ရွာငံမြို့နယ်က စစ်ကောင်စီ သတင်းပေးဟု နာ မည်ထွက်နေသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဓားဖြင့်ပါအထိုးခံရ၍ သေဆုံး

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူ ဦးတင်အို ဆိုသူသည် ပစ်ခတ်ခံရသည့်အပြင် ဓားဖြင့်ပါအထိုးခံရ၍ သေဆုံးသွားကြောင်း ယနေ့ မေလ ၆ရက်တွင် ဓနုပြောက်ကျားတပ်ဖွဲ့(DGF) က ထုတ်ပြန်သည်။
ဓနုပြောက်ကျားတပ်ဖွဲ့(DGF)က ပြုလုပ်ခြင်း ဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်လာခြင်းဖြစ်စည်။
အဆိုပါ ပစ်ခတ်ခံရသူသည် မေလ ၄ရက် ညနေ ၅နာရီခန့်က ကံကြီးတောရဘုန်းကြီးကျောင်းအနီး ၎င်း၏ခြံမှပြန်လာစဉ် ပထမဆုံး သေနတ်တစ်ချက်ပစ်ခတ် ပြီးနောက် ဓားဖြင့် ငါးချက်ထက်မနည်း ဝမ်းဗိုက်နှင့် ဦးခေါင်းကို အထိုးခံရခြင်းကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်ဟု သိရသည်။
“သူရဲ့ လုပ်ဆောင်မှုက တူညီတဲ့ တုံ့ပြန်မှု ပေးခဲ့တယ်လို့ပဲ မှတ်ချက်ပြုပါတယ်ဗျ ။သူရဲ့ မဟုတ်မမှန်တဲ့ သတင်းတွေ စစ်ကောင်စီထံ သတင်း ပေးတာကြောင့် တချို့မိသားစုတွေ အိမ်မှာ မနေရဲဘဲ နီးစပ်ရာ ဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေရပါတယ်။ အခုလည်း သူ့အိမ်ပတ်ဝန်းကျင်က လူတွေကို စစ်ကောင်စီက စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်” ဟု ဓနုပြောက်ကျားတပ်ဖွဲ့(DGF) မှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ဓနုပြောက်ကျားတပ်ဖွဲ့(DGF) အနေဖြင့် စစ်ကောင်စီ ဒေါက်တိုင်မှန်သမျှအား တိုက်ခိုက် ချေမှုန်းသွားမည်ဟု သိရသည်။
ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် လှူဒါန်းမှု အားနည်းနေသောကြောင့် အချို့သောလုပ်ဆောင်ချက်များအား မလုပ်နိုင်သေးကြောင်းလည်း DGF အဖွဲ့၏ပြောဆိုချက်အရ သိရသည်။ mizzima