မတ္တရာမြို့နယ်၌ မီး‌ရှို့အသတ်ခံရသည့် ၆ လောင်းတွေ့ရှိ ၊အမျိုးသမီး ၂ ဦးကို စစ်တပ်က ဖမ်းဆီး ဝါးချွန်ဖြင့်ထိုးကာ နှိပ်စက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ပိုင်းက ဒေသကာကွယ်ရေးစခန်းတခုကို  မေ ၄ ရက်မှာ စစ်ကောင်စီတပ်က တိုက်ခိုက်စီးနင်းခဲ့ပြီးနောက် ဖမ်းဆီးခံရသူ ၆ ယောက်ကို သတ်ဖြတ် မီးရှို့ထားခဲ့တဲ့ မီးကြွင်း အရိုးစုတွေကို  မေ ၆ ရက်မှာ  ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၂၀၀ လောက်ဟာ  မေ ၄ ရက် မနက် ၇ နာရီလောက်က  ကားလေး ၆ စီး၊ ကားကြီး ၆ စီးနဲ့ လာရောက်ခဲ့ပြီး မြောင်းသစ်ကျေးရွာတောင်ဘက် အင်းရွာအကြားက ဒေသကာကွယ်ရေးစခန်းကို စီးနင်းခဲ့တာကြောင့် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သလို စခန်းမှာ တွေ့ရှိသူ ၆ ယောက်ကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါ့အပြင် လက်လုပ်သေနတ်‌ ၃ လက် ၊G 22 မောင်းပြန် သေနတ် ၂ လက် ၊ကျည်ဘောက် ၆ ခု၊ လက်လုပ်မိုင်းတွေ၊ ဆိုင်ကယ် ၁၀ စီးလောက်နဲ့  မီးစက်တွေကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ဖမ်းမိသူတွေကို စစ်မေးခဲ့ပြီး‌တဲ့နောက် တခြားစခန်းတစ်ခုကိုလည်း သွားရောက်စီးနင်းခဲ့ကာ  စခန်းကနေ ဆိုင်ကယ်  ၅ စီးနဲ့ ပစ္စည်းတွေကို သိမ်းဆည်းသွားတယ်လို့လည်း သိရပါတယ်။

အဲဒီနောက် မေ ၅ ရက်မှာ  ဖမ်းဆီးထားသူ ၆ ဦးကို သတ်ဖြတ်မီးရှို့ခဲ့တာဖြစ်ပြီး အသတ် ခံခဲ့ရသူတွေဟာ အသက် ၂၅ နှစ်ကနေ အသက် ၃၀ ကျော် အရွယ်ရှိ အမျိုးသား ၄ ယောက်နဲ့ အသက် ၄၀ ကျော် အရွယ်အမျိုးသမီးတယောက်နဲ့  အသက် ၂၀ ဝန်းကျင်ခန့် အမျိုးသမီး တယောက်တို့ ဖြစ်ပါတယ်။  အဆိုပါ အမျိုးသမီးနှစ်ယောက်ဟာ   သားအမိတော်စပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မေလ ၅ ရက်  ည ၇ နာရီလောက်မှာ သဖန်းကိုင်းကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး  အမျိုးသမီး ၂ ယောက်ကို ဖမ်း ဆီးကာ ဝါးချွန်တွေနဲ့ထိုးတာ၊ ဦးခေါင်းနဲ့ ကိုယ်လုံးတွေကို ပြင်းပြန်ထန်ထန် ရိုက်နှက် စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးကို  စစ်ဆေးရှာဖွေခဲ့ပြီး  နေအိမ် ၁ လုံးကို လည်း မီးရှို့ခဲ့ပါတယ်။

မတ္တရာနယ်ခံတစ်ဦးက “ဒီက တောသူတောင်သားတွေက အိမ်တစ်လုံးဖြစ်အတွက် နှစ်ပေါင်း နှစ်ဆယ်လောက်စုဆောင်းပြီးတော့ ချွေးနည်းစာလေးတွေနဲ့ အိမ်ဆောက်ရတာ ဆိုတော့လေ၊ အပြစ်ရှိရင် အပြစ်ရှိတဲ့သူပဲ ဖမ်းသင့်တာပေါ့။ အပြစ်မရှိတဲ့လူတွေလည်း ဖမ်းတာကတော့ မကောင်းဘူးလို့ ယူဆပါတယ်”လို့ ပြောပါတယ်။

မတ္တရာအရှေ့ပိုင်းနယ်မှာ မွှေနှောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ မေ ၆ ရက်မှာ  ပြန်သွားခဲ့ပြီးနောက် စစ်ယာဉ်တန်းကို ဒဟတ္တောကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် ပြန်လည် ပစ်ခတ်ခဲ့တဲ့အတွက် သပြေခြံအတွင်းမှာရှိတဲ့ အမျိုးသမီးကြီးတယောက်  ကျည်သင့် သေ ဆုံးခဲ့တယ်လို့  မတ္တရာ နယ်ခံတွေကပြောပါတယ်။

မေလ ၄ ရက်က  စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်စီးနင်းမှုမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၁၁ ဦး ကျဆုံးကာ ၅ ဦးဒဏ်ရာရ ခဲ့တယ်လို့လည်း သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s