အမှတ် ၁ ကုတင် ၁,၀၀၀ မင်္ဂလာဒုံ စစ်ဆေးရုံတွင် စစ်ဆင်ရေးအတွင်း ဒဏ်ရာရရှိခဲ့သော အရာရှိများ စစ်သားများဖြင့် ပြည့်နှက်နေ၊ အ ရိုးကုသဆောင်တွင် လူနာ တစ်ရာကျော်နေဟု CDM ဗိုလ်ကြီး ပြော

ရန်ကုန်၊ မင်္ဂလာဒုံရှိ အမှတ် ၁ ကုတင် ၁,၀၀၀ စစ်ဆေးရုံတွင် တက်ရောက်ကုသနေသော ဒဏ်ရာရ အရာရှိများ စစ်သည်များဖြင့် ပြည့်နှက်နေပြီး ဧပြီလ ၂၃ ရက်နေ့တွင် ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် အရာရှိများ တပ်သားများ စုစုပေါင်း ၃၈ ဦး တက်ရောက်ကုသနေကြောင်း အဆိုပါ စစ်ဆေးရုံမှ ပေါက်ကြားလာသည့် လူနာစာရင်းအရ သိရှိရသည်။

“အရင်အာဏာမသိမ်းခင်က တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာတွေရှိတယ်၊ ဒီလိုစစ်ပွဲတွေမှာတုန်းကလည်း တပ်မှာရှေ့တန်းစစ်ဆင်ရေးလူနာဆိုပြီး သက်ဆိုင်ရာတိုင်းစစ်ဒေသအလိုက်က စစ်ဆေးရုံတွေကို ရောက်တာတွေရှိဖူးတယ်။ အဲဒီတုန်းကတော့ ဒီလောက်များများ မတွေ့ဖူးဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်ဖြတ်သန်းလာခဲ့တဲ့စစ်ဆေးရုံ ၂ ခုလုံးမှာ EA လူနာတွေနဲ့ ဆိုင်တဲ့အလုပ်တွေလုပ်ခဲ့ရဖူးတဲ့ ဌာနတွေမှာ တာဝန်ကျဖူးတော့ သိတာပေါ့ဗျာ။ လွန်ဆုံးမှ ၅ ယောက် ၆ ယောက်ပေါ့။ အခု ဒီစာရင်းက ခွဲစိတ်ကုသမှုဌာနပဲ ပါသေးတယ်ဗျ။ အတွင်းသတင်းရဲ့ ပြောပြချက်အရတော့ အရိုးကုသမှုဌာန (Ortho Ward) မှာဆိုရင် ရာကျော်တယ်လို့ သိရတယ်၊ Ortho Ward မှာက တို၁ ရှည်၁ သမားတွေ၊ တဖက်ဖြတ်ရတဲ့သူတွေပေါ့၊ မဖြတ်ရရင်တောင် ကျိူးပဲ့ သူတွေပေါ့။ ” ဟု ပြည်သူ့ပန်းတိုင်အဖွဲ့ဝင် ဗိုလ်ကြီးသာထက်ဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စာရင်းတွင် တပ်သား ဇေယျာခိုင်မှအပ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ ၁ ဦး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၂ ဦးနှင့် ခွဲတပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ် များအပါအဝင် ကျန် ၃၈ ဦး သည် စစ်ဆင်ရေးများအတွင်း ဒဏ်ရာရသူများဖြစ်ကာ (EA – Enemy Action) ရန်သူကြောင့်ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသနေကြသူများဟု စစ်တပ်အတွင်း သုံးနှုံးကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့တွင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ERO များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ထိခိုက်သေဆုံးမှု များပြားလာပြီး စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းက တပ်မိသားစုဝင်များကို လိမ်လည်ကာ သတင်းထိန်ချန်ထားခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး သာထက်ဉာဏ်က ပြောဆိုသည်။

အဆိုပါ စာရင်းတွင် စစ်သားအများစုမှာ ၂၀၂၂ ခုနှစ် မတ်လ နှင့် ဧပြီလ တွင် စစ်ဆေးရုံသို့ ရောက်ရှိလာပြီး တက်ရောက်ကုသနေသူ အများစုဖြစ်ပြီး ဆေးရုံရောက်ရှိလာသည့် နေ့စွဲမှတ်တမ်းအရ အချို့မှာ အုပ်စုလိုက် ရောက်လာကြသည်ကို တွေ့ရသည်။

“ဆေးရုံတခုမှာ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံအရ ဒီလောက် စစ်ဆင်ရေးလူနာအများအပြားဝင်ခဲ့ဖူးတာ တွေ့ရနည်းပါတယ်။ D/A လို့ခေါ်တဲ့ Date Of Admission ဆေးရုံတက်ရက်စွဲတွေကို ကြည့်လိုက်ရင်လည်း သိပ်ကွာတာ မတွေ့ရပါဘူး။ ၂၀၂၂ ခုနှစ်ရဲ့ လပိုင်းအချိူ့ ရက်တွေမှာ သိပ်မကွာဘဲ ဆေးရုံကို အဖွဲ့လိုက်၊ အစုလိုက်ရောက်ရှိခဲ့ကျတာမျိူးပါ။ အဲ့လို အစုလိုက်အဖွဲ့လိုက် ဆေးရုံကို ရောက်ကျမယ့်အစား၊ အချိန်မှီတုန်း တပ်ရင်းလိုက်တပ်ဖွဲ့လိုက် ပြည်သူ့ဘက်ကို ကူးပြောင်းရပ်တည်ကြပါ” လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ဝင် ဗိုလ်ကြီး သာထက်ဉာဏ်က ပြောဆိုသည်။

လက်ရှိ စာရင်းမှာ မင်္ဂလာဒုံစစ်ဆေးရုံမှ စာရင်းသာ ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းများရှိ စစ်ဆေးရုံများတွင်လည်း စစ်ဆင်ရေးအတွင်းမှ ဒဏ် ရာရ အရာရှိများနှင့် စစ်သားအများအပြား တက်ရောက်ကုသနေကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s