ပုလဲမြို့နယ် အင်မထီးရွာတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို PDF က အလစ်ဝင်တိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာက ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့တွေကို ဒီနေ့ မေ ၆ ရက် မနက် ၉ နာရီက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလစ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့မှ ကိုဖိုးသားက ပြောပါတယ်။
“တိုက်ပွဲဖြစ်ခဲ့တာ ဟုတ်တယ်။ ဒီကောင်တွေ သာယာကုန်းရွာဘက်ကို ရိက္ခာလုယူဖို့ လာတဲ့အချိန်ကို ကျနော်တို့အဖွဲ့တွေက ကြားဖြတ်တိုက် ခိုက်ခဲ့တယ်။ ကျနော်တို့ဘက်က အကျအဆုံး မရှိခဲ့ဘူး။ သူတို့ဘက်ကတော့ နှစ်ဦးကျတယ်။ အလောင်းကို ဒရွတ်တိုက် အင်မထီးရွာထဲ ဆွဲဝင်ပြေးသွားတာ မျက်စိနဲ့ တပ်အပ်မြင်လိုက်ရတယ်။”
အဲဒီတိုက်ပွဲမှာ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ ၈ မှ ဗိုလ်ဒေါင်းညို ဦးဆောင်အဖွဲ့နဲ့ MRDA ဗိုလ်နဂါး လက်အောက်ခံ မြေပြင်သိန်းငှက်အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်လိုလို ထိတွေ့ တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီတပ်တွေက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း ပုလဲမြို့နယ် သတင်းကျေးရွာကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်ပြီး မီးရှို့ခဲ့တာကြောင့် နေအိမ် ၉၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
အင်မထီးရွာ တိုက်ပွဲနဲ့ပတ်သက်ပြီး ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB