မြောက်ဥက္ကလာပ (ဌ) ရပ်ကွက်အတွင်း ဓါးရှည်လွယ်ပြီး ပတ်နေသူများ ရှိနေ

ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပ မြို့နယ် (ဌ) ရပ်ကွက် အတွင်း နေ့ခင်းကြောင်တောင် ဆိုင်ကယ် တစ်စီးဖြင့် လူသုံးဦး ဓါးရှည်လွယ်ပြီး ပတ်သွားနေသည့်တိုင် ရပ်ကွက်အတွင်း မည်သူကမျှ မပြောဆို ရဲကြောင်း ရပ်ကွက်နေ ပြည်သူများထံက သိရသည်။
” နေ့ခင်းဘက်ကြီး တွေ့နေရတာ။ ကင်ဒိုဓါး ပုံစံ ဓါးရှည်ကို လွယ်ပြီး လမ်းတွေထဲမှာ ပတ်နေတာ။ မေးကြည့်တော့ အဲဒါ ဒလန်တွေလေ ၊ သူတို့ကို ဘယ်သူမှ မမေးရဲဘူး ၊ မပြောရဲဘူးတဲ့။ သူတို့ ပုံစံတွေကလည်း မှတ်မိလွယ်တယ်။ စွပ်ကြယ်လက်တို အဖြူရောင်နဲ့ ပလေကပ် ပုဆိုးတွေ ဝတ်ထားတာကိုး ” ဟု ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။
ထို့အပြင် ဌ/ရပ်ကွက် ရုံးမှ ရာအိမ်မှူးများကမူ ရပ်ကွက်အတွင်းရှိ လမ်းကြိုလမ်းကြား များထဲတွင် ဆိုင်ကယ်များဖြင့် ပတ်နေကြပြီး လောင်းက စားလုပ်သည့် နေအိမ်များကို လိုက်လံ ဖမ်းဆီးကာ ငွေလိုက်တောင်း နေသည်ဟု ရပ်ကွက်နေ ပြည်သူများက ဆိုသည်။
”လမ်းထဲမှာ အမျိုးသမီးတွေ နေ့လယ်ဘက် ဒိုးဇက် ကစားနေကြတာ။ အဲဒီမှာ (ဌ) ရပ်ကွက်ရုံးက နာမည်ကြီး ဟိုတစ်လောက သေနတ်နဲ့ အပစ်ခံရတဲ့ ရာအိမ်မှူး စိုးစိုးဆိုလား၊ သူပါလာတယ်။ ပုံတွေ ရိုက်ပြီးတော့ ရုံးလိုက်ခဲ့ကြ ဆိုပြီး ယောက်ကျား မိန်းမ ၁၀ ယောက်ကို ဖမ်းခေါ် သွားကြတာ။ ရုံးရောက်တော့ တစ်ယောက်ကို ကျပ် ၃၀,၀၀၀ နဲ့ ၁၀ ယောက် ၃၀၀,၀၀၀ ပေးခဲ့ရတယ် ”ဟု အဆိုပါ လမ်းအတွင်း နေထိုင်သူ တစ်ဦးက ပြောသည်။
မြောက်ဥက္ကလာပ မြို့နယ် (ဌ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အဖွဲ့များသည် မြေကွက်ရိုက် ရောင်းစားခြင်း ၊ အိမ်ရှင်အိမ်ငှား စာချုပ် ချုပ်သည့်အခါ ဆယ်အိမ်မှူး ရာအိမ်မှူးများက လက်မှတ်ထိုးခ လက်ဖက်ရည်ဖိုး ယူခြင်း၊ လူငယ်များကို အကြောင်းမဲ့ ဖမ်းပြီး လက်ဖက်ရည်ဖိုးဟု ဆိုကာ ပိုက်ဆံတောင်း၍ ပြန်လွှတ်ပေးခြင်း စသည်တို့ကိုသာ လုပ်ဆောင်နေကြောင်း North Okkalapa Information လူမှုကွန်ရက် စာမျက်နှာက ဖော်ပြထားသည်။ mizzima