ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီတပ် ရိက္ခာတင်ရေယာဉ် တိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ် အတွင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၅ဝ ခန့်ပါ ရိက္ခာတင် အမြန်ရေယာဉ် တစ်စီးကို ဒေသ ကာကွယ်ရေးတပ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ မေလ ၄ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ဆားလင်းကြီးမြို့ မြောက်ဘက် ငါးမိုင်အကွာ ချင်းတွင်းမြစ် အတွင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်များနှင့် ဒေသခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ မိနစ် ၃၀ ကြာ အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
” ကျွန်တော်တို့ မဟာမိတ် အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခဲ့ကြတာပါ။ စကစ (စစ်ကောင်စီ) ဘက်က သေတာတွေတော့ ရှိတယ်။ အတိအကျတော့ မသိရဘူး။ အမြန်ယာဉ်လည်း ပျက်စီးသွားတယ်။ မောင်းလို့တော့ ရသွားတယ်။ အပြန်အလှန် ပစ်ခတ်ကြတော့ ကျွန်တော်တို့မှာ မောင်းပြန် တစ်လက်သာ ရှိပါတယ်။ မပြည့်စုံခြင်း မြောက်မြားစွာ ရှိနေပြီး မြေပြင် ထိရောက်အောင် ကူညီပေးကြဖို့ တောင်းဆိုပါတယ် ” ဟု တိုက် ခိုက်မှုတွင် ပါဝင်သည့် One Star Task Force တပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တစ်ဦး ၄၀ မမ ဗုံးဆန် ထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း ဆိုသည်။
ယင်းတိုက်ခိုက်မှုကို One Star Task Force၊ Salingyi GZ၊ မြန်မာချေဂွေဗားရားနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima