မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းအနီး ပစ်ခတ်မှုဖြစ်

မန္တလေးမြို့ မဟာအောင်မြေ ကျောက်ဝိုင်းအနီးတွင် ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံလိုက်ရကြောင်း သိရသည်။
ပစ်ခတ်ခံသူသည် အသက် ၄၀ ကျော်အရွယ် ဦးမိုးကို ဆိုသူ ဖြစ်ပြီး ကျောက်ဝိုင်းအနီး ၄၁ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားရှိ တောင်ခွင်မင်းကြီး ကျောင်းတိုက်ရှေ့၌ ထိုင်နေစဉ် သေနတ်သမားများက ပစ်သွားခြင်း ဖြစ်ကြောင်းသိရသည်။
“အဲဒီလူက အရင်တုန်းက မဘသ အုပ်စုကပေါ့။နောက်ပိုင်း စစ်တပ် ထောက်ခံသူ အဖြစ်ကနေ စစ်တပ် အာဏာသိမ်းတော့ ဒလန် ဆက်လုပ်တယ်။ တောင်မြို့ (အမရပူရမြို့နယ်) က ဒလန် အကြီးစားလို့လည်း ပြောတယ်။ မနက်က ၁၁ နာရီ မထိုးခင်လောက်က အပစ်ခံရပြီး ပွဲချင်းပြီးတာပါ” ဟု မဟာအောင်မြေမြို့နယ် ၄၁ လမ်း အနီး နေထိုင်သူ သတင်းရင်းမြစ်က ပြောဆိုသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ပစ်ခတ်ခံရမှုကြောင့် ဦးမိုးကိုတွင် ဝဲဘက် ဝမ်းဗိုက် ကျည်ဆန် ဖောက်ဝင် ဒဏ်ရာ၊ ယာဘက်ရင်ဘတ် ကျည်ဆန် ဖောက်ဝင် ဒဏ်ရရာတို့ဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စစ်ကောင်စီ လက်အေက်ခံ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။
၎င်းအား မည်သည့် အဖွဲ့အစည်းက ပစ်ခတ်ကြောင်း မသိရသေးဘဲ ပစ်ခတ်မှုဖြစ်စဉ် အတွင်း အသက် ၆၀ အရွယ် အမျိုးသား တစ်ဦးကို ကျည် ဆန် ထိမှန်ခဲ့ကြာင်း သတင်းထွက်ပေါ်နေပြီး ၎င်းနှင့် ပတ်သက်၍ စုံစမ်းနေဆဲ ဖြစ်သည်။ mizzima