စစ်တွေမြို့နယ် ကျေးရွာများမှ ပြည်သူ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

ရခိုင်ပြည်နယ် ၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင် ကျေးရွာများ ဖြစ်သည့် ဒါးပိုင်း၊ ဘုမေ၊ သက်ကယ်ပြင် နှင့် ဘောဒူဖ ကျေးရွာများရှိ ကျေးရွာသား ခြောက်ဦးကို စစ်ကောင်စီတပ်က မေလ ၃ ရက်နေ့နှင့် ၄ ရက်နေ့ များတွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။
ရခိုင်အမျိုးသား အဖွဲ့ချုပ် / ရက္ခိုင်တပ်တော် (ULA/ AA) နှင့် ဆက်စပ်သည်ဟု ဆိုကာ ဖမ်းဆီးသည် ဟု ဒေသခံတို့က ပြောသည်။
“ ကျွန်တော်တို့ သိသလောက် ကတော့ ULA/AA နဲ့ ဆက်စပ်မူ ရှိတယ်ဆိုပြီးတော့ ဖမ်းသွားတယ်လို့ သိရတယ်။ ULA/AA ကို အခွန် ဆောင်တာကြောင်း ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။ အိမ်ရှေ့ကို စစ်သား ခုနစ်ယောက် ရှစ်ယောက်လောက် လာပြီးတော့ ခင်ဗျားတို့ကို စစ်ဆေးစရာ ရှိတယ် ပြောပြီး ဖမ်းသွားတယ်လို့ သိရပါတယ်” ဟု သက်ကယ်ပြင် ကျေးရွာသား တစ်ဦးက ပြောသည်။
ဖမ်းဆီးခံထားရသူများမှာ ဘောဒူဖ ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဖီလ် နှင့် ဦးနုရ်ဟူဆောင် ၊ သက်ကယ်ပြင်ကျေးရွာမှ ဦးလှမြင့်နှင့် ဦးကျော်နု ၊ ဘုမေကျေးရွာမှ ဦးမောင်ဘ နှင့် ဒါးပိုင်းကျေးရွာမှ ဦးစောနီတို့ ဖြစ်သည်။
လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ အဆက်အသွယ် မရသကဲ့သို့ မည့်သည့်နေရာ၌ ဖမ်းဆီးသွားသည် ကိုလည်း မသိရှိသေးဟု ဒေသခံများထံက သိရသည်။
ယနေ့ မတ်လ ၅ ရက်နေ့တွင်လည်း ယင်းကျေးများ၌ စစ်ကောင်စီ တပ်သားများ လှည့်လှည် သွားလာနေသေး၍ ကျေးရွာသားများက စိုးရိမ် နေကြသည်။
“ စစ်သားတွေက လမ်းတွေမှာ သုံးဘီးတွေနဲ့ သွားလာ နေကြတုန်းပဲ။ မနေ့ညကလည်း ဖမ်းဆီး သွားတာတွေ ရှိတယ်လေ။ အဲဒီတော့ ကျွန် တော်တို့လည်း အပြင် သိပ်မထွက်ရဲပါဘူး ”ဟု ဘောဒူဖ ကျေးရွာသား တစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဧပြီလ အတွင်းကလည်း စစ်တွေမြို့နယ်ရှိ ကျေးရွာတချို့မှ မွတ်ဆလင်များကို AA နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ ဖမ်းဆီး ရိုက်နှက်မူများ ရှိခဲ့သည်။ mizzima