ရေဦးမြို့နယ် နှောကုန်းရွာကို မီးရှို့ ပြန်လာသည့် စစ်ကောင်စီတပ် မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် နှောကုန်းကျေးရွာကို မီးရှို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ မေလ ၆ ရက် နေ့လယ် ၁ နာရီခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဝေဟင်စွန်ရဲ အဖွဲ့ တာဝန်ရှိသူက ပြောသည်။
“ရွာကို မီးရှို့ပြီး ပြန်ထွက်လာတဲ့ အချိန်မှာ မိုင်းဆွဲခဲ့တာ။ ကားပေါ်ကနေ အကုန် မဆင်းလာဘူး။ သူတို့က ၁၀ ယောက်လောက်ပဲ ဆင်းလာပြီး ပစ်တာ။ လေးယောက် သေတာတော့ အတည်ပြုလို့ ရတယ်။ မိုင်းဆွဲတော့ ကားကတော့ တော်တော်ပျက်စီးသွားတယ်။ ဒါပေမဲ့ မောင်းလို့တော့ ရသေးတယ်။ ဒဏ်ရာတော့ အများအပြား ရသွားတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါနေ့ နံနက်ပိုင်းတွင် နှောကုန်းရွာကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့ခြင်း ဖြစ်သည်။
မိုင်းဆင်ထားသော နေရာ၌ စစ်ကောင်စီတပ်များနှင့် ကာကွယ်ရေး တပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်နေချိန်အတွင်း မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် လေးဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
ယနေ့ မေလ ၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း တန့်ဆည့်မြို့မှ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီ၏ အင်အား ၈၀ ခန့်ပါ ခမရ (၃၆၇) ခြေလျင်စစ်ကြောင်းကို မိုးဒေါင်ရွာ အနီး၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ mizzima