စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုပြင်းထန်သည့် စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် မေလပထမပတ်အတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေ ၂ ရက်နေ့က စစ်ကိုင်းတိုင်း အရာတော်မြို့နယ် မလဲသာရွာ၊ ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာတို့ကို စစ်တပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ပြီး တန့်ဆည်မြို့နယ်၊ ကြောင်ဆင်းအိုင်ကျေးရွာတွင်လည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။
တန့်ဆည်မြို့နယ် အနောက်မြောက်ပိုင်းကို ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ဝင်မွှေခဲ့ပြီးနောက် ကြောင်ဆင်းအိုင်ရွာတွင် တပ်စွဲနေသည့် စစ်တပ်သည် ယနေ့ (မေ ၅) နံနက်ပိုင်းတွင် ရွာကို မီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။
“ဒီနေ့မနက် ၆ နာရီလောက်ကစပြီး မီးရှို့ဖျက်ဆီးနေတာ။ စစ်တပ်အင်အား ၉၀ လောက် တပ်စွဲနေတာ” ဟု တန့်ဆည်မြို့နယ် ဒေသခံကာကွယ် ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ကြောင်ဆင်းအိုင်ရွာ မီးရှို့မှုတွင် ပျက်စီးသည့်အိမ်အရေအတွက် မည်မျှရှိသည်ကို မသိရသေးပေ။
အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၃၀၀၀ နီးပါးရှိသည့် ထိုရွာတွင် ဒေသခံတို့က စစ်တပ်ရောက်လာကတည်းက ထွက်ပြေးတိမ်းရှောင်နေကြသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တောင်ပိုင်း၊ မလဲသာရွာကို မေ ၂ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
အိမ်ခြေ ၆၀၀ နီးပါးရှိသည့် မလဲသာရွာမှာ စစ်တပ်က ၄ ကြိမ်မြောက် ဝင်ရောက်စီးနင်းပြီးနောက် ရွာအရှေ့ဘက်ခြမ်းရှိ အိမ်ခြေအချို့မှအပ တစ်ရွာလုံးနီးပါး ပြာပုံဖြစ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာတောင်ဘက်ကနေ စပြီးရှို့တာ။ လေက မြောက်လေတိုက်တာ။ အဲဒီတော့ အမြန်ကြီးကူးစရာမရှိဘူး။ ခဏလေးအတွင်းကို တော်တော်လောင်တာဆိုတော့ ပိုက်စိပ်တိုက် သေချာကိုရှို့သွားတယ်လို့ ယူဆတယ်။ မလဲသာရွာနဲ့ ကန်ရင်းရွာကြားက စျေးဆိုင်တန်းလေးတွေကိုလည်း ရှို့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။
“အိမ်ခြေကျဲတဲ့အိမ်နဲ့ ရွာရဲ့အရှေ့ဘက် သစ်ပင်တွေရှိတဲ့နေရာက ၂၀ ကျော် ၃၀ လောက် ကျန်ခဲ့တယ်။ ရွာအနောက်ဘက်က စာသင်ကျောင်းတွေတော့ မလောင်ဘူး။ ရွာအလယ်က မူကြိုကျောင်းနဲ့ စာကြည့်တိုက်တော့ မလောင်ဘူး” ဟု ၎င်းက ဆိုသည်။
မလဲသာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းပြီးနောက်တွင် ကျေးရွာအတွင်း ပိတ်မိနေသည့် မျက်မမြင်အဘွားအိုတစ်ဦး မီးလောင်ပြီးသေဆုံးခဲ့ရကြောင်း သူက ဆက်ပြောသည်။
ရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်း၊ PDF ကို ထောက်ခံလာမည့် ကျေးရွာအဖြစ် ယူဆပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
အရာတော်မြို့နယ်မှ မိုင်၂၀၀ ဝန်းကျင်အကွာ ကလေးမြို့နယ်၊ အရှေ့စည်းရွာကိုလည်း မေလ ၁ ရက်နေ့ ညနေပိုင်း စစ်တပ် ဝင်ရောက်မီးရှို့မှုကြောင့် အိမ်ခြေ ၈၀၀ ဝန်းကျင်အနက် ၇၀၀ ကျော် ပျက်စီးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
“သူတို့က တော်လှန်ရေးမှာ မပါစေချင်လို့၊ ကြောက်သွားအောင်လို့ ရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ပေမဲ့ အားမလျှော့ဘူး” ဟု မီးရှို့ခံရမှုကြောင့် နေ အိမ်ဆုံးရှုံးခဲ့ရသည့် အရှေ့စည်းရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ခုလိုတွေလုပ်တော့ တော်လှန်ဖို့က လျှော့သွားဖို့မရှိဘူး။ ပိုတိုးလာဖို့၊ ပိုမုန်းလာတာပဲ ရှိတယ်။ သူတို့လုပ်လေ တော်လှန်လေပဲ”
ချင်းပြည်နယ် ဖျက်ဆီးမှု
တောင်ကုန်းတောင်တန်း ထူထပ်ပြီး လက်နက်ကိုင်ခုခံမှုအားကောင်းရာ နယ်မြေဖြစ်သည့် ချင်းပြည်နယ်တွင်လည်း စစ်တပ်က လူနေအိမ်ခြေများကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံတို့က ဆိုသည်။
ယမန်နေ့ မေ ၄ ရက်နေ့က ချင်းပြည်နယ်မြို့တော် ဟားခါးမှ ဖလမ်းသို့ ဦးတည်လာသည့် သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်ကား အစီး ၃၀ ကျော်ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် လမ်းတစ်လျှောက်ရှိ ရမ်ထလို (Ramthlo) နှင့် တလန်ဇာရ် (Tlangzar) ရွာတို့မှ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force) ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
၂ ရက်အတွင်း မိုင်းဆွဲတိုက်ခိုက်မှု၊ ကြားဖြတ်ခြုံခိုတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား ၁၀၀ နီးပါး ပါဝင်သည့် ထိုစစ်ကြောင်းမှ ၁၈ ဦး သေဆုံးကြောင်း၊ ပြောက်ကျားတိုက်ခိုက်သည့် ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်များဘက်မှ ၁ ဦး သေဆုံးကြောင်း CNDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး စစ်တပ်ဘက်မှ ထုတ်ပြန်ခြင်းမရှိသလို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
စစ်ကောင်စီတပ်က ခုခံမှုအားကောင်းသည့် နေရာများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီးနောက် နေအိမ်များ ဖျက်ဆီးနေ ရာ နေအိမ် ၁၁,၄၁၇ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု Data For Myanmar အဖွဲ့က မေ ၁ တွင် ထုတ်ပြန်ထားသည်။
အများဆုံး ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်းတွင် အိမ် ၇၅၀၃ လုံး၊ မကွေးတိုင်းတွင် ၂၁၃၁ လုံး၊ ချင်းပြည်နယ်တွင် ၁၁၄၇ လုံး မီးလောင်ထား သည်ဟု ဆိုသည်။
စစ်ကောင်စီကမူ ၎င်းတို့ မီးမရှို့ကြောင်း ငြင်းလေ့ရှိသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူလူထုနစ်နာမှုကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်ပေးရေးအတွက် မူဝါဒချမှတ်ထားပြီးဖြစ်သည်ဟု ဧပြီ ၁၈ တွင် ပြောသည်။
“မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပြည်သူတွေရဲ့အိုးအိမ်တွေကို ပြည်သူ့တော်လှန်ရေးအောင်မြင်ချိန်မှာ ပြန်လည်တည်ဆောက်ပေးမှာဖြစ်ပါတယ်လို့ က တိပေးလိုပါတယ်” ဟု သူက NUG အစိုးရဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။ myanmar now
Like this:
Like Loading...