိတယ်။ အခုချိန်မှာ တိုက်ပွဲတွေ စစ်ဆင်ရေးတွေ မလုပ်ဖို့ဆိုတာလည်း သူတို့ ထုတ်ပြန်ကြေညာချက်လုပ်ထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက် လုပ်ထားပြီးမှ သူတို့လည်း ပြန်ပြီး စစ်ဆင်ရေးလုပ်တယ်ဆိုတာကတော့ သူတို့ ထုတ်ထားတဲ့ ထုတ်ပြန်ကြေညာချက်အပေါ်မှာ ချိုးဖောက်တဲ့ သဘောမျိုးလည်း ဖြစ်တယ်လို့ ထင်ပါတယ်။”
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧပြီလ ၂၂ရက်နေ့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံကနေတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကိုယ်တိုင်တွေ့ဆုံလိုကြောင်း ဖိတ်ခေါ်ခဲ့သလို မေ ၂ ရက်နေ့ နေ့စွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်ကတဆင့် အကြောင်းကြားတဲ့ စာတွေကိုလည်း လက်ခံရရှိခဲ့တယ်လို့ KIO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်ခဲ့တာကြောင့် နိုင်ငံဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းပြီး တော်လှန် တိုက်ပွဲဝင်နေကြတာပါ။
လက်ရှိမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား)၊ ချင်းနဲ့ ကချင်ပြည်နယ်တို့မှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ DVB