ရခိုင်အခြေစိုက် Narinjara သတင်းဌာနကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေ

ရခိုင်ပြည်နယ်ရှိ ရခိုင်သတင်းမီဒီယာတစ်ခုဖြစ်သည့် Narinjara (နိရဉ္စရာ ) သတင်းဌာနကို မတ်လ ၇ရက်နေ့ ယနေ့ နံနက် ၈နာရီကျော်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေခဲ့သည်ဟု Narinjara သတင်းဌာန ၏ တာဝန်ရှိသူများထံက သိရသည်။
စစ်တွေမြို့ ၊ မကျဉ်းမြိုင်ရပ်ကွက်ရှိ ယခင် Narinjara သတင်းဌာန ရုံးစိုက်ခဲ့သည့် ရုံးဟောင်းသို့ လာရောက် ရှာဖွေခဲ့ခြင်းဖြစ်ကာ မည်သည့်အ ကြောင်းကြောင့် လာရောက်ရှာဖွေခဲ့သည်ကို မသိရကြောင်း Narinjara သတင်းဌာန၏ အစီအစဉ် တင်ဆက်သူ မမြတ်နှင်းခင်က ဆိုသည်။
“ နံနက် ၈နာရီခွဲလောက်က ရုံးဟောင်းကို ရဲတွေ ၊ စရဖတွေက လာပြီးတော့ ဝင်ရောက်ရှာဖွေသွားတယ်။ ပြီးတော့ ထူးခြားတာက အမျိုးသမီးတစ်ဦးပါတယ်ပေါ့နော်။ ရုံးကလူတွေကို မေးတယ်။ အိမ်ပိုင်ရှင် ကိုယ်စားလှယ်က သူတို့ သက်တမ်းစေ့တာကြောင့် ပြောင်းသွားပြီလို့ ဖြေပေး လိုက်တယ်။ ဒါကို သူတို့တွေက သက်တမ်းစေ့လို့ပြောင်းတာလား၊ ထွက်ပြေးသွားတာလား။ စာချုပ်ပြဆိုတာမျိုးတောင်းတယ်လို့သိရတယ်” ဟု မမြတ်နှင်းခင်ကပြောသည်။
ထိုသို့ လာရောက်ရှာဖွေရာတွင် အမျိုးသမီးတစ်ဦးပါလာသည့်အတွက် အမျိုးသမီးများကို ဦးတည်ပြီး လာရောက်ဖမ်းဆီးခြင်းဖြစ်မည်ဟု မမြတ်နှင်းခင်က ဆိုသည်။
ထိုကဲ့သို့ ရှာဖွေမှုများရှိလာသည့်အတွက် လက်ရှိအချိန်တွင်Narijara သတင်းဌာနရှိ သတင်းထောက်များအနေဖြင့် တိမ်းရှောင်နေရပြီး သ တင်းလုပ်ငန်းများကို ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း လက်ထောက်အယ်ဒီတာ ကိုမန်ယုကျော်ကပြောသည်။
“ကိုယ့်အိမ်မှာတောင် မနေကြတော့ဘူးပေါ့နော်။ အကုန်လုံးက တိမ်းရှောင်နေကြပါတယ်။ သတင်းထုတ်လုပ်မှု အပိုင်းကိုလည်း အတိအကျပြောလိုမရဘူးပေါ့နော်။ ဒီကြားထဲမှာ အခြေအနေတစ်ရပ်ရပ်ပေါ် မူတည်ပြီးတော့ အရေးပေါ် သတင်းတွေပေါ်လာရင်တော့ ကျွန်တော်တို့ အချိန်နဲ့ တစ်ပြေးညီတင်သွားမှာပါ”ဟု ကိုမန်ယုကျော်က ပြောသည်။
ယခုကဲ့သို့ သတင်းဌာနများအား လာရောက်ရှာဖွေခြင်းမှာ သတင်းသမားများအား ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း ကိုမန်ယုကျော်က ဆက် လက်ပြောကြားသည်။
“ ဒါကတော့ မလုပ်သင့်ဘူးပေါ့။ ကျွန်တော်တို့က စတုတ္ထ မဏ္ဍိုင်ဖြစ်နေတော့ ပြည်သူတွေရဲ့ နားမျက်စိတွေကို ပိတ်ဖို့ ကြိုးစားတယ်ပေါ့နော်။ သတင်းလုပ်ငန်းတွေ မလုပ်နိုင်အောင် ခြိမ်းခြောက်တယ်လို့ပဲ မြင်ပါတယ် ” ဟု ကိုမန်ယုကျော်ကဆိုသည်။
ရခိုင်ရှိ သတင်းဌာနများဖြစ်သည့် Development Media Group နှင့် Western News သတင်းဌာနရှိ တာဝန်ရှိသူများနှင့် သတင်းထောက်များကိုလည်း သတင်းထုတ်လွှင့်ခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီက တရားစွဲထားသည်။ mizzima