TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြား ပေါ်တာဆွဲခံရသည့် ရှမ်းလူငယ်တက်ကြွလှုပ်ရှားသူအပါအဝင် လူငယ် ၂ ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာတွင် မေလ ၄ ရက်နေ့ညနေက ဖြစ်ပွါးသည့် စစ်ကောင်စီတပ်နှင့် တအာင်းတပ် TNLA တို့တိုက်ပွဲအကြား ရှမ်းလူငယ်တက်ကြွလှုပ်ရှားသူ တစ်ဦးအပါအဝင် လူငယ်၂ ဦးသေဆုံးသွားကြောင်း သိရသည်။
ကွတ်ခိုင်မြို့မှ မူဆယ်မြို့သို့ ထွက်ခွာလာသည့် ရှမ်းလူငယ်များကွန်ရက်(TYN)က တက်ကြွလှုပ်ရှားသူလူငယ်နှင့် ၎င်း၏သူငယ်ချင်းတို့ မောင်းနှင်လာသောကားကို မူဆယ်မြို့ နမ့်ပေါ်တံတားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးကာ ၎င်းတို့ကိုတင်ဆောင်သွားရန် အဓမ္မခိုင်းစေခံခဲ့ရပြီး မော်တောင်းကျေးရွာအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။
ယင်းပစ်ခတ်မှုကို တောင်ကုန်းတစ်ခုပေါ်မှ နေရာယူထားသော TNLA တပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ကနဦးသိရသော်လည်း အ သေးစိတ်အချက်အလက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ညနေ ၅နာရီခွဲဝန်းကျင်၌ စတင်ခဲ့သောတိုက်ပွဲမှာ မိနစ်သုံးဆယ်ခန့်ကြာမြင့်ခဲ့ပြီး လက်နက်ကြီးသံနှင့် စက်သေနတ်သံများကိုကြားရကြောင်း ဒေသခံ အချို့၏ ပြောကြားချက်အရ သိရသည်။
စစ်ကောင်စီတပ်မှ အဓမ္မခေါ်ဆောင်သွားခြင်းခံရသည့် လူငယ်နှစ်ဦးမှာ အဆိုပါတိုက်ပွဲကြားတွင် လက်နက်ကြီး ထိမှန်သေဆုံးသွားခဲ့ပြီး စစ်ကောင်စီတပ်သားများလည်း သေဆုံးမှုများရှိသည်ဟု သိရသည်။
သေဆုံးသူလူငယ်မှာ ရှမ်းပြည်ညီညွတ်ရေးကော်မတီ(CSSU)၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းနှင့် နိုင်ငံရေးလုပ်ငန်းများ၌ တက်ကြွစွာပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မူဆယ်-ကွတ်ခိုင်လမ်းပိုင်းတွင် အရပ်သားယာဥ်များကိုမကြာခဏ ပေါ်တာဆွဲလေ့ရှိရာ လက်နက်ကိုင်များအနေဖြင့် အရပ်သား ပစ်မှတ်များကို အတတ်နိုင်ဆုံးရှောင်ရှားကြရန်လည်း ဒေသခံယာဉ်မောင်းများက တောင်းဆိုနေကြသည်။ mizzima