ရွာငံပြောက်ကျားတပ်ဖွဲ့က M 16 အပါအဝင် လက်နက်ခဲယမ်း ဝယ်ယူလိုက်ကြောင်း ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်အတွင်းရှိ Ye-Ngan Urban Gierrillas တပ်ဖွဲ့သည် M 16 တစ်လက်အပါအဝင် လက်နက်ခဲယမ်းအချို့ ဝယ်ယူခဲ့ကြောင်း ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ မေလ ၇ရက်က သတင်းထုတ်ပြန်သည်။
ဝယ်ယူထားသည့်လက်နက်ခဲယမ်းများတွင် M 16 , 5.56 ကျည်ဘောက်ပါ တစ်လက်၊ ကိုးလုံးသေနတ် ငါးလက်နှင့် 5.56 ကျည်တောင့် ငါးရာ ပါဝင်ခဲ့ကြောင်း သိရသည်။
ဧပြီလအတွင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းထောက်ပံ့မှုကြောင့် ဝယ်ယူနိုင်ခြင်းဖြစ်ကြောင်း နှင့် တစ်ချို့ ဝယ်ယူထားသည့် လက်နက်ခဲယမ်းများ ငွေကြေးမချေရသေးပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်က ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်အတွင်းရှိ YUG & TPDF ပူးပေါင်းတပ်ဖွဲ့၏ တပ်ခွဲ(၂) အခြေခံစစ်သင်တန်းပေးပို့ရေး စခန်းတစ်ခုကို စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ် သုံးစီး ဖြင့် ကင်းထောက်ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အဆက်မပြတ်ပစ်ခတ်၍ စခန်းကို တက်သိမ်းခဲ့မှုဖြစ်ပွားခဲ့သေးသည်။ mizzima