Monthly Archives: May 2022

မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏ ၃၀ ရာခိုင်နှုန်းအထိ ထိုးကျ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏက ၃၀ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ရပြီး မြန်မာ့စွမ်းအင်ကဏ္ဍဟာ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ထိခိုက်မှုနဲ့ ကြုံတွေ့နေရစဉ် စစ်အာဏာသိမ်းလိုက်တဲ့လုပ်ရပ်ကြောင့် လွန်ခဲ့တဲ့နှစ်အ နည်းငယ်အတွင်းက အခြေတည်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အခြေအနေကောင်းတွေဟာ ပျက်စီးခဲ့ရပြီလို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

ကမ္ဘာ့ဘဏ် အဆိုအရ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်အထိ ၅ လတာ ကာလအတွင်းမှာ လျှပ်စစ်ထုတ်လုပ်နိုင်မှုပမာဏက မဂ္ဂါဝပ် ၃၇၁၁ ရှိခဲ့ရာကနေ မဂ္ဂါဝပ် ၂၆၆၅ အထိသာ ထုတ်လုပ်နိုင်တဲ့ အတွက် မဂ္ဂါဝပ်ပေါင်း ၁၀၄၆ လျှော့ကျလာပြီး ရာခိုင်နှုန်းအားဖြင့်  ၃၀ ရာခိုင်နှုန်းအထိ ထိုးကျခဲ့ရတာလို့ဆိုပါတယ်။

မြန်မာ့စွမ်းအင်ကဏ္ဍအပေါ် ကမ္ဘာ့ဘဏ်ရဲ့ စောင့်ကြည့်လေ့လာတဲ့အစီရင်ခံစာအရ စစ်တပ်က အာဏာသိမ်းပြီးနောက် လျှပ်စစ်နဲ့စွမ်းအင်ဝန် ကြီးဌာန လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းပေါင်း ၄၄၀၀ ကျော်တို့ကို စစ်ကောင်စီက အလုပ်မှထုတ်ပယ်လိုက်တာက စွမ်း အင်ကဏ္ဍမှာ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။

ဒါ့အပြင် လူထုက အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကို ဖီဆန်ကာ မီတာခ မပေးသွင်းဘဲ သပိတ်မှောက် ဆန္ဒပြမှုနဲ့အတူ  ပုဂ္ဂလိက စွမ်းအင်ထုတ်လုပ်သူတွေကို ပေးချေရတဲ့ နိုင်ငံခြားငွေတန်ဖိုး မြှင့်တက်လာတဲ့ အကျိုးဆက်တွေက စစ်ကောင်စီရဲ့ ဘဏ္ဍာရေးကို ထိခိုက်စေပြီး စွမ်း အင်ကဏ္ဍအပေါ် သက်ရောက်မှုများစွာ ရှိလာပါတယ်။

အခုလို အခြေခံအဆောက်အအုံဖြစ်တဲ့ လျှပ်စစ်မီးအား အချိန်မှန် မပေးနိုင်တဲ့ အကျိုးဆက်က အလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းနဲ့အတူ ဆင်းရဲမွဲတေမှုကို ပိုဆိုးလာဖို့ ရှိတယ်လို့ စီးပွားရေးသုတေသီတွေက ဆိုပါတယ်။

ပြည်ပရောက်စီးပွားရေးသုတေသီတယောက် “လျှပ်စစ်မီး ပြတ်တောက်မှုက အခု ၆လ ၊ ၁နှစ် အတွင်းမှာကို အသေးစားနဲ့ အလတ်စားလုပ် ငန်းတွေပေါ်မှာ သက်ရောက်မှုက ရှိနေပြီ။ အခုဆိုရင် ထုတ်လုပ်မှုတွေ ကျဆင်းနေပြီ။ ထုတ်လုပ်မှု ကျဆင်းရင် ဘာဖြစ်မလဲဆို အလုပ်လက်မဲ့တွေ များလာမယ်။ ဒါဆိုရင် ဆင်းရဲမွဲတေမှုက ပိုဆိုးလာလိမ့်မယ်။ အဲ့တော့ ဒါကို ဘယ်လို ကိုင်တွယ်မလဲပေါ့။ ဒါပေမဲ့ အခု ကျနော်တို့ ကြည့်လိုက်တဲ့အခါ စီးပွားရေးပေါ်လစီက ထုံးစံအတိုင်းဘဲ တွေ့ရတယ်။ စစ်ကောင်စီကတော့ လုံခြုံရေးအပိုင်းကို ပိုပြီး ဦးစားပေးမယ့် သဘောမှာရှိတယ်။ ဆိုတော့ လုံခြုံရေးကို ဦးစားပေးမယ်ဆိုရင် ကာကွယ်ရေးနဲ့လုံခြုံရေးစရိတ်က တက်မှာပဲ။  အဲ့စရိတ်က ဒီနှစ်လည်း တက်တယ်၊ နောက်နှစ်လည်း တက်မှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စီးပွားပညာရှင်တဦးကလည်း “စီးပွားရေး သီအိုရီကတော့ ရှင်းတယ်။ ကာကွယ်ရေးနဲ့လုံခြုံရေးမှာ ပိုသုံးရင် တခြားကဏ္ဍတွေမှာ လျှော့သုံးရတာဘဲ။ ဘာကြောင့်လဲဆို ဘတ်ဂျက်ရဲ့ သဘောအရ တခုကို ပိုသုံးရင် တခုကို လျှော့သုံးရတာဘဲ။ အဲ့တော့ လျှော့တဲ့အထဲမှာ ဘာတွေပါသွားလဲဆိုတော့ အရေးကြီးတဲ့ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍအပြင် ပညာရေးနဲ့ကျန်းမာရေး အသုံးစရိတ်တွေ အကုန်ပါသွားတယ်နော်။ ကမ္ဘာ့ကုလ သ မဂ္ဂအစီရင်ခံစာက ဘာပြောလဲဆိုရင် ကာကွယ်ရေးအသုံးစရိတ်က ပညာရေးနဲ့ကျန်းမာရေး အသုံးစရိတ်ထက် မများရဘူးလို့ ပြောထားတာ။ ဒါပေမဲ့ မြန်မာပြည်ကိုကြည့်လိုက်ရင် ကာကွယ်ရေးအသုံးစရိတ်က အမြဲတမ်း မြင့်နေတာနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်ဥပဒေအရ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က ပြည်ထောင်စုဝန်ကြီးဌာ နတွေရဲ့ စုစုပေါင်းအသုံးစရိတ်ရဲ့  ၄ ရာခိုင်နှုန်းအောက်မှာ ရှိတဲ့အတွက် ကာကွယ်ရေး အသုံးစရိတ်နဲ့ယှဉ်ရင် အဆ ၅ ဆ ကွာခြားမှု ရှိနေတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏက မဂ္ဂါဝပ် ၄၀၀၀ ဝန်းကျင်သာရှိပြီး ဒီပမာဏထဲက အစိုးရပိုင်းမှ ထုတ်လုပ်နိုင်မှုက ၄၀ ရာခိုင်နှုန်းကျော်သာပါဝင်ပြီး ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်းက ပုဂ္ဂလိကကဏ္ဍက  ဖြစ်ပါတယ်။

ပုဂ္ဂလိကကဏ္ဍက လျှပ်စစ်ဓာတ်အားထုတ်ယူမှုအပိုင်းမှာ  အစိုးရနဲ့ ပုဂ္ဂလိကဖက်စပ် လုပ်ကိုင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းတွေမှာ  တရုတ်ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုက အနည်းဆုံး ၃ ပုံ ၂ ပုံအထိ ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၂၀ လေးနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုက အရင် စစ်အစိုးရတွေလက်ထက်ကထက် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့် ထုတ်လုပ်လာနိုင်ခဲ့ပြီး တနိုင်ငံလုံး ရှိလူဦးရေ၏ ၅၄ ရာခိုင်နှုန်းက လျှပ်စစ် ဓာတ်အား အသုံးပြုနေရပြီ ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိပါတယ်။

ဒါကြောင့်ဘဲ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ အမျိုးသား လျှပ်စစ် မဟာဗျူဟာ အစီအစဉ် (National Electricity Master Plan) အရ ၂၀ ၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၈၀၀၀ ကျော်မဂ္ဂါဝပ် ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ၁၀၃၇၉ မဂ္ဂါဝပ် (လူဦးရေ၏ ၇၅ ရာခိုင်နှုန်း) နဲ့ ၂၀၃၀ မှာ တနိုင်ငံလုံး မီးလင်း ရေးအတွက် ၂၃၅၉၄ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်သွားဖို့  မျှော်မှန်း ထားခဲ့ပေမယ့် ဒီရည်မှန်းချက်တွေက  စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားပြီဖြစ်ပါတယ်။ DVB

တန့်ဆည် ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး ပြည်သူပိုင် နေ အိမ် ၂၀ ကျော် ပြာကျ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကြောင်ဆင်းအိုင်နှင့် ကံကလေးကုန်း ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀ ကျော် မီးလောင် ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ကြောင်ဆင်းအိုင်ရွာကို အကြမ်းဖက် စစ်တပ်က မေလ ၄ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး မေလ ၅ ရက်နေ့တွင် ပြည်သူပိုင် နေအိမ် ၂ လုံးနှင့် စပါးကျီ ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ကာ ပစ္စည်းများ စားသောက်ကုန်များကို ခိုးယူ လုယက်သွားကြောင်း သိရသည်။

ကံကလေးကုန်း ကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က မေလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင် ၂ ရက်ဆက်တိုက် မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေ အိမ် အလုံး ၂၀ ခန့် မီးလောင် ပြာကျခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွှေနှောက်ခဲ့ပြီး ပြည်သူများ စုဆောင်းထားသည့် ဆန်၊ ဆီနှင့် ရိက္ခာ ပစ္စည်းများကို ခြင်းကြားများ ထဲထည့်ကာ ခိုးယူသွားကြောင်း သိရသည်။ khit thit

ဟားခါး-ဖလမ်း လမ်းပိုင်းတိုက်ပွဲတွင် ချင်းကာကွယ်တပ်ဖွဲ့ဘက်မှ ၈ ဦး ကျဆုံး ဟုဆို

ချင်းပြည်နယ် ဟာခါး-ဖလမ်းလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ မေလ ၅ ရက်နေ့ တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA မှ ရဲဘော်လေးဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang မှလေးဦး စုစုပေါင်း ရှစ်ဦး ကျဆုံးသွားကြောင်း သိရသည်။

“ကျနော်တို့ဘက်က ရဲဘော်တွေ ကျဆုံးသွားတာမှန်ပါတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်ခံရလို့ အခုလိုဖြစ်သွားရတာ ပါ” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

မေလ ၅ ရက်နေ့က တားရ်(Taal)ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲအတွင်း ကျဆုံးခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖက်မှအကျအဆုံးအား အတည်ပြု၍မရရှိသေးကြောင်း ဆိုသည်။

မေလ ၂ ရက်နေ့တွင် ဟားခါးမှ ထွက်ခွာလာသော တင့်ကားနှစ်စီး ၊ စစ်ကောင်စီယာဉ် ၂၇ စီးနှင့်အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား မေလ ၃ ရက်နေ့မှစတင်၍ ချင်းပူးပေါင်းကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက် ခိုက်နေခြင်း ဖြစ်သည်။

အမျိုးသမီးများအပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲအဖမ်းဆီးခံထားသူ အကျဉ်းသား ၁၅ ဦးခန့် ခေါ်ဆောင်လာသော ယင်းစစ်ကြောင်းအား ယမန်နေ့ မေလ ၅ ရက်အထိ CNA နှင့် ချင်းကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ဟားခါး – ဖလမ်း လမ်းပေါ်ရှိ ရမ်ထလိုကျေးရွာမှ လူနေအိမ်ကိုးလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အချို့မှ ပစ္စည်းများအားလည်း ဖောက်ထွင်းယူဆောင်သွားခဲ့ကာ တလန်ဇာကျေးရွာမှ လူနေအိမ်သုံးလုံးကို ထပ်မံ မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဖလမ်း – ဟားခါး လမ်းမကြီးပေါ်တွင် ထိတွေ့တိုက်ပွဲများ အချိန်မရွေးဖြစ်ပေါ်နိုင်သည့် အခြေအနေရှိသောကြောင့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာခြင်းမပြုရန် အထူးသတိပေးအပ်ကြောင်း CNDF မှ ယနေ့မေလ ၆ရက်နေ့ တွင်ထုတ်ပြန်ထားသည်။

မဇ္ဈိမက နောက်ဆုံးရရှိထားသည့်သတင်းများအရ စစ်ကောင်စီယာဉ်တန်းသည် တားရ်ကျေးရွာမှ ဆက်လက်ထွက် ခွာနေသည့်အတွက် တိုက် ပွဲများဆက်လက်ဖြစ်ပွားနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က စစ်ရေးလေ့လာနေသူထံမှ သိရသည်။ mizzima

ပုလဲမြို့နယ် အင်မထီးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို PDF က အလစ်ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာက ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့တွေကို ဒီနေ့ မေ ၆ ရက် မနက် ၉ နာရီက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့မှ ကိုဖိုးသားက ပြောပါတယ်။

“တိုက်ပွဲဖြစ်ခဲ့တာ ဟုတ်တယ်။ ဒီကောင်တွေ သာယာကုန်းရွာဘက်ကို ရိက္ခာလုယူဖို့ လာတဲ့အချိန်ကို ကျနော်တို့အဖွဲ့တွေက ကြားဖြတ်တိုက် ခိုက်ခဲ့တယ်။ ကျနော်တို့ဘက်က အကျအဆုံး မရှိခဲ့ဘူး။ သူတို့ဘက်ကတော့ နှစ်ဦးကျတယ်။ အလောင်းကို ဒရွတ်တိုက် အင်မထီးရွာထဲ ဆွဲဝင်ပြေးသွားတာ မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတယ်။”

အဲဒီတိုက်ပွဲမှာ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ ၈ မှ ဗိုလ်ဒေါင်းညို ဦးဆောင်အဖွဲ့နဲ့ MRDA ဗိုလ်နဂါး လက်အောက်ခံ မြေပြင်သိန်းငှက်အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်လိုလို ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီတပ်တွေက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း ပုလဲမြို့နယ် သတင်းကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၉၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အင်မထီးရွာ တိုက်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် အချိန်အခါကောင်းမဟုတ်ဟု KNPP ထုတ်ပြန်၊ ပြည်သူလူထုနှင့်အတူ ရပ် တည်မည်ဟု CNF စာထုတ်၊ KNU လည်း တက် မည်မဟုတ်

မင်းအောင်လှိုင်က ဧပြီလ ၂၂ ရက်နေ့တွင် ၎င်း၏ ဝါဒဖြန့်မီဒီယာများမှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုသည် တနိုင်ငံလုံးလွှမ်းခြုံသည့် ဆွေးနွေးမှုမဖြစ်သကဲ့သို့ တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်အခါကောင်းမဟုတ်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ထုတ်ပြန်သည်။

အလားတူ ချင်းအမျိုးသားတပ်ဦး CNF ကလည်း ပြည်ထောင်စု၏ ပြဿနာကို ပါဝင်သင့်သော Stakeholder များအားလုံး ပါဝင်သည့် နိုင် ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်လိုအပ်ကြောင်း၊ ချင်းအမျိုးသားတပ်ဦး အနေဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်သွားမည်ဖြစ် ကြောင်း ယနေ့ မေလ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက KNU အနေဖြင့် သဘောထားပြောင်းလဲခြင်းမရှိဘဲ ယခင်ရပ်တည်ချက်အတိုင်း စစ်ကောင်စီ၏ ဖိတ်ခေါ်ချက်ကို တက်ရောက်မည်မဟုတ်ကြောင်း လူထုနွေဦးသတင်းဌာနသို့ ပြောဆိုသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏ ထုတ်ပြန်ချက်တွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် စစ်ကောင်စီက စိတ်ရင်းစေတနာအမှန်ဖြင့် အင်အားစုအားလုံးကို ဖိတ်ခေါ်မှသာ လက်ရှိ ရင်ဆိုင်ကြုံတွေ့နေသည့် နိုင်ငံရေးအကြပ်အတည်းအတွက် လမ်းပွင့်သွားမည်ဖြစ်ကြောင်း ဆိုသည်။

လက်ရှိ စစ်တပ်၏ ဒေသအသီးသီးသို့ ထိုးစစ်ဆင်နေမှုများအား ချွင်းချက်မရှိ အမြန်ဆုံး ရပ်တန့်ရန်နှင့် စစ်အင်အား ဖြည့်တင်းနေမှုများကို ချက်ချင်းရုပ်သိမ်းရန်၊ စစ်ဘေးရှောင်ပြည်သူများကို ကုလသမဂ္ဂအဖွဲ့အစည်းများအပါအဝင် နိုင်ငံတကာအကူအညီပံ့ပိုးမှုများကို ဆောင်ရွက်နေသော အဖွဲ့အစည်းများအား တရားဝင် လွတ်လပ်စွာ ပံ့ပိုးကူညီရေးလုပ်ငန်းများ ဆောင်ရွက်ခွင့် ပြုရန် စသည့်အချက် ၂ ချက်ကို တောင်းဆိုထားသည်။

ချင်းအမျိးသားတပ်ဦး CNF က ပြည်ထောင်စု၏ ပြဿနာကို ပါဝင်သင့်သော Stakeholder များအားလုံး ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန်လိုအပ်ကြောင်း၊ ပြည်သူလူထုနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်လိုက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အနေ ဖြင့် တက်ရောက်မည်မဟုတ်ကြောင်း ယမန်နေ့က တရားဝင် ကြေညာချက် ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အ စည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ကလည်း ယနေ့ မေလ ၆ ရက်နှင့် ၇ ရက်တွင် စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို အဖွဲ့အတွင်း အကျေအလည်ဆွေးနွေးနေကြောင်းနှင့် အစည်းအဝေးကို မေလ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြောက်ပိုင်း ညီနောင်သုံးဖွဲ့ဖြစ်သည့် ရခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့် MNDAA တပ်ဖွဲ့များက ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို မတက်ရောက်ဟု သတင်းများထွက်ပေါ်နေပြီး အဆိုပါ အဖွဲ့များက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ khit thit

ကျောက်ဆည်မြို့တွင် NLD ပါတီဝင်အမျိုး သားနှစ်ဦး အသတ်ခံရ

ကျောက်ဆည်မြို့တွင် NLD ပါတီဝင်အမျိုးသားနှစ်ဦး အသတ်ခံရပြီး သွေးသောက်အဖွဲ့ လည်ဆွဲကတ်ပြား ချိတ်ဆွဲလျက် လမ်းဘေးတွင်စွန့် ပစ်ခံထားရကြောင်း သတင်းရရှိသည်။

“ကျောက်ဆည်-ပလိပ်လမ်းဆုံမှာ စွန့်ပစ်ခံထားရတာပါ။ လည်ပင်းမှာ သွေးသောက်အဖွဲ့စာတန်းနဲ့ လည် ဆွဲချိတ်ထားတယ်။ အလောင်းတွေတွေ့တယ်လို့ သတင်းပေးတာက စစ်အုပ်စုဘက်က သတင်းစဖြန့်တာ ပါ။ သွားကြည့်တော့ တကယ်ကြီးဟုတ်နေတယ်” ဟု ကျောက်ဆည်မြို့ခံသတင်းရင်းမြစ်က ပြောသည်။

အသတ်ခံရသူနှစ်ဦးသည် ကျောက်ဆည်မြို့ တံတားလည်ရပ်နှင့် ကြက်မင်းတွန်ရပ်တို့မှ ဦးတင်သိန်းနှင့် ဦးညိုထွန်းဇော်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးမှာ NLD ပါတီအမာခံများဖြစ်ကြောင်း သိရသည်။

“အလောင်းတွေမှာ သွေးသောက်အဖွဲ့ဆိုတဲ့ လည်ဆွဲပါတယ်။ နောက်ပြီးတော့ စဖွတာက PDF ကို ထောက်ပို့လုပ်လို့ဆိုပြီး စဖွတယ်။ ရင်ဘတ်မှာ ကျည်ဆန်ရာတွေနဲ့ အသတ်ခံထားရတာပါ” ဟု ကျောက်ဆည်မြို့ခံတစ်ဦးက ပြောသည်။

မန္တလေးမြို့အပါအဝင် မြို့ကြီးအချို့တွင် သင်္ကြန်ကာလနောက်ပိုင်းမှစ၍ NLD ပါတီဝင် မိသားစုများနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများအား စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးသတ်ဖြတ်နေသလို သွေး သောက်အဖွဲ့ အနီရောင်စစ်ဆင်ရေး (MDY)ကလည်း အလားတူသတ် ဖြတ်နေကြောင်း သိရသည်။

သတ်ဖြတ်ခံထားရသည့်အလောင်းများတွင် သွေးသောက်အဖွဲ့ အနီရောင်စစ်ဆင်ရေးစာတန်းပါ လည်ဆွဲ ကတ်ပြားချိတ်ဆွဲခံထားရပြီး ထိုသို့သတ်ဖြတ်ခံရသည်မှာ မန္တလေးတစ်မြို့တည်းတွင် ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်းသိရသည်။ mizzima

ပခုက္ကူခရိုင်တွင်းမှ ပြည်သူများကို စစ်ကောင် စီတပ် ဆက်တိုက်ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အသုံးပြုမှုကို စောင့်ကြည့်ပြီး ပြည်သူတွေကို ဆက် တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ကို အချိန်ပြည့်စောင့်ကြည့်ပြီး အခုရက်ပိုင်းမှာ နေအိမ်တွေထိ လိုက်လံဖမ်းဆီးတာတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်။ ဒီတပတ်အတွင်းမှာကို အဖမ်းခံရသူ ၁၀ ယောက်ထက် မနည်းတော့ဘူး။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ နွေဦးတော်လှန်ရေး စာသားတွေ ရေးထားတာတွေ့တာနဲ့ PDF လို့ စွပ်စွဲပြီး တန်းဖမ်းတော့တာ။ ဒါက ပြည်သူတွေကို အကြောက်တရားနဲ့ ဖိနှိပ်အုပ် ချုပ်ဖို့ ကြိုးစားလာတာ။ သူတို့တွေ ဘယ်လောက်ပဲ ဖိနှိပ်ပါစေ၊ ပြည်သူတွေက ဖက်ဒရယ် ဒီမိုကရေစီ ရရှိတဲ့အထိ အဆုံးသတ်တိုက်ပွဲ ဆင်နွှဲဖို့ ဆုံးဖြတ်ပြီးသား” လို့ ပခုက္ကူမြို့ ဒေသခံတယောက်က ပြောပါတယ်။

ပေါက်မြို့နယ် သရက်တောရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်မှာ ဒီကနေ့ မေ ၆ ရက် မနက် ၁၀ နာရီလောက်က ဆောမြို့နယ်က ခရီး သွားလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုအောင်မျိုးမင်းနဲ့ မဖြူဖြူဖြိုးတို့ကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့သလို မနေ့ မေ ၅ ရက်မှာလည်း ဆောမြို့နယ်က ကိုအောင်မျိုးလင်းကို ခရီးသည်တင်ကားပေါ်ကနေ ဖမ်းဆီးကာ ပေါက်မြို့မရဲစခန်းကို ခေါ်သွားတယ်လို့ သရက်တောရွာ ဒေသခံတယောက်က ဆိုပါတယ်။

ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက်က ကိုစိုင်းဝဏ္ဏနဲ့ ကိုအောင်မြင့်မြတ်တို့ကိုလည်း မေ ၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက နေအိမ်ထိ လိုက်လံပြီး ရိုက်နှက်ဖမ်းဆီးကာ ပခုက္ကူရဲစခန်းကို ခေါ်သွားကြတယ်လို့ ပခုက္ကူမြို့ အမှတ် ၁၁ ရပ်ကွက်မှ ပြည်သူတယောက်က ပြောပါတယ်။

မြိုင်မြို့နယ် CDM ပညာရေးဝန်ထမ်းတယောက်က “ဒီအခြေနေကတော့ အတော်လေး ဂရုစိုက်နေကြရမှာ။ စစ်ကောင်စီဘက်က အကြောင်းအမျိုးမျိုးပြပြီး လိုက်လံဖမ်းဆီးနေတာ။ ပြည်သူလူထုတွေရော CDM ဝန်ထမ်းတွေပါ လုံခြုံရေးသတိရှိဖို့ လိုလာပြီ။ CDM ဝန်ထမ်းတွေကိုလည်း အကြောင်းရှာ ဖမ်းဆီးနေလို့ ဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာတော့ PDF သင်တန်းဆင်းတွေ၊ မိုင်းထောင်ဖောက်ခွဲ ပြုလုပ်သူတွေ၊ အစိုးရကို ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားဖော်ပြသူတွေ ဖမ်းဆီးရမိတယ်ဆိုပြီး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ DVB

ပေါက်မြို့နယ်၊ ချက်ကန်ရွာကို မီးလာရှို့သည့် စစ်တပ်ကို ခုခံ တိုက်ခိုက်ရင်း YRF ရဲဘော် ၂ ဦး ကျဆုံး

ပေါက်မြို့နယ် တောင်ပိုင်းရှိ ချက်ကန်ရွာကို မီးလာရှို့သည့် အကြမ်းဖက် စစ်တပ်အား ခုခံ တိုက်ခိုက်ရင်း လူငယ်တော်လှန်ရေး တပ်ဦး (YRF)မှ ရဲဘော် နေလင်းထက်နှင့် ရဲဘော် ဇေယျာအောင်တို့ မေလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ကျဆုံးခဲ့ကြောင်း YRF မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ရဲဘော် နေလင်းထက်သည် မေလ ၄ရက်နေ့၌ ချက်ကန်ရွာကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်း မီးရှို့ရန် ရောက်ရှိလာစဉ် တိုက်ပွဲ ဖြစ် ပွားခဲ့ကာ တိုက်ပွဲအတွင်း သေနတ် ကျည်ထိမှန်ပြီး ဆေးကုသမှု ခံယူစဉ် မေလ ၅ ရက်နေ့၌ ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ တိုက်ပွဲတွင် စစ်သား ၁၈ ဦး မိုင်းဆွဲခံရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ရဲဘော်နေလင်းထက်က ချက်ကန်ရွာကိုစစ်ကြောင်းထိုးလာသော ပျူခွေး၊စစ်ခွေးတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၄ ရက်နေ့ ညနေက ကျည် ဗိုက်ဖောက်ထွက်သွားခဲ့ပါတယ်။ ဆေးကုသမှု ခံယူရာမှ တစ်ရက်သာ ခံပြီး ဆုံးသွားပါတယ်” ဟု YRF ရဲဘော်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

ရဲဘော် ဇေယျာအောင်သည် မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ချက်ကန်ရွာ ပြည်သူများ ရွာထဲသို့ ပြန်ဝင်မည်ဟု ဆိုကာ အကြမ်းဖက်စစ်ကောင် စီကို ထောင်ထားသည့် မိုင်းများကို ပြန်လည် ဖြုတ်ရာတွင် မိုင်းတစ်လုံးပေါက်ကွဲပြီး ခြေထောက်ပြတ်သွားခဲ့ကာ ဆေးရုံသို့ ပို့ဆောင်စဉ်တွင် ကျဆုံးသွားခဲ့ကြောင်း YRF ထံမှ သိရှိရသည်။khit thit

အရာတော်မြို့နယ်တိုက်ပွဲတွင် ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ၊အရာတော်မြို့နယ်၊ညောင်ပင်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း မုံရွာခရိုင်တပ်ရင်း ၂ – ၃- ၄ (Chindwin Attack Force) က ယမန်နေ့ မေလ ၅ရက် တွင် ထုတ်ပြန်ကြေညာသည်။

မေလ ၂ရက်နေ့ အရာတော်မြို့နယ် မလဲသာ ကျေးရွာ အိမ်ခြေ ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးသည့်အပြင် ၄၀မမ ၆၀မမ ကျည်အမျိုးအစားတို့ဖြင့် ပစ်ခတ်ကာ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မုံရွာခရိုင်တပ်ရင်း(၄) (Chindwin Attack Force) တပ်ခွဲ (၃) Ayardaw Falcon Force (AF2) မှ ရဲဘော် ကိုမင်းသိန်းအောင် (အသက် ၁၇)နှစ် ကျဆုံးခဲ့ပြီး ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ကျော်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ၄၀မမ ဖြင့် နှစ်ချက်ပြန်လည်ပစ်ခတ်ချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်းဆိုသည်။

ယင်းတိုက်ပွဲအား မုံရွာခရိုင်တပ်ရင်း (၄) (Chindwin Attack Force) တပ်ခွဲ(၁) သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ တပ်ခွဲ (၃) Ayardaw Falcon Force (AF2) မှ ဦးဆောင်ပြီး Ayardaw Bone Naing PDF (A.B.N.PDF) ၊ Black Eagle Defence Force – MMU ၊ Excellent Flag တပ်ဖွဲ့ ၊ ဗမာ့ဇာမဏီတပ်ဦး BPF ၊ People’s Guerillas Commando – MMU ၊ ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့ ၊ ATM မြေပြင်ပြောက်ကျား တပ်ဖွဲ့ ၊ Night OF The Red Land(KORL) ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၁) MPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၃ရက်နေ့ကလည်း မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာသို့ စစ်ကောင်စီတပ်များ ရွှေ့ပြောင်းသွားသဖြင့် ရှော့တိုက်ဒုံးများ၊ လက်နက်ငယ်များဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကာ ၄၅မိနစ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မေလ ၅ရက်နေ့ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုအား အတိအကျမသိရသော်လည်း ၎င်းတို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

ယင်းတိုက်ပွဲကို မုံရွာခရိုင်တပ်ရင်း (၄ ) (Chindwin Attack Force) တပ်ခွဲ(၁) သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ တပ်ခွဲ (၃) Ayardaw Falcon Force (AF2) မှ ဦးဆောင်ပြီး Ayardaw Bone Naing PDF (A.B.N.PDF) ၊ Black Dragon Special Task Force ၊ People Defense Force – South Monywa ၊ Excellent Flag တပ်ဖွဲ့ ၊ ဗမာ့ဇာမဏီတပ်ဦး BPF ၊ အရာတော်မြို့နယ် ပကဖ ၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ ၊ ATM မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Night OF The Red Land(KORL) ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima

ထီးလင်းမြို့နယ်ကို စစ်ကောင်စီတပ် ထိုးစစ်ဆင်၊ ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ကို စစ်ကောင်စီတပ်တွေဟာ ဧပြီ ၁၇ ရက်နေ့ကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေလို့ ကျေးရွာပေါင်း ၁၆ ရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ PDF-ထီးလင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သူလင်းကျော်က ဒီဗွီဘီကို ပြောပါတယ်။

ထီးလင်းမြို့နယ်ကို စစ်ကောင်စီတပ်သား အင်အား ၅၀၀ ကျော် စစ်ကြောင်းသုံးကြောင်းနဲ့ ဧပြီ ၁၇ ရက်နေ့ကစပြီး ထိုးစစ်ဆင်နေတာကြောင့် လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၁၆ ရွာလောက်က ဒေသခံပြည်သူ ၃,၆၀၀ ကျော်လောက်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းတကြောင်းချင်း ပြောရမယ်ဆိုရင် ကျနော်တို့ ကျင်းရဲစခန်းကို စသိမ်းကတည်းက က.ပ.စ ၂၀ က အင်အား ၂၀၀ လောက်နဲ့ စစ် ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်ဗျ။ ပုံတောင် တောင်ရိုးပေါ်မှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေ တပ်စွဲထားလို့ ကျင်းအုပ် စုအနီးနားက ကျေးရွာ ၉ ရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပြီး ယနေ့အချိန်ထိ အိမ်မပြန်ရဲသေး ဘူး။”

ဂန့်ဂေါဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းက အင်အား ၁၂၀ လောက်ရှိပြီး အဲဒီ လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာ ၇ ရွာလောက်က ဒေသခံပြည်သူ ၅၀၀ ကျော်လောက် ထွက်ပြေးနေကြကာ မတူပီ-မင်းတပ်ဘက်က ဆင်းလာတဲ့ စစ်ကြောင်းတကြောင်းကတော့ အင်အား ၂၀၀ လောက်ရှိပြီး ထီးလင်းဘက်ကို မရောက်သေးဘဲ ကျောက်ထုနယ်မြေမှာပဲ ရှိသေးတယ်လို့ ဆိုပါတယ်။

ကျင်းကျေးရွာ ဒေသခံပြည်သူတယောက်က “ကျနော်တို့ရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်ပွားနေလို့ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးနေကြရတယ်ဗျ။ တချို့ကတော့ တိုက်ပွဲဧရိယာနဲ့ဝေးတဲ့ ဆွေးမျိုးနီးစပ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ တိမ်းရှောင်နေရသလို တချို့ပြည်သူတွေဟာ တောထဲတွေမှာပဲ မိုးကာလေးတွေနဲ့ ဖြစ်သလို နေနေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့ စစ်ကြောင်းထိုးတဲ့ လမ်းတလျှောက်မှာ ရွာသားတွေကို လူသားဒိုင်းအသုံးပြုဖို့ ဖမ်းဆီးတာကြောင့် ထွက်ပြေးနေကြရတာဖြစ်ပြီး နေအိမ်တွေကို မွှေနှောက်ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်ပြီး စားနပ်ရိက္ခာတွေကိုပါ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

“ယောနယ်ဘက်မှာ မိုးရွာတာလည်း ၃ ခါလောက်ရှိနေပြီ။ မိုးရာသီလည်း ရောက်တော့မှာဆိုတော့ ကျနော်တို့ တောထဲမှာနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာတွေ လိုအပ်တယ်ဗျ။ မိုးရွာတုန်းကဆိုရင် ရှိနေတဲ့ မိုးကာလေးတွေတောင် လေနဲ့ပါသွားတာ။ နောက်ပြီးတော့ ဖျားနာ နေမကောင်းဖြစ်နေသူတွေအတွက် ဆေးဝါးတွေနဲ့ စာနပ်ရိက္ခာ အကူအညီ လိုအပ်နေတယ်။”

ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ မိမိတို့တတ်နိုင်သလောက် စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ အဝတ်အထည်၊ စားနပ် ရိ က္ခာနဲ့ ဆေးဝါးတွေ လှူဒါန်းပေးကြဖို့ အကူအညီ တောင်းခံထားပါတယ်။ DVB

« Older Entries