စစ်ကိုင်းတိုင်း၌ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေသဖြင့် ပြည်သူများ အိုးအိမ်မဲ့ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ရွှေဘို၊ ရေဦး၊ ခင်ဦးနဲ့ တန့်ဆည်မြို့နယ်တွေက ကျေးရွာနေအိမ်တွေကို မေ ၅ ရက်နဲ့ ၆ ရက်ဆက်တိုက် စစ်ကောင်စီတပ်က  မီး ရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၅ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က ရွှေဘိုမြို့နယ်နဲ့ ဝက်လက်မြို့နယ် အစပ်ကြားမှာ တည်ရှိတဲ့ ကုလားမရွာ၊ လက်ကောက်ကျရွာ၊ ထုံးဘိုကုန်းကျေးရွာတို့ကို စစ်ကောင်စီစစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ညနေ ၄ နာရီလောက် စတင်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာသုံးရွာလုံး ကျွတ် နီးပါး မီးလောင်ကျွမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

ကုလားမရွာနဲ့ လက်ကောက်ကျရွာဟာ ကျေးရွာချင်းဆက်ကျေးရွာတွေဖြစ်ပြီး ၂ ရွာပေါင်း အိမ်ခြေ ၁ဝဝဝ လောက်ရှိပြီး ဒေသခံ ပြည်သူ ၃ဝ လောက်ကိုလည်း စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံမီဒီယာမှာ ဖော်ပြထားပါတယ်။

ရေဦးမြို့နယ် ရေမြက်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က မေ ၅ ရက်နေ့က ဒုတိယအကြိမ် မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၂၂ အိမ်၊ မီးဖိုဆောင် ၁ လုံး၊ နွားတဲ ၁ လုံးတို့ ဆုံးရှုံးသွားတယ်လို့ ရေဦး PDF ကနေ သိရပါတယ်။

မေ ၆ ရက်နေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဟာ ရေဦးမှ နှောကုန်းရွာကို ကားသုံးစီးနဲ့ရောက်လာပြီး ပြည်သူတွေကို အကြောင်းမဲ့ပစ်ခတ်ခဲ့တာကြောင့် ပြည်သူတဦး သေနတ်ထိမှန်သေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်က ကျေးရွာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၈ အိမ် နဲ့ ကောက်ရိုးပုံ ၃ ပုံ ဆုံးရှုံးသွား​တယ်လို့ ရေဦး PDF ကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ် ရွှေကူတဲစု ကျေးရွာကိုလည်း မတ် ၆ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ စတင်မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာကို ဒီကောင်တွေလာတာက ရိက္ခာလာယူရင်း အခုလိုလုပ်သွားတာ။ စစ်သားနဲ့နဲ့ပျဉ်ထောင်ရွာက ပျူတွေပေါင်းပြီး ရှို့သွားတာဗျ။ နေအိမ် ၆ လုံး မီးလောက်ဆုံးရှုံးတယ်။ နောက်ပြီး ဝက်-၁ကောင်၊ ကျွဲ-၃-ကောင်ပါ ပစ်သတ်သွားကြတာ” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

ရွှေကူတဲစုကျေးရွာဟာ ခက်ဦးမြို့နဲ့ ၅ မိုင်လောက်ကွာဝေးပြီး အိမ်ခြေ ၃၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီရွာရဲ့ အနောက်ဘက်မှာ ပျူသောထီးအားကောင်းတဲ့ ပျဉ်ထောင်ရွာရှိနေတာကြောင့် အခုလို အနိုင်ကျင့်ပြီး စားသောက်စရာတွေ အကြိမ် ကြိမ်ယူဆောင်ခံနေရတဲ့အပြင် စိတ်မထင်ရင် ရွာသားတွေကိုပါ ရိုက်နက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန်ဆည်မြို့နယ်၊ ကံကလေးကုန်းကျေးရွာကိုလည်း မေ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၃၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၆ ရက် မနက်က ကံကလေးကုန်းကျေးရွာကို မီးရှို့ထွက်ခွာသွားပြီးနောက် လက်နက်ကြီတွေနဲ့ ပစ်ခတ်မှုကြောင့် လက် ဆည်ကျေးရွာအနီးဝန်းကျင်က ကျေးရွာတွေကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

အဲဒီနောက် ညနေဘက်မှာ စစ်ကောင်စီတပ်ဟာ လက်ဆည်ရွာက နေအိမ် ၁ လုံးကို မီးရှို့ပြီး ဒေသခံပြည်သူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ မေ ၅ ရက်နေ့ကလည်း တန့်ဆည်မြို့နယ်၊  ကြောင်ဆင်းအိုင်ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူအချို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကြောင်ဆင်းအိုင်ကျေးရွာမှာ ၂ ရက် စခန်းချပြီးနောက် နေအိမ် ၂ လုံးနဲ့ စပါးကျီ ၁ လုံးမီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်တွေကို မွှေနှောက်ရှာဖွေကာ ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တန်ဆည်မြို့နယ်အတွင်းကို ဧပြီ ၂၁ ရက်နေ့က စတင်ဝင်ရောက်ကာ ကျေးရွာတွေကို နေ့စဉ်လိုလို မွှေနှောက် မီးရှို့နေတာ ၁၅ ရက်လောက် ရှိပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ကျေးရွာတွေကို ကူညီမီးငြှိမ်းသတ်ပေးနေရတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဧပြီ ၃၀ ရက်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့တာကြောင့် နိုင်ငံတဝန်း နေရာပေါင်း ၂၉၆  နေရာလောက်က လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံး ပျက်စီးသွားပြီး စစ်ကိုင်းတိုင်းက အိမ်ခြေ ၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းရောက်ရှိရာ ကျေးရွာနေအိမ်တွေက တန်ဖိုးကြီးပစ္စည်းတွေနဲ့ ဒေသခံတွေ စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေ ရှာဖွေယူဆောင်နေသလို မသယ်ဆောင်နိုင်တဲ့ စက်ပစ္စည်းတွေ နဲ့ လူနေအိမ်တွေကို  မီးရှို့ဖျက်ဆီးနေကြတာကြောင့် ဒေသခံတွေ ထွက်ပြေးပုန်းရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲနေကြတယ်လို့ဒေသခံတွေထံကသိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s