NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက် ကိုင် ၅ ဖွဲ့ စစ်ခေါင်းဆောင်နှင့် သွားတွေ့မည်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်မှုကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ငါးဖွဲ့က သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့(PPST) ထံက သိရသည်။
ယနေ့ မေလ ၆ ရက်နေ့တွင် PPST အစည်းအဝေး ကျင်းပပြီးနောက် အဖွဲ့ငါးဖွဲ့ကသာ စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမည်ဟု အတည်ပြုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLAPC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PLO)နှင့် မွန်ပြည်သစ်ပါတီ (NMSP) စသည့် ငါးဖွဲ့ နေပြည်တော်သို့ သွားရောက်မည် ဖြစ်ကြောင်း ဆိုသည်။
“ABSDF က ဗဟိုကော်မတီ အစည်းအဝေးလုပ်ဖို့ လိုသေးတယ်။ အဲဒီအတွက် သဘောထား မပေးနိုင်သေးဘူး။ LDU (လားဟူ ဒီမိုကရက်တစ်အစည်းအရုံး) ကတော့ လက်ရှိ သူတို့ အဖွဲ့အစည်းမှာ လုပ်စရာ ကိုင်စရာ အခက်အခဲတွေ ဘာတွေက တိုက်ဆိုင်နေတဲ့ အတွက် ပွဲကို တက်ရောက်ဖို့ အဆင့်သင့် မရှိသေးဘူးလို့ သဘောထား ပေးတယ်။ CNF ကလည်း လက်ရှိ အဖွဲ့အစည်းရဲ့ အခြေအနေအရ တက်ရောက်ဖို့ အဆင် သင့် မဖြစ်သေးဘူးလို့ သဘောထား ပေးပါတယ်” ဟု PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၂၂ ရက်နေ့တွင် စစ်ကောင်စီ ဥက္ကဋ္ဌက ငြိမ်းချမ်းရေးအတွက် ၎င်းကိုယ်တိုင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။
စစ်ခါင်းဆောင်၏ ဖိတ်ခေါ်မှုကို အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်သည့် ကရင်အမျိုးသား အစည်းရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့က တရားဝင် ပယ်ချထားသည်။ mizzima