တောင်ဒဂုံမြို့နယ် ၂၅ရပ်ကွက် သတင်းပေးဒလန်ဆိုသူနှင့် ၎င်း၏တပည့်ဖြစ်သူတို့ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊ ၂၅ရပ်ကွက်နေ သတင်းပေးဒလန်ဆိုသူ ခေါင်းဖြူ(ခေါ်)သန့်ဇင်ဦး နှင့်၎င်း၏တပည့်အား မေလ၆ရက်နေ့ နေ့လယ် ၁နာရီ၅၆မိနစ်အချိန်ခန့်တွင် ပြောက်ကျားတပ်ဖွဲ့ကသေနတ်ဖြင့် ပစ်ခတ်မှုပြုလုပ်သည်ဟု သိရသည်။
ခေါင်းဖြူ(ခေါ်)သန့်ဇင်ဦးနှင့် ၎င်း၏တပည့်မှာ ၂၅ရပ်ကွက်အတွင်း နှစ်လုံးထီ သုံးလုံးထီဒိုင်များထံမှ ဆက်ကြေးကောက်နေစဥ် တောင်ဒဂုံ၂၅ရပ်ကွက်၊ရွှေယင်းမာလမ်းပေါ်တွင် သေနတ်ဖြင့် ၁၀ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“သူက ၂၅မှာတော့ သတင်းပေးအကြီးစားပဲဗျ၊
သူ့ကြောင့် ကျွန်တော်တို့ ရဲဘော်တွေရဲ့အိမ်တွေ ချိပ်ပိတ်ခံရတာတွေ၊မိသားစု၀င်တွေ ဖမ်းဆီးခံရတာတွေအထိ ရှိခဲ့ပါတယ်၊သူက ၂၅ဘက်ကရဲဘော်တွေ နေအိမ်ချိပ်ပိတ်တဲ့ကိစ္စမှာလည်း သူပဲဦးစီးဦးဆောင်လုပ်တာပါ”ဟု SDGF PDF အဖွဲ့တာဝန်ရှိသူကပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ခေါင်းဖြူ(ခေါ်)သန့်ဇင်ဦးမှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်း၏တပည့် သေဆုံးသွားခြင်းရှိ မရှိကို အတည်မပြုနိုင်သေးပေ။
အခင်းဖြစ်ပွားရာနေရာသို့ စစ်ကောင်စီ၏ DC ကားသုံးစီး ရောက်ရှိလာကာစစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်ဟု သိရသည်။
အဆိုပါလုပ်ဆောင်မှုမှာ SDGF PDF အဖွဲ့နှင့် ဒို့ရိုးရာညီနောင်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အန္တရာယ်ကင်းစွာ ဆုတ်ခွါနိုင်ခဲ့သည်ဟု သိရသည်။
ဧပြီလ၁၁ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်၊၇၂ ရပ်ကွက်၊ကျန်စစ်သားလမ်းနှင့်ဇေယျာသီရိလမ်းထောင့်ရှိ အုပ်ချုပ်ရေးမှူး ဦးရီတိုး ဆိုသူနေအိမ်အား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် သေနတ်ဖြင့် ခြောက်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ mizzima