လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်ကာ ကွယ်ဆေးထိုးနှံပေးပြီးဟု စစ်အုပ်စုထုတ်ပြန်

မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်နဲ့အထက် လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်တယ်လို့ စစ်ကောင်စီထောက်တိုင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် သူတို့အပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုတွေကတော့ ပိုမိုပြီးတော့ နည်းပါးလာနေပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ အသက် ၁၈ နှစ်နဲ့အထက် လူဦးရေ ၃၄ သန်းကျော်ရှိပေမယ့် ပြည်ပမှာ သွားရောက်နေထိုင်သူတွေ၊ လုပ်ငန်းလုပ်ကိုင်သူတွေနဲ့ တာဝန်ထမ်းဆောင်သူဦးရေ ၂ ဒသမ ၄ သန်းကျော် ရှိတဲ့အတွက် နိုင်ငံအတွင်း မြေပြင်မှာ အမှန်တကယ် နေထိုင်တဲ့ လူဦးရေ ၃၁ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံနိုင်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်အထိ လူဦးရေ ၂၉ သန်းကျော်ကို ကာကွယ်ဆေး အနည်းဆုံးတကြိမ် ထိုးနှံပြီး ဖြစ်တာကြောင့် လက်ရှိမှာတော့ နိုင်ငံအ တွင်း အမှန်တကယ်နေထိုင်သူ အသက် ၁၈ နှစ်နဲ့အထက် လူဦးရေရဲ့ ၉၁ ဒသမ ၉ ရာခိုင်နှုန်းဟာ ကာကွယ်ဆေးလွှမ်းခြုံမှုရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၁ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။
ဒါ့အပြင် လတ်တလောအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါနေ့စဉ်ကူးစက်မှုနဲ့ သေဆုံးမှုတွေကို စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်နေပေမယ့် ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စု လက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်ပါဘူး။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေနဲ့ လက်ရှိအချိန်ထိ ၃၀ ဒသမ ၇၈ သန်းကျော် ထိုးနှံပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပေမယ့် ပြည်သူတွေကြားမှာတော့ အာဏာသိမ်းစစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ နေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အရေအတွက်ကို လျှော့ချ ထုတ်ပြန်နေတယ်လို့ ဆေးပညာရှင်တွေအများစုက ထောက်ပြဝေဖန်နေကြကာ ပြီးခဲ့တဲ့ သင်္ကြန်ပွဲတော် ကာလမှာလည်း ဖိအားပေးကျင်းပနိုင်ဖို့ ရောဂါ ကူးစက်သေဆုံးမှုတွေကို လိမ်လည်ထုတ်ပြန်ခဲ့ကာ မတ် ၁၆ ရက်က စတင်ကာ လူစုလူဝေးနဲ့ အခမ်းအနားတွေမှာ လူဦးရေ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။ DVB