ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာကနေ အင်းပတ်ရွာကိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ KSO က ဒီနေ့ မေ ၆ ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တိုက်ပွဲဖြစ်ပွားရာအနီးရှိ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဟာ ရေဦးမြို့နဲ့ ၃ မိုင်အကွာ ရွှေဘို-ရေဦးလမ်းဆုံမှာ မိုင်းဆွဲခံရတာလို့ ဆိုပါတယ်။
KSO အဖွဲ့ တာဝန်ရှိသူတဦးက “ဒီကောင်တွေ အင်အား ၃၀ လောက်နဲ့ လာတယ်လို့ တိကျတဲ့ သတင်းရလို့ ကျနော်တို့ အင်းပတ်ကွေ့က 7 star စားသောက်နားမှာ မိုင်းထောင်ပြီး စောင့်နေတာ။ မိုင်းကွင်းထဲ ရောက်တာနဲ့ ပဒေသာမိုင်း ၆ လုံးကို ၃ ကြိမ်ခွဲ တိုက်ခိုက်ခဲ့တယ်ဗျ။ဒီကောင်တွေ အထိနာလို့ ရေဦးက Skat ကား ၂ စီးနဲ့ အလောင်းတွေ လာတင်သွားတယ်” လို့ ပြောပါတယ်။
အခုဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၉ ဦး သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိသွားကာ ပြည်သူ့ကာကွယ်ရေးဘက်က အကျအဆုံး အထိအခိုက် မရှိဘူးလို့ KSO အဖွဲ့က ပြောပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း စစ်ကိုင်း တိုင်းက စစ်ရေးသတင်းတွေကို ထုတ်ပြန်ပြောဆိုတာတွေ ဒီနေ့အချိန်အထိ မရှိသေးပါဘူး။
ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ကျေးရွာတွေကိုလည်း မီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ DVB