ကနီမြို့နယ်၊ ဝင်မနား ရဲစခန်းကို လာရောက်တိုက်ခိုက်သူမရှိဘဲ စစ်တပ်နှင့်ရဲများက စခန်း၊ လိုင်းခန်းနှင့် နေအိမ်များကို မီးရှို့ ထွက်ပြေး

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်မနားရဲစခန်းကို မေလ ၄ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ရဲများက စခန်းရှိ ဝန်ထမ်း လိုင်းခန်းများကို မီးရှို့ကာ ထွက်ပြေးသွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်နှင့် ရဲများသည် ယနေ့ နံနက်ပိုင်းတွင် ဝင်မနားရွာရှိ ပြည်သူပိုင် နေအိမ် ၃လုံးကို မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲပိုင်းတွင် ရဲစခန်းနှင့် ဝန်ထမ်း လိုင်းခန်းများကို မီးရှို့ကာ ထွက်ပြေးသွားကြောင်း သိရသည်။
” သူတို့ကိုယ်တိုင်ကိုက စခန်းကို စွန့်သွားတဲ့ သဘောပါ။ သူတို့စခန်းထဲက အဆောက်အဦးတွေ မီးရှို့ပြီးတော့ သူတို့ပဲ ထွက်သွားတာ PDF ကဝင် တိုက်တာ မဟုတ်ပါဘူး။ သူတို့က အင်အား ၈ဝ ဝန်းကျင်လောက်ရှိတယ်။ သူတို့ထွက်တော့ လမ်းဘေးက နေအိမ်တွေတော့ မီးရှို့သွားတယ်။ သူတို့အများဆုံး ရှို့သွားတာတော့ စခန်းထဲက ဝန်ထမ်း လိုင်းခန်းတွေ မိသားစု လိုင်းခန်းတွေ မီးရှို့ပြီးတော့ ထွက်သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် စခန်းမှ စွန့်ခွာစဉ်၌ မိုင်းများထောင်ခဲ့ပြီး ရှင်းလင်းရေး လာရောက်လုပ်ဆောင်သည့် နယ်ခံ ပြည်သူ ၂ဦး မိုင်းထိ မှန်ခဲ့ကြောင်း အသက်အန္တရာယ် စိုးရိမ်စရာ မရှိသော်လည်း ဖြတ်တောက် ရမည် အခြေအနေရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ရဲစခန်းမှ စွန့်ခွာသွားပြီးနောက် ဘုတလင် မြို့နယ်အတွင်းသို့ ဆုတ်ခွာသွားကာ ဘုတလင်မြို့မ ရဲစခန်းရှိ အကြမ်း ဖက် စစ်တပ်၊ ရဲများနှင့် သွားရောက် အင်အား ပေါင်းစည်းခြင်းဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ khit thit