လောင်းလုံးမြို့ သကျက်တော ရဲစခန်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တော ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ယမန်နေ့ ညပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လောင်းလုံးမြို့နယ် သကျက်တောကျေးရွာရှိ သကျက်တော ရဲစခန်းကို မေလ ၅ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်အချိန်တွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲ ခြောက်နာရီခန့် ကြာမြင့်ခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက် သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း (Launglone People Defence Forces) လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊လောင်းလုံး (ပ.က.ဖ) မှ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သကျက်တောကျေးရွာနေ ဒေသခံတစ်ဦးက “ရဲစခန်းကို PDF တွေက ဝင်ရောက်တိုက်ခိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်၊ စခန်းထဲမှာ ရဲက ၁၀ ယောက်လောက်ပဲ ရှိပါတယ်”ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအပြီး မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကူ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ နီးပါး ရောက်ရှိလာခဲ့ပြီးနောက် စစ်ဆေးမှုပြု လုပ်ကာ ဒေသခံ အမျိုးသားတချို့ ဖမ်းဆီးခံရမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ယခုရက်ပိုင်းတွင် လောင်းလုံးမြို့နယ်အတွင်း ဆိုင်ကယ်များ၊ ကားများဖြင့် ခရီး သွားလာခြင်း မပြုလုပ်ရန် မနေ့ည ၁၀ နာရီဝန်းကျင်က ထုတ်ပြန်ခဲ့ပြီး ယနေ့ မနက်ပိုင်းတွင် လူသွား လူလာ နည်းပါးနေကြောင်း ဒေသခံများထံမှ သိရသည်။ mizzima