Monthly Archives: May 2022

ချင်းမိုင်ကောင်စစ်ဝန်ရုံးမှ မြန်မာသံဝန်ထမ်း CDM လုပ်

နောက်ထပ် မြန်မာသံဝန်ထမ်းတစ်ဦး အာဏာသိမ်းစစ်ကောင်စီကို စွန့်ခွာမှုပြုပြန်ပါပြီ။

ထိုင်းနိုင်ငံချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးတွင်အမှုထမ်းလျက်ရှိသော သံအမှုထမ်း ဒေါ်မြသင်္ဂီက စစ်အုပ်စုလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသောကြောင့် CDM ပြုလုပ်ကြောင်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင်ကြေညာလိုက်သည်။

” ကျွန်မသည် ၃-၅-၂၀၂၂ ရက်နေ့မှစ၍ မိမိ မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းယူထားသည့် စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုသည့်ဆန္ဒမရှိခြင်း၊ နိုင်ငံတကာစာမျက်နှာတွင်လည်း အဆိုပါ တရားမဝင်စစ်အုပ်စုကို ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊ ဒီမိုကရေစီပြန်လည်ရရှိရန်အတွက် ကြိုးပမ်းလျကိရှိသည့် မြန်မာနိုင်ငံပြည်သူများအပေါ် ဖမ်းဆီးသတ်ဖြတ် နှိမ်နှင်းမှုများကို လုံးဝ လက်မခံနိုင်ခြင်းတို့ကြောင့် ကျွန်မသညိ အခြားသော CDM လုပ်ဖော်ကိုင်ဘက် ဝန်ထမ်းများနှင်အတူ ပြည်သူ့ဘက်မှ ရပ်တည်၍ Civil Disobedient Movement (CDM) တွင် ပါဝင်သွားမည် ဖြစ်ပါသည်။” ဟု သူက ရေးသားထာားသည်။

” ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် ပြည်သူများနှင့် ဓမ္မဘက်မှသာ အခိုင်အမာရပ်တည်သွားမည်ဖြစ်ပြီး တရားမျှတမှု၊ ဖြောင့်မတ်မှန် ကန်မှုနှင့် အမှန်တရားတို့ကို အလိုရှိပါသည်။” ဟု လည်းပါရှိသည်။ mizzima

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ဟု KIO ထုတ်ပြန်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်သင့်တဲ့သူတွေ အားလုံးပါဝင်နိုင်ပြီး နိုင်ငံရဲ့ အရေးအရာတွေကို တန်းတူဆွေးနွေးနိုင်မယ့် အချိန်အခါ၊ အခင်းအကျင်းရောက်မှသာ ပါဝင်ဆွေးနွေးနိုင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်မှာ ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်း မရှိတာ တွေ့ရှိရကြောင်း၊ နိုင်ငံရဲ့ အရေးအရာတွေကို ဆွေးနွေးအဖြေရှာမယ်ဆိုတဲ့ သဘောထား မရှိတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာ NUG နဲ့ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကို မဖိတ်ဘဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဘက်ကို သွားနိုင်မယ် မထင်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ကျနော်တို့ကတော့ KIO ရဲ့ သဘောထားကို ခုလိုမျိုးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အခုလိုမျိုး ဖြစ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေပေ့ါ။ အဲ့တာတွေကို တကယ့် စစ်မှန်တဲ့ အဖြေရှာတဲ့နည်းကို သူတို့မသုံးတာလည်း ဖြစ်နိုင်တယ်လို့ ကျနော်တော့ အဲ့လို သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလောလာဆယ်မှာ NUG တို့၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေကို မဖိတ်ဘဲနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဘက်ကို သွားနိုင်မယ်လို့ မထင်ပါဘူး။ ဒါကြောင့် ကျနော်တို့ကတော့ အဲ့ဒီဘက်ကို မသွားချင်တဲ့ သဘောနဲ့ သူတို့ကို မဖိတ်တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။”

“တဘက်ကတော့ ဆွေးနွေးရေးဖိတ်ခေါ်ပြီးမှ တဘက်မှာက စစ်ရေးနဲ့ ဖိအားပေးနေတာကတော့ သူတို့က ဆွေးနွေးရေး ဖိတ်ခေါ်တဲ့နေရာမှာ ပါဝင်ဖို့ ဖိအားပေးတဲ့ သဘောလည်း ဖြစ်လာနိုင်ပါတယ်။ နောက်တခုရှိတာကတော့ သူတို့ ထုတ်ပြန်ကြေညာချက် ထုတ်ထားတာကလည်း ရှိတယ်။ အခုချိန်မှာ တိုက်ပွဲတွေ စစ်ဆင်ရေးတွေ မလုပ်ဖို့ဆိုတာလည်း သူတို့ ထုတ်ပြန်ကြေညာချက်လုပ်ထားတာကိုလည်း တွေ့ရပါတယ်။ အဲဒီထုတ်ပြန်ကြေညာချက် လုပ်ထားပြီးမှ သူတို့လည်း ပြန်ပြီး စစ်ဆင်ရေးလုပ်တယ်ဆိုတာကတော့ သူတို့ ထုတ်ထားတဲ့ ထုတ်ပြန်ကြေညာချက်အပေါ်မှာ ချိုးဖောက်တဲ့ သဘောမျိုးလည်း ဖြစ်တယ်လို့ ထင်ပါတယ်။”

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဧပြီလ ၂၂ရက်နေ့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံကနေတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကိုယ်တိုင်တွေ့ဆုံလိုကြောင်း ဖိတ်ခေါ်ခဲ့သလို မေ ၂ ရက်နေ့ နေ့စွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်ကတဆင့် အကြောင်းကြားတဲ့ စာတွေကိုလည်း လက်ခံရရှိခဲ့တယ်လို့ KIO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်ခဲ့တာကြောင့် နိုင်ငံဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့စည်းပြီး တော်လှန် တိုက်ပွဲဝင်နေကြတာပါ။ 

လက်ရှိမှာလည်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား)၊  ချင်းနဲ့ ကချင်ပြည်နယ်တို့မှာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။ DVB

ရန်ကုန်၊ အင်းလျားလမ်းရှိ မင်းအောင်လှိုင်နေအိမ်ကို NUG က ဒေါ်လာ ၁၀ သန်း ဖြင့် စတင်ရောင်းချ၊ အစုရှယ်ယာ ၁ သိန်းသတ် မှတ်ထားပြီး အစုရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ဝယ်ယူနိုင်

ရန်ကုန်၊ အင်းလျားလမ်းရှိ မင်းအောင်လှိုင်က မတရားသိမ်းယူထားသော နိုင်ငံတော်ပိုင် နေအိမ်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ က အမေရိကန်ဒေါ်လာ ၁၀ သန်း စျေးနှုန်းသတ်မှတ်လိုက်ပြီး ဒေါ်လာ ၁၀ သန်းကို အစုရှယ် ယာ ၁ သိန်း ခွဲခြမ်း၍ ရောင်းချမည်ဖြစ်ကာ ရှယ်ယာတစ်စုလျှင် ဒေါ်လာ ၁၀၀ ဖြင့် ပြည်သူများ ဝယ်ယူနိုင်ကြောင်း NUG က တရားဝင် ထုတ်ပြန်ကြေညာသည်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်၏ ကနဦးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင် လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄)ရှိ မြေနှင့်အဆောက် အအုံအား ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့ကြောင်း၊ စစ်တမ်းကောက်ယူမှု (၆) ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်၏ ၉၇ ရာခိုင်နှုန်း ကျော်က ဝယ်ယူမည်ဟု ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူရန် အဆို ပြုပမာဏ စုစုပေါင်းမှာ ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) ခန့် ရှိကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော အဆိုပါနိုင်ငံတော်ပိုင်မြေမှာ ၁.၈၆ ဧက ကျယ်ဝန်းပြီး ကာလ ပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိကြောင်း၊ NUG က မင်းအောင်လှိုင်အိမ်ကို ရောင်းချသည့်အခါ ကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဖိုးဖြတ်၍ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချသွားမည်ဖြစ်ပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ကြောင်း သိရှိရသည်။

ကမ္ဘာတလွှားရှိ ဆက်သွယ်ဝယ်ယူရရှိနိုင်မည့် ကိုယ်စားလှယ်အမည်စာရင်းနှင့် စတင်ရောင်းချမည့်အချိန်အား သီးခြားထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး မိမိတို့နှင့် အဆင်ပြေနီးစပ်သည့် နိုင်ငံတကာကိုယ်စားလှယ်များထံ ချိတ်ဆက်၍ ဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ် ကြောင်း ၊ ဤရောင်းချမှုအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၄-၀၂-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နှင့် အပိုဒ် ၅ အရ စီမံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အာဏာရှင်အဆုံးသတ်နိဂုံးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လ၊ ခိုင်မာပြတ်သားသောသန္နိဋ္ဌာန်ဖြင့် ပူးပေါင်း ပါဝင်ဝယ်ယူကြသူအားလုံးကို လေးစားဂုဏ်ပြု ဦးညွှတ်အပ် ကြောင်း NUG ၏ ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။ khit thit

ဟားခါး-ဖလမ်းလမ်းတွင်း စစ်ကောင်စီစစ် ကြောင်း ၃ ရက်ကြာ ကြားဖြတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီ တပ်သား ၂၀ သေဆုံးဟုဆို

ချင်းပြည်နယ်၊ ဟားခါးမြို့မှ ဖလမ်းမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သုံးရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား ဦးရေ၂၀ သေဆုံးကြောင်း ချင်းအမျိုးသားတပ်မတော် (CNA ) တပ်ဖွဲ့ထံကသိရသည်။

မေလ ၂ရက်နေ့တွင် ဟာခါးမှ ထွက်ခွာလာသော တင့်ကား နှစ်စီး ၊ စစ်ကောင်စီယာဉ် ၂၇စီးနှင့် အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းအား မေလ ၃ရက်နေ့မှ စတင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယနေ့ မေလ ၅ရက်နေ့အထိ တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ မြေပြင်ကို ရှင်းလင်းရေး မလုပ်ရသေးတော့ စစ်ကောင်စီဘက်က သေဆုံးမှု ကို အတိအကျမပြောနိုင်ပေမယ့် လှမ်းမြင်ရတဲ့ အရေအတွက်ကတော့ အယောက်၂၀လောက်ရှိပြီ။ မိုင်းနင်းမိလို့ ခြောက်ယောက် လဲကျသေဆုံးတာမျိုးတွေအပါအဝင်ပေါ့” ဟု CNA ၏ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမ ကိုပြောသည်။

မေလ ၅ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ဒေါက်ထစ်ရွာနှင့် ထရမ်လိုရွာအကြားတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် CNA ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ယခင်ရက် တိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ရဲဘော်စုစုပေါင်း ခြောက်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဟားခါး – ဖလမ်း လမ်းပေါ်ရှိ ရမ်ထလို ကျေးရွာ မှ လူနေအိမ် ကိုးလုံး ကိုမီးတင်ရှို့ခဲ့ပြီး နေအိမ်အချို့မှ ပစ္စည်းများအားလည်း ထွင်းဖောက်ယူ ဆောင်သွားကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီသည် တလန်ဇာ ကျေးရွာမှ လူနေအိမ် သုံးလုံးကို ထပ်မံမီးရှို့ခဲ့ပြီး ယခုထက်တိုင် မီးလောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

“လူနေအိမ်တွေကို မီးရှို့တဲ့အကြောင်းရင်း တစ်ခုက သူ့တို့ တပ်သားတွေရဲ့ အလောင်း တွေကို နီးစပ်တဲ့အိမ်တွေထဲထည့်ပြီး မီးရှို့တာရယ်။ နောက် သူတို့ အထိနာ ပြီဆိုရင် အနီးမှာရှိတဲ့ အိမ်တွေမီးရှို့တာမျိုးလုပ်တာ” ဟု ဆလိုင်းထက်နီကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည့် ခြေလျင်ဖြင့် စစ်ကြောင်းဖြန့်ဆင်းလာပြီး လမ်းဘေး ဝဲယာ ရှိတောင်ကြောများကို တက်ရောက်ရှင်းလင်း၍ ထွက်ခွာလာနေခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ကားများပေါ်တွင် ဟားခါးမြို့မှ ကလေးမြို့သို့ ပို့ဆောင်မည့် အချုပ်သား ၁၅ဦးနှင့် အမျိုးသမီးအချို့ပါဝင်နေပြီး ၎င်းတို့ကိုစောင့်ကြပ်သည့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ ကိုလည်း တွေ့ရှိ ရကြောင်း သိရသည်။

စစ်ကောင်စီ စစ်ကြောင်းနှင့်အတူတူ ပါဝင်လာသည့် အချုပ်သားများတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF အဖွဲ့ဝင်များဟု စွပ်စွဲဖမ်းဆီးခံထားရသူများလည်း ပါဝင်ကြောင်းသိရသည်။

ယခင်အချိန်များတွင် အချုပ်သားများအား ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လေ့ရှိသော် လည်း ယခု ကဲ့သို့ အများအပြားအား မြေပြင်(အောက်လမ်း) မှ သယ်ဆောင်ခြင်း သည် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ အမျိုးသမီးများအပါအဝင် အကျဉ်းသားများအား ခေါ်ဆောင်လာခြင်းမှာ စစ်ကောင်စီသည် ၎င်းတို့အတွက် လူသားဒိုင်းအဖြစ်အ သုံးချလို၍ ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သုံးသပ်ပြောဆိုသည်။

မကြာသေးခင်က ချင်းအမျိုးသားတပ်မတော်သည် စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စီးအား ပစ်ခတ်ခဲ့ရာ ရဟတ်ယာဉ်အား ထိမှန်၍ ပျက်စီးခဲ့ခြင်းမရှိသော်လည်း ရဟတ်ယာဉ် ထပ်မံ ဆင်းသက်ခြင်း မရှိသလောက် နည်းပါးသည်ဟု သိရသည်။

မဇ္ဈိမက နောက်ဆုံးရရှိထားသည့် သတင်းများအရ စစ်ကောင်စီယာဉ်တန်းသည် တလန်ဇာ ကျေးရွာ အနီးတွင် ဆက်လက်ရှိနေပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနိုင်သည် ဟု ဒေသများကဆိုသည်။ mizzima

ကလေး PDF တပ်ရင်းတွင် ဆေးဝါးအကူအညီများ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် ကလေး PDF တပ်ရင်း ၅ မှာ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ကလေး PDF အဖွဲ့က ပြောပါတယ်။

နွေရာသီအပြီး မိုးရာသီဝင်တော့မှာဖြစ်ပြီး ရာသီအကူးအပြောင်းကာလမှာ တပ်ရင်းက တပ်သားတွေ ဖျားနာမှု မရှိစေရေးအတွက် အလှူခံရတာလို့ ဆိုပါတယ်။

ကလေးနယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း ဒဏ်ရာရတဲ့ တပ်သားတွေကို ဆေးဝါးကုသပေးဖို့ လိုအပ်နေပါတယ်။

၃ လက်မ ၄ လက်မ ပတ်တီး၊ ၄ လက်မ ၅ လက်မ soft bandage၊ Betadine ဘူးသေး 10box၊ ကျောကပ်ပလာစတာ၊ Sterile Gauze၊ E’glove၊ Surgical Glove No-61/2,7၊ ကျောပိုးအိတ်အမာတလုံး၊ Oral Flumox၊ Oral Augmentin 625 စတဲ့ ဆေးပစ္စည်းတွေ လိုအပ်နေတာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင် လှူဒါန်းပေးကြဖို့ ကလေး PDF က ပြောပါတယ်။

“ပြည်သူလူထုက ပံ့ပိုးကူညီမှသာ ဝယ်ယူနိုင်မှာဖြစ်ပြီး တပ်သားတွေက ကျန်းမာ‌ရေးကောင်းမွန်မှသာ တိုက်ခိုက်နိုင်မှာကြောင့် ပြည်သူတွေက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ပါဝင်ပံ့ပိုးပေးကြပါလို့ မေတ္တာရပ်ခံ‌ကြောင်း၊ အရင်ပံ့ပိုး‌ပေးတဲ့ ပြည်တွင်းပြည်ပ အလှူရှင်တွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း။”

လက်ရှိမှာတော့ ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းကို အသုံးမပြုကြဖို့လည်း ကလေး PDF က အသိပေး ထုတ်ပြန်ထားပါတယ်။ DVB

မန္တလေး၌ စစ်လက်နက် ယန္တရားတပ် ဂိတ်ကင်းကို ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

မန္တလေး ၊ အမရပူရမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်လက်နက် ယန္တရားတပ် ဂိတ်ကင်းကို ယနေ့ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့ ဖြစ်သည့် Mandalay Ranger Force PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ဒီနေ့ မနက်အစောပိုင်းမှာ အမရပူရ ယန္တရားတပ် ဂိတ်ကင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးလေးယောက်လောက် ရှိခဲ့တယ်။ ပွိုင့် ၂၂ နဲ့ ငါးတောင့်ပဲ ပစ်ခဲ့ရတယ်။ သေနတ်က ဂျန့် ဖြစ်သွားလို့၊ သူတို့တွေ ချက်ချင်းတော့ ပြန်မပစ်နိုင်ခဲ့ဘူး” ဟု အဆိုပါ အဖွဲ့ဝင်က ပြောသည်။

ပစ်ခတ် တိုက်ခိုက်ပြီးနောက် အမြန် ပြန်လည် ထွက်ခွာခဲ့သည့် အတွက် စစ်ကောင်စီတပ်၏ အထိအခိုက်ကို မသိရှိသေးဘဲ ကာကွယ်ရေးတပ် ဖွဲ့ဘက်ကမူ အထိအခိုက် မရှိဟု ဆိုသည်။

“အမရပူရမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ လက်ကမ်းစာစောင် ဝေနေတာတွေ ရှိတယ်။ အဲဒါကြောင့် ပတ်ပြန်ခဲ့ရတယ်။ မန္တ လေးမှာက အခုရက်ပိုင်း အရမ်း တင်းကျပ်တယ်။ အခု တိုက်ခိုက်မှုမှာ သုံးခဲ့တဲ့ ပစ္စည်းကလည်း ငှားသုံးခဲ့တာပါ။ အဖွဲ့အစည်းတွေ ကနေ ပစ္စည်းကောင်းတွေ ဝယ်ဖို့ ကူညီဖို့ လိုပါတယ်။ ရှေ့မှာတိုးရင် ပြန်ပစ်ဖို့ ကျည်မချန်နိုင်ရင် ကွိပြီ” ဟု ၎င်းက ဆိုသည်။

တစ်မြို့လုံး အစစ်အဆေးများပြီး ဖိနှိပ်နေသည့်ကြား အသက်ကို ရင်းကာ ရအောင် လုပ်ခဲ့ခြင်း ဖြစ်ပြီး မန္တလေးမြို့ က မကြောက်တတ်သည့် အကြောင်း သက်သေပြရန် ပြည်သူများလည်း ပူးပေါင်း ပါဝင်ပြီး တော်လှန်ရေး ရဲဘော်များကို ကူညီပေးကြရန် Mandalay Rangers Force (ROM) အဖွဲ့က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မြို့အတွင်း ရပ်ကွက်များနှင့် လမ်းများတွင် ပိတ်ဆို့ စစ်ဆေးခြင်းများ ပြုလုပ်နေပြီး ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များကို အင်အားသုံးကာ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။

ယမန့်နေ့ မေလ ၄ ရက်နေ့ကလည်း မန္တလေးအခြေစိုက် ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် Dragon Warrior MDY PDF အဖွဲ့က “ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလို နေကြတဲ့ သူများနေတော့၊ ကျွန်‌တော်တို့အဖွဲ့ မြို့ပေါ်ကနေ စွန့်ခွာသွားပါပြီ။ မန်းသူ မန်းသားများ စိတ်အေး ချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့ နေခဲ့ကြပါတော့။ မန်းလေးမြို့ပေါ်မှာ ကျွန်တော်တို့တွေ ဘယ်လိုမှ နေလို့ရတဲ့ အ‌ခြေအနေ မဟုတ်တဲ့အတွက် မန်းမြို့ကြီးကို စွန့်ခွာသွားရပေမယ့် တစ်ချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကို ပြန်လာခဲ့ချင်ပါသေးတယ်” ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ လျှို့၀ှက်တိုက်ပွဲဝင်နေသူ UG များသည် ပြည်သူများ အတွက် လူမသိ သူမသိ ပေးဆပ်လျက်ရှိပြီး အခက်အခဲများကြား အသက်ကိုရင်းကာ ကြိုးစားနေသည်ကို သတိရ ပေးကြပါရန်နှင့် ပြည်သူသာလျှင် အဓိက ဖြစ်သည့်အတွက် ပူးပေါင်း ကူညီပေးကြရန်လည်း Mandalay Ranger Force – PDF တာဝန်ရှိသူက ပြောထားသည်။

မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် အနက်ရောင်သေမင်း အဖွဲ့ကလည်း ” ကိုယ်မြို့မှာ နေလို့မရတော့သည့်အ တွက် နေလို့ရသည့် နေရာမှာ နေပါပြီ။ ရန်ကုန်မြို့သို့ အနက်ရောက်သေမင်း မန္တလေးသား စစ်စစ်တို့ သွားကူညီ နေပါပြီ။ အောင်ပွဲရမှ ဒီမြို့ကြီးကို ပြန်လာပါတော့မည်။ ဂရုစိုက်ကြပါ ” ဟု ယနေ့ မေလ ၅ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ထားသည်။ mizzima

သံတောင်မြို့က ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ် သံတောင်မြို့ ရဲစခန်း ရဲတပ်သားနှစ်ဦးကို မေ ၅ ရက် မနက်က ပစ်သတ်ခဲ့တယ်လို့ သံတောင်ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲနှစ်ဦးဟာ ရဲတပ်ကြပ် စိုးမင်းထိုက်နဲ့ ရဲတပ်သား နောက်တဦးဖြစ်ပြီး သူတို့ဟာ ရဲစခန်း ကုန်းပေါ်ကနေ ဆင်းလာစဉ် မနက် ၈ နာရီကျော်မှာ သုတ်သင်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ရဲတပ်သားနှစ်ဦးရဲ့ လက်နက်၊ ကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း သံတောင်မြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး စောဆန်မြူရယ် (ခ) ဘိုတဲအဲန်ကို သံတောင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး သူ့အလောင်းကို လာယူတဲ့ စစ်ကောင်စီတပ်လည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

ငရုတ်ကောင်းမြို့နယ်တောထဲ သစ်ဆွဲနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သံပတ်ကွင်းကျေးရွာနေ ကိုဇော်မိုး ဆိုသူကို အမည်မသိ အဖွဲ့က မေလ ၄ ရက်နေ့ ညပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။

သံပတ်ကွင်းကျေးရွာ အနီး တောထဲ၌ သစ်ဆွဲနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သံပတ်ကွင်းတို့ သစ်ရောင်းတို့ ဘက်မှာ ဇော်မိုးသတင်းပေးလို့ အဖမ်းခံရတဲ့ ဒေသခံတွေ မနည်းဘူးဗျ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တချို့လည်း သူ့ကြောင့် အဖမ်းခံရတာမျိုးတွေ ရှိတယ်လို့ ကြားတယ်။ ငပုတောမြို့နယ်ထဲက PDF စခန်း တစ်ခု ဆိုရင် ဇော်မိုး သတင်းပေးလို့ ဖြိုခွဲခံလိုက်ရတာပါ။ အဲဒီတုန်းက PDF တွေရဲ့ လက်နက်တွေလည်း အသိမ်း ခံလိုက်ရတယ်” ဟု ဒေသခံ ကဆိုသည်။

ပစ်သတ်ခံရသူသည် ငပုတောမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် ရဲများ တောနင်း ရှာဖွေမှုများ ပြုလုပ်ရာတွင် လမ်းပြအဖြစ် ကူညီခဲ့သူဖြစ် ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းပြောဆိုမှုများနှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ယနေ့ ဧပြီလ ၅ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရဲများ သံပတ်ကွင်းကျေးရွာသို့ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။ mizzima

ပြည်တွင်းရွှေဈေး တကျပ်သား ကျပ်သိန်း ၂၀ အထက် ပြန်ရောက်

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ သတ်မှတ်ရွှေဈေးနှုန်းက ဒီနေ့ မေ ၅ ရက်မှာ ကျပ်သိန်း ၂၀ အထက်ကို ပြန်လည်ရောက်ရှိလာပါတယ်။

အသင်းရဲ့ မေ ၄ ရက် သတ်မှတ်ရွှေဈေးနှုန်းက ကျပ် ၁,၉၈၉,၃၀၀ ဖြစ်ပြီး ဒီနေ့မှာ ကျပ် ၂,၀၂၆,၇၀၀ ကို တိုးမြှင့် သတ်မှတ်ထားပါတယ်။ တရက်အတွင်း သတ်မှတ်ဈေး တကျပ်သားကို ကျပ် ၄၀,၀၀၀ ဝန်းကျင် ပြန်လည်မြင့်တက်ခဲ့တာပါ။

ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေက YGEA ရဲ့ သတ်မှတ်ဈေးနှုန်းကို ၅,၀၀၀ ကျပ် ပေါင်းထည့်ပြီး ရလာတဲ့ဈေးနှုန်းနဲ့ အရောင်းအဝယ်ပြုလုပ်ဖို့ မေ ၄ ရက်က ပြုလုပ်တဲ့  အသင်းအစည်းအဝေးမှာ ဆုံးဖြတ်ထားကြောင်း အသင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဈေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိအောင် နိုင်ငံခြားကနေ ရွှေတင်သွင်းဖို့ကိစ္စ၊ ဗဟိုဘဏ်ကို ရွှေရောင်းချပေးရေး တင်ပြဖို့ကိစ္စနဲ့ ရွှေတွင်းလိုင်စင်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီး ရွှေဝယ်ယူမှု ဆောင်ရွက်ဖို့ကိစ္စ အပါအဝင် နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုတွေမှာ တိုင်းနဲ့ ပြည်နယ်အသင်းတွေနဲ့ ဆက်သွယ်ပြီး တားဆီးဆောက်ရွက်ဖို့ ကိစ္စရပ်တွေကိုလည်း အဲဒီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁,၈၅၃ ကျပ်နဲ့ လဲလှယ်ဖို့ ဧပြီ ၃ ရက်မှာ သတ်မှတ်ပြီးနောက် အဲဒီနှုန်း ထားနဲ့အညီ ပြည်တွင်းရွှေဈေးကွက်ကို ဖွင့်လှစ်ရောင်းချနိုင်ဖို့ စစ်ကောင်စီက လုပ်ဆောင်လာခဲ့ပါတယ်။

အဲဒီလို ပြည်တွင်းရွှေဈေးနှုန်းကို ကန့်သတ်လိုက်တဲ့အတွက် ရွှေမှောင်ခိုဈေးကွက် ပေါ်လာနိုင်တယ်လို့ ဈေးကွက်သုတေသီတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

လက်တွေ့ ရွှေဈေးကွက်မှာလည်း သတ်မှတ်ဈေးနဲ့ ဈေးကွက်ဈေး ကွာဟချက် များနေတာကြောင့် ရွှေအတုံးအခဲဈေးကွက် အရောင်းအဝယ် ရပ်တန့်သလောက် ဖြစ်နေပြီး ပြင်ပရွှေဆိုင်တွေမှာလည်း ရွှေအထည်ပိုင်းသာ အဓိက အရောင်းအဝယ် လုပ်ဆောင်နေကြပါတယ်။ DVB

« Older Entries Recent Entries »