Monthly Archives: May 2022

စစ်ကောင်စီက အကြောင်းရှာ ရန်ပြုမည်ကို စီးပွားရေးသမားများ စိုးရိမ်နေ 

နာမည်ကြီး လုပ်ငန်းရှင်ကြီးနှစ်ဦး ရှေ့ဆင့်နောက်ဆင့် ဖမ်းဆီးခံလိုက်ရပြီးနောက် အာဏာသိမ်းစစ်ကောင်စီက အကြောင်းမရှိအကြောင်းရှာ ရန် ပြုလာမည်ကို စီးပွားရေးသမားများ စိုးရိမ်နေကြသည်။

လွန်ခဲ့သော ငါးနှစ်ကျော်က စီမံကိန်းများကို အကြောင်းပြကာ ထိပ်သီးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေနှင့် ဧဒင် ဦးချစ်ခိုင်ကို ပြီးခဲ့သည့် မတ်လနှင့် ဧပြီလအတွင်း စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့သည်။  

ရန်ကုန်မြို့ရှိ စစ်တပ်ပိုင်မြေပေါ်တွင် အကောင်အထည်ဖော်နေသော ဟိုတယ်လုပ်ငန်းအတွက် ၂၀၁၄ ခုနှစ်ကတည်းက ပေါ်ပေါက်ခဲ့သော မြေ ငှားရမ်းခဆိုင်ရာ အငြင်းပွားမှုနှင့် ပတ်သက်၍ ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေနှင့် သားဖြစ်သူကို မတ် ၂၃ တွင် စစ်ကောင်စီက ဖမ်းဆီး သည်။ 

ဧဒင်ကုမ္ပဏီအုပ်စုပိုင်ရှင်နှင့် ဘဏ်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်သူ ဦးချစ်ခိုင်နှင့် သားဖြစ်သူကို ယခင် အစိုးရလက်ထက်က စတင်ဆောင်ရွက်ခဲ့သော တီကျစ်ကျောက်မီးသွေးတွင်း စီမံကိန်းနှင့် ပတ်သက်၍ ဧပြီလကုန်ပိုင်းတွင် ဖမ်းဆီးအရေးယူထားသည်။ 

စစ်ကောင်စီက အချိန်မရွေးရန်ရှာမည်ကို မည်သူမဆို စိုးရိမ်နေရသည့် အခြေအနေတွင် နာမည်ကြီးစီးပွားရေးသမားများ ပို၍အန္တရာယ်ရှိသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းသည့် လုပ်ငန်းရှင်ငါးဦးက ဆိုသည်။

ခရိုနီကြီးများ တစ်ယောက်ပြီးတစ်ယောက် အဖမ်းခံရခြင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် စီမံကိန်းအချို့နှင့် ပတ် သက် ၍ အဂတိလိုက်စားမှုရှိကြောင်း ပုံဖော်လိုခြင်းဖြစ်သည်ဟု ရန်ကုန်မြို့မှ အမည်မဖော်လိုသူ ကုန်သည်တစ်ဦးက ပြောသည်။

“နောက်ထပ် ခရိုနီတွေလည်း အဖမ်းခံရနိုင်တယ်။ ဘာလို့ အဖမ်းခံရနိုင်လဲဆိုတော့ ခရိုနီမှ မဟုတ်ဘူး၊ ကျွန်တော်တို့ သာမန်အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းရှင်တွေတောင်မှ အဲ့ဒီခေတ် အဲ့ဒီအခါက အစိုးရရဲ့ ပရောဂျက်တွေနဲ့ကင်းတယ်ဆိုတာ မရှိပါဘူး” ဟု ၎င်းက ပြော သည်။

ဧဒင်ဦးချစ်ခိုင်ကို စွဲဆိုထားသည့်အမှုတွင် NLD အစိုးရလက်ထက် သယံဇာတဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီးဒေါက်တာထွန်းနိုင်တို့နှင့်အတူ သတ္တုတွင်းနှင့် လျှပ်စစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးများကိုလည်း အမှုတွဲထားသည်။ 

၎င်းတို့ကို ထောင် ၁၅ နှစ်အထိ ချနိုင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မ ၅၅/ ၆၃ ဖြင့် စစ်ကောင်စီလက်အောက်ခံ အဂတိတိုက်ဖျက်ရေးကော်မရှင်က စွဲဆိုထားသည်။ 

“ဥပမာ ဒေါက်တာဇော်မြင့်မောင်ကို အမှုထပ်တပ်ချင်တယ်။ တပ်ဖို့အတွက်က အမှုက တည်ဆောက်ဖို့ ခက်လာပြီ။ ရှေ့မှာလည်း ငါးမှုခြောက်မှု တည်ဆောက်ပြီးပြီ။ ထပ်ပြီးတည်ဆောက်မယ်ဆိုရင် လူလိုလာပြီ။ တရားခံပြသက်သေလိုလာ၊ တရားလိုပြသက်သေလိုလာပြီ။ အဲ့လို သက် သေရဖို့ အမှုတည်ဆောက်ဖို့အတွက် ဒီသူဌေးတွေပဲ သုံးရတာလေ” ဟု အထက်ပါ ကုန်သည်က ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုဥက္ကဋ္ဌဖြစ်သူ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တို့ စွဲဆိုထားသည့် အမှုများတွင် စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ကို စစ်ကောင်စီက သက်သေအဖြစ် အသုံးချထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာငါးသိန်း လာဘ်ပေးခဲ့ရသည်ဆိုသော မောင်ဝိတ်၏ ထွက်ဆိုချက်ကို စစ်ကောင်စီက နိုင်ငံပိုင်ရုပ်မြင်သံကြားမှနေ၍ အထူးတလည် ထုတ်လွှင့်ခဲ့သည်။ 

ထို့အတူ ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆေးကုသွားစဉ် လာဘ်ငွေပေးရသည်ဟုလည်း ခေတ်အဆက်ဆက် အာဏာ ပိုင်များနှင့် ပူးကပ်လေ့ရှိသူ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်က ထွက်ဆိုထားသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက ကြီးလေးသောပုဒ်များနှင့် အဂတိပုဒ်မများအပါအဝင် အမှုပေါင်းများစွာ စွဲဆိုထားသည်။ 

စစ်ကောင်စီသည် မည်သူ့ကိုမဆို ဖမ်းဆီးထိန်းသိမ်းလိုသည့် ဆန္ဒရှိသည်ဟု ဦးချစ်ခိုင်နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြော သည်။

“တရားစွဲတာကတော့ စွဲပေါ့ဗျာ၊ သူတို့ရဲ့ အနေအထားအရ။ ဒါပေမဲ့ အာမခံပေးလို့ရရင်တော့ ပေးရမှာပေါ့။ ဒါပေမယ့် သူတို့က လက်ရှိ မစဉ်းစားဘူးလေ။ လက်ရှိအနေအထားအရ အကုန်လုံးကို ထိန်းသိမ်းထားဖို့ရည်ရွယ်တာဆိုတော့လေ” ဟု ၎င်းက ဆိုသည်။

ဦးခင်ရွှေသားအဖအမှုတွင်လည်း အာမခံပေးလိုက ပေးနိုင်သော်လည်း စစ်ကောင်စီက မပေးကြောင်း သူက ထောက်ပြသည်။ ထိုသားအဖကို စွဲဆိုထားသည့်အမှုမှာမူ NLD အစိုးရနှင့် ဆက်နွှယ်မှု မရှိပေ။ 

စစ်တပ်တည်ထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သည့် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက်တော်စပ်သူလည်းဖြစ်သည်။ 

နာမည်ကြီးလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းသည် တော်လှန်ရေးအင်အားစုများကို တိုးတိုးတိတ်တိတ် ထောက်ပံ့သည့် စီးပွားရေးသမားများကိုပါ အကြောက်တရားသွင်းခြင်းဖြစ်ကြောင်း မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“သူတို့(စစ်ကောင်စီ) ကြောက်တာ ခရိုနီကြီးတွေ ဟိုဘက်ထဲပါသွားမှာ ကြောက်သွားတာဖြစ်မယ်။ တကယ်လည်းဖြစ်ရင်ဖြစ်မယ်။ မဖြစ်ဘဲနဲ့ အဖမ်းပြပြီး ကောလာဟလတွေ ငါတို့အကုန်သိတယ်၊ မင်းတို့မလှူနဲ့ အဲ့ဒါမျိုးကို ပိတ်ချင်လို့ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။

ထိပ်သီးလုပ်ငန်းရှင်အများစုသည် စစ်အစိုးရခေတ်တွင် ချမ်းသာခဲ့ကြသူများဖြစ်ရာ စစ်ကောင်စီက ကျေးဇူးရှင်အဖြစ်ခံယူကာ ထင်ရာစိုင်းခြင်းဖြစ်သည်ဟုလည်း တရုတ် – မြန်မာနယ်စပ်ရှိ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

“စစ်အစိုးရ လုပ်ပေးခဲ့လို့ ချမ်းသာတယ်ထင်တာ။ ငါတို့လုပ်ပေးခဲ့လို့ မင်းတို့တွေ ချမ်းသာခဲ့တာပေါ့။ အဲဒီလို သဘောမျိုး။ အခုလည်း ငါတို့လိုချင်တာ မှန်သမျှ မင်းတို့ပေးရမယ် ဆိုတဲ့ပုံစံချိုးတာပဲ” ဟု ၎င်းက ဆိုသည်။

ကြားညပ်နေသည့် စီးပွားရေးသမားများ

စီးပွားရေးသမားများသည် တက်လာသမျှ အစိုးရတိုင်းနှင့် တည့်အောင်ပေါင်းကြသော်လည်း လက်ရှိတွင် စစ်ကောင်စီက အပြည့်အဝမထိန်းချုပ်နိုင်သောကြောင့် တော်လှန်ရေးအင်အားစုများ၏ ဖိအားပေးမှုကိုလည်း သတိထားဆင်ခြင်နေရသည်။

“ကျင်းထဲကျပ်ထဲမှာ ရောက်နေတယ်။ မလုပ်တော့ဘူးလို့ ပြောရင်လည်း ပြဿနာတက်နိုင်တယ်။ လုပ်မယ်လုပ်တော့လည်း (စစ်ကောင်စီနဲ့) ပေါင်းလုပ်တာလားလို့ ဖြစ်ပြန်တယ်။ လက်ရှိကျွန်တော်တို့ စီးပွားရေးသမားတွေ ရင်ဆိုင်ရတဲ့ ပြဿနာပဲ” ဟု ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီက လုပ်ငန်းရှင်တစ်ဦးကို ဆွေးနွေးပွဲဖိတ်လျှင် မဖြစ်မနေသွားရမည်ဖြစ်ပြီး မသွားလျှင် ၎င်းကိုယ်တိုင်အပြင် မိသားစုဝင်များကိုပါ အန္တရာယ်ပြုခံရနိုင်ကြောင်း ထိုကုန်သည်က ဆက်ပြောသည်။

“ဖမ်းလို့ရှိရင် အစုလိုက်အပြုံလိုက်ဖမ်းတယ်။ သတ်လို့ရှိရင် အစုလိုက် အပြုံလိုက်သတ်တယ်ဆိုတဲ့ ခေတ်ကိုး။ အဲ့တော့ ဘယ်လိုမှ မရှောင်တိမ်းနိုင်ဘူး။ မငြင်းဆန်နိုင်ဘူး။ ဒါကတော့ ကိုယ်ဘက်ကိုယ်ရပ်ပြီး ပြောတဲ့စကားမဟုတ်ဘူး။ မြို့ကြီးပြကြီးတွေမှာ နေတဲ့သူတွေသည် တကယ်ကို ထွက်ပေါက်ပိတ်တယ်” ဟု ၎င်းက ဆိုသည်။

အခြားတဖက်တွင် စစ်ကောင်စီနှင့်ပေါင်းသည်ဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပြည်သူလူ ထုက သပိတ်မှောက်ခြင်း၊ လူမှုရေးပစ်ဒဏ်ခတ်ခြင်း၊ အမည်ပျက်သွင်းခြင်း၊ နိုင်ငံတကာက ပိတ်ဆို့အရေးယူခြင်းများ ကြုံတွေ့ရနိုင်သည်။

ထို့အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့က ၎င်းတို့၏ လုပ်ငန်းများကို သတိပေးတိုက်ခိုက်မှုများလည်း ရှိပြီး လက်ရှိအဖမ်းခံရသည့် ဦးချစ်ခိုင်၏ Denko ဆီဆိုင်လည်း တိုက်ခိုက်ခံရဖူးသည်။

စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးနေသည်ဟုဆိုကာ ကုမ္ပဏီခြောက်ခုကို NUG အစိုးရက ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်နှင့် မတ် လဆန်းတွင် အမည်ပျက်စာရင်းသွင်းခဲ့ရာ ကုမ္ပဏီများ အကြောက်အကန်ငြင်းဆန်ကြသည်။

ဦးထွန်းမြင့်နိုင်၏ Yangon Aerodrome ကုမ္ပဏီ၊ Puma ကုမ္ပဏီခွဲ Asia Sun Energy၊ ဒေါက်တာဝင်းမြင့်၏  မြတ်မေတ္တာမွန်၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ Golden Myanmar Airlines၊ တယ်လီနောပိုင်ရှင်သစ် ဦးသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူနှင့် ကမ္ဘောဇလုပ်ငန်းစုပိုင်ရှင် ဦးအောင်ကိုဝင်း၏ Brighter Energy ကုမ္ပဏီတို့သည် စစ်ကောင်စီ၏ လေကြောင်းအသုံးပြု စစ်ရာဇဝတ်မှု ကျူးလွန်ရာတွင် လေ ယာဉ်ဆီတင်သွင်းကာ ပါဝင်ကူညီပေးနေကြောင်း NUG က ဆိုသည်။ 

ထိုပြင် စီးပွားရေးဟန်ပြလုပ်၍ စစ်အုပ်စုအတွက် လက်နက်ဝယ်ယူပေးနေသည်ဟုဆိုကာ ဦးတေဇ၊ ဦးဂျော်နသန်မျိုးကျော်သောင်း၊ ဒေါက် တာအောင်မိုးမြင့် အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ၉ ဦးနှင့် ၎င်းတို့ပိုင် ကုမ္ပဏီများကို ဇန်နဝါရီလအတွင်း တွင် NUG အစိုးရက အမည်ပျက်စာရင်းသွင်းခဲ့သည်။

ထိုသို့ အမည်ပျက်စာရင်းသွင်းခံထားရသည့် စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့ပိုင် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ကိုင်ခြင်း၊ ရောင်းဝယ် ဖောက် ကားခြင်း၊ ငွေပေးငွေယူခြင်းများ မပြုလုပ်ရန် NUG က သတိပေးတားမြစ်သည်။​

အာဏာသိမ်းပြီးနောက် စစ်တပ်နှင့် ဆက်နွှယ်သည်ဆိုကာ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်အချို့ကို အမေရိကန်နှင့် ဗြိတိန်တို့ကလည်း ဒဏ်ခတ်အရေးယူထားသည်။ 

နာမည်ကြီး လုပ်ငန်းရှင်ကြီး အများစုမှာ အာဏာသိမ်းပြီးကတည်းက တိတ်ဆိတ်နေသည်။ အာဏာသိမ်းပြီးရက်ပိုင်းအတွင်း စစ်ခေါင်းဆောင်က လုပ်ငန်းရှင်ကြီးများကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံခဲ့သည်။ ထို့နောက်ပိုင်း မည်သည့်လှုပ်ရှားမှုမျှ ကြားသိရခြင်း မရှိတော့ပေ။

အာဏာသိမ်းခေါင်းဆောင်၏ ရန်ကုန်ခရီးစဉ်တစ်ခုတွင် နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးဖြစ်သော ဦးဇော်ဇော်က ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အနေ ဖြင့် ကြိုဆိုဧည့်ခံရသည်ကို တွေ့ရသည်။ 

ထို့နောက်ပိုင်းတွင် ဦးဇော်ဇော်အပါအဝင် အခြားနာမည်ကြီး လုပ်ငန်းရှင်များနှင့် စစ်ကောင်စီကြား မည်သို့သော ဆက်ဆံရေးရှိသည်ကို မသိရပေ။ 

စစ်ကောင်စီက လုပ်ငန်းရှင်များကိုပါ ပစ်မှတ်ထားလာခြင်းမှာ  တစ်တိုင်းပြည်လုံးဖျက်ဆီးသည့်လုပ်ရပ်ဖြစ်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆို သည်။ myanmar now

အင်ပင်ထီးရွာ ပျူစောထီးစခန်းကို ဒေသကာ ကွယ်ရေးအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ် ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်ပင်ထီးကျေးရွာမှ ပျူစောထီးစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက တာဝေးပစ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ သိရ သည်။

“သေဆုံးမှုတော့ အနည်းနဲ့ အများရှိပါမယ်။ ပစ်ခတ်ခံရပြီးတော့ ဆူညံသံတွေကို အဝေးကနေကြားနေရ တယ်”ဟု ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့၏ သတင်းပြန်ကြားရေးအဖွဲ့ဝင် ကိုဖိုးသားက မဇ္ဈိမကိုပြော သည်။

ပျူစောထီးအင်အား ၁ဝဝ ဝန်းကျင်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးခန့်ရှိသည့် ယင်းပူးပေါင်းစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက မေလ ၆ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေကို လတ်တလောမသိရှိရသေးကြောင်း ကျား သစ်နက်ပြောက်ကျားတပ်ဖွဲ့ သတင်းပြန်ကြားရေးအဖွဲ့ဝင်ကပြောသည်။

“ အဲ့ဒီရွာမှာ ၁၂ လပိုင်းလောက်ကတည်းက ပြည်သူတွေမရှိတော့ဘဲ ပျူတွေကျန်နေခဲ့တာပါဗျ။ အဲဒီရွာကို ပစ်ခတ်နေတာ ၁၀ ကြိမ်ထက်မ နည်းတော့ပါဘူး။ အခုလည်း သူတို့က စခန်းကို အခိုင်အမာတည်ဆောက် နေတယ်” ဟု ၎င်းက ပြောသည်။

ယခုပစ်ခတ်တိုက်ခိုက်မှုကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ PRA ခွဲ (၂၃)၊ ပုလဲမြေပြန့်လွင်ပြင် ကာကွယ်ရေးအင်အားစု (PPDG)၊ ပုလဲဂျော်ကာအဖွဲ့နှင့် မြေပြင်သိန်းငှက်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“စခ၊ ရခ၊ ပျူ၊ ဒလန်၊ သွေးသောက် စတဲ့ ထောက်တိုင်အားလုံးကိုဖြိုဖို့ ရှေ့တန်းက ကျနော်တို့တပ်ဖွဲ့ဝင် တွေရဲ့ တာဝန်ထားပါ။ သူတို့ကိုဖြိုဖို့ လက်နက်အင်အားအတွက် ကျနော်တို့ချစ်တဲ့ပြည်သူတွေက တာဝန် ယူပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျ” ဟု ကိုဖိုးသားက ပြောသည်။

အင်ပင်ထီးကျေးရွာတွင် စခန်းချထားသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက အနီးပတ်ဝန်း ကျင်ကျေးရွာများကို ဝင်ရောက်ကာ မီးရှို့ဖျက်စီးခြင်း၊ ရွာခံပြည်သူများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ၎င်းတို့တပ်စွဲရာ အင်ပင်ထီးကျေးရွာစခန်းသို့ သယ်ဆောင်ခြင်းများပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။ mizzima

ပဲခူးမြို့ရှိ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ရုံးတွင် သတ်မှတ်ကြေးထက်ပိုပြီး အဓမ္မငွေကောက်ခံနေ

ပဲခူးမြို့က စစ်ကောင်စီလက်အောက်ခံ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးတဲ့ရုံးမှာ ရုံးတာဝန်ခံဝန်ထမ်းက ပတ်စ်ပို့စ် လာလုပ်တဲ့ ပြည် သူလူထုတွေထံကနေ  သတ်မှတ်ကြေးထက်ပိုပြီး အဓမ္မငွေတောင်းနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ 

ပတ်စ်ပို့သွားလုပ်ခဲ့တဲ့ ဒေသခံတဦးက  “ ပတ်စ်ပို့လုပ်ရင် တယောက်ကို တရားဝင် သွင်းကြေးက ကျပ် ၃၀၀၀၀ လောက်ပေးရတာဖြစ်ပေမဲ့  ရုံးတာဝန်ခံတင်ထွန်း ဆိုသူက ပတ်စ်ပို့လျှောက်လွှာ တစောင်ကို ကျပ် ၁၇၀,၀၀၀ ပေးမှ ထုတ်ပေးတယ်”လို့  ပြောပါတယ်

ဒါ့အပြင် မှတ်ပုံတင်မပါရင် ကျပ် ၃၀၀၀၀ ၊ အိမ်ထောင်စုစာရင်းမပါရင် ကျပ် ၃၀၀၀၀ ၊ အဝင်တံဆိပ်တုံးမရှိရင် ကျပ်၃၀၀၀၀ ၊ အထွက်တံဆိပ်တုံးမရှိရင် ၃၀၀၀၀ လည်း ထပ်ပေးရတဲ့အပြင် စာအုပ်ပျက်စီးတယ် အကြောင်းပြပြီး ဒဏ်ကြေး ၆၀,၀၀၀ ပါ ထပ်တောင်းနေတာကြောင့် ပတ်စ်ပို့သွားလုပ်သူတွေ အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင် ရှားပြီး စီးပွားရေး အဆင်မပြေကြတာကြောင့် တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေကပါ ပြည်ပကို ထွက်ခွာ အလုပ်လုပ်လိုသူတွေ  နေ့စဥ် များလာနေတာ ဖြစ်ပါတယ်။  khit thit

တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၂ ရွာနှင့် ကလေးမြို့နယ်ရှိ တင်သားကျေးရွာကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ လက်ဆည်ကျေးရွာနဲ့ အင်တောရိုးကျေးရွာကို စစ်ကောင်စီတပ်တွေက  မေ ၇ ရက် ဒီ မနက် ၆ နာရီခွဲကျော်လောက်က တပြိင်နက် မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မီးရှို့ခံရတဲ့ရွာတွေဟာ ရွာချင်းကပ်နေတဲ့ ကျေးရွာတွေလည်း ဖြစ်တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ 

“မီးခိုးလုံးကြီးတွေက တအားကြီးတယ်။ အဝေးကနေပဲ သူတို့ မီးရှိုတုန်းက ကြည့်နေရတယ်။ အခုသူတို့ထွက်သွားချိန် ရွာထဲပြန်ကြည်တော့ အိမ်ကြီးအိမ်ကောင်းတွေပဲ မီးရှို့သွားကြတယ်။”

အခုလိုမီးရှို့ခံရကြောင့် လက်ဆည်ကျေးရွာက အိမ် ၄ လုံးနဲ့ အင်တောရိုးကျေးရွာက အိမ် ၇ လုံး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ 

တည်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ခံခဲ့ရတဲ့ကျေးရွာပေါင်း ၁၁ ရွာ အထိ ရှိနေပြီဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေဟာ ရှားဖိုရွာနဲ့ အရှေ့စည်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက်  မေ ၆ ရက် မနက်ပိုင်းကစလို့ တင်သားကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်။

တင်သားကျေးရွာအုပ်စုမှာ ဧပြီ ၂၇ ရက်ကနေ မေ ၄ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေက အရှေ့စည်း‌ရွာနဲ့ ရှားဖိုရွာက လူနေအိမ်တွေကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တင်သားရွာက အမျိုးသမီးတစ်ဦးက “ကိုယ့်ရွာ မီးရှို့ဖျက်ဆီးခံရတဲ့အဖြစ်ကို အဝေးကပဲ။ လှမ်းကြည့်နေရတယ်။ ဘာမှလည်း မတတ်နိုင်ဘူး များတာတော့ များနိုင်တယ်။ ကျမတို့လည်း‌ ပြေးနေရတော့ ဘယ်သူ့ အိမ်တွေ မီးရှို့နေတယ်ဆိုတာကို သေချာမသိရဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ‌ကြံသာကျေးရွာမှာ တပ်စွဲနေထိုင်စဉ်ကာလတည်းကစလို့ တင်သားရွာ အောင်မင်္ဂလာကျေးရွာနဲ့ မှန်တောရွာဘက်ကို လက်နက်ကြီးတွေနဲံ လှမ်းပစ်တာကြောင့် ဒေသခံ တွေ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်တချို့လည်း ပျက်စီးဆုံးရှုံခဲ့ပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ ကျေးရွာတွင်းမှာ ‌မနေရဲတော့တာကြောင့် ကျေးရွာအနီး ဒိုးနွယ်ကျေးရွာစာသင်ကျောင်းက ဒိုးနွယ်ရွာကျောင်းထိုင် ဆရာတော်ဦးစီးဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတွေဆီမှာ နေထိုင်နေကြရပြီး စစ်ဘေးရှောင်ရတာ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ အိုး အိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေဖြစ်ပေါ်ကာ အကူအညီတွေလည်း လိုအပ်နေပါတယ်။

တင်သားကျေးရွာမှာ အိမ်ခြေ ၂၀၀၀‌ ကျော်ရှိပြီး လူဦးရေ ၈၀၀၀ ကျော်နေထိုင်တဲ့ ကျေးရွာတစ်ရွာလည်းဖြစ်ပါတယ်။

အခုတကြိမ်နဲ့ဆိုရင် တင်သားကျေးရွာဟာ ၃ ကြိမ်မြောက်မီးရှို့ခံရတာဖြစ်ပြီး အရင်နှစ် ဩဂုတ်လတုန်းကလည်း  CDM ကျောင်းဆရာဦးကျော်မင်းနိုင်ရဲ့နေအိမ်နဲ့  ဒီဇင်ဘာလတုန်းက ရွာသားတွေနဲ့ နေအိမ် ၅ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရပါသေးတယ်။ DVB

ငရုတ်ကောင်းမြို့၌ စစ်ကောင်စီသတင်းပေးဟုဆိုသူ အသတ်ခံရ

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့၌ စစ်ကောင်စီသတင်းပေးဆိုသူကို မေလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း Pathein Western Defence Force (PWDF) တပ်ဖွဲ့တာဝန်ခံက ပြောသည်။

“ဒလန်ဇော်မိုးက ပြည်သူတွေအဖမ်းခံရအောင် သတင်းပေးတာတွေ၊ PDF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရ အောင် စစ်တပ်သတင်းပေးလုပ်နေတာတွေကြောင့် ရှင်းလင်းခဲ့တာပါ။ ကျွန်တော်တို့တပ်ဖွဲ့တွေအနေနဲ့ ရဲသတင်းပေးတွေ၊ စစ်ကောင်စီသတင်းပေး ဒလန်တွေကို လက်လှမ်းမှီသ လောက် အရင်ဆုံးရှင်းလင်းသွား မှာပါ ”ဟု ၎င်းက ပြောသည်။

ထို့အပြင် ပြည်သူလူထုဘက်မရပ်တည်သည့် အုပ်ချုပ်ရေးမှူးများကိုလည်း ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ပြီး တိုက်ခိုက်ရေးအစီအစဥ်များရှိသည်ဟု PWDF တာဝန်ခံက ဆိုသည်။

ယခုပစ်ခတ်မှုကို ဧရာဝတီတိုင်းအတွင်း မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် Pathein Western Defence Force(PWDF)၊ Beach Defence Force(BDF)၊ West Coast Defence Force (WCDF)၊ Mountain Civil Defence Force (MCDF)၊ SinYine Guerrilla Force (SGF)တပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း PWDF တာဝန်ခံက ပြောသည်။ mizzima

မြောင်မြို့နယ် မြစ်ဆုံရွာကို စစ်တပ် ဝင်စီး၍ ပြည်သူပိုင် နေအိမ် ၈ လုံးနှင့် CDSOMတပ်ဖွဲ့ တောင်ပိုင်း ခေါင်းဆောင် တစ်ဦးနေအိမ်ကို မီး ရှို့ ဖျက်ဆီး၊ ငါးရန့်အိုရွာနှင့် ရေစကြို ရွှေလှံရွာကိုလည်း စစ်တပ်က မီးရှို့နေ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာကို အကြမ်းဖက် စစ်တပ်က မေလ ၆ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၈ လုံးနှင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) တောင်ပိုင်း ခေါင်းဆောင် ဗိုလ်ကျားသစ် နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် မြောင်မြို့နယ် ငါးရန့်အိုရွာနှင့် ရေစကြိုမြို့နယ် ရွှေလှံရွာကိုလည်း မီးရှို့နေပြီး ဒေသခံပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရသည်။

မြောင်မြို့နယ် ငါးရန့်အိုရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် မီးရှို့နေခြင်းဖြစ်ကာ ရွာလုံးကျွတ် ထွက် ပြေးနေရပြီး ရေစကြိုမြို့နယ် ရွှေလှံရွာကိုလည်း ယနေ့ နံနက်ပိုင်းတွင် မီးရှို့နေပြီး ပြည်သူပိုင် နေအိမ် ၃ လုံး မီးလောင်ပြာကျကာ မွန်းလွဲ ၁၂ နာရီခန့်တွင် မင်းလှရွာသို့ ရောက်နေပြီး အနီးအနား ကျေးရွာများမှ ပြည်သူများပါ ထွက်ပြေး နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူများကို မြောင်မြို့နယ်လွှတ်တော်အ မတ်၊ Myaung Women Warriors ဒုတပ်ရင်းမှုး နွေဦးဒေဝီ ဦးဆောင်သည့် အဖွဲ့က ထမင်းဟင်းနှင့် စားသောက်စရာများ၊ ရေများ လိုက်လံ ဝေငှ ပေးနေကြောင်း သိရသည်။ khit thit

ရွာငံပြောက်ကျားတပ်ဖွဲ့က M 16 အပါအဝင် လက်နက်ခဲယမ်း ဝယ်ယူလိုက်ကြောင်း ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်အတွင်းရှိ Ye-Ngan Urban Gierrillas တပ်ဖွဲ့သည် M 16 တစ်လက်အပါအဝင် လက်နက်ခဲယမ်းအချို့ ဝယ်ယူခဲ့ကြောင်း ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ မေလ ၇ရက်က သတင်းထုတ်ပြန်သည်။

ဝယ်ယူထားသည့်လက်နက်ခဲယမ်းများတွင် M 16 , 5.56 ကျည်ဘောက်ပါ တစ်လက်၊ ကိုးလုံးသေနတ် ငါးလက်နှင့် 5.56 ကျည်တောင့် ငါးရာ ပါဝင်ခဲ့ကြောင်း သိရသည်။

ဧပြီလအတွင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းထောက်ပံ့မှုကြောင့် ဝယ်ယူနိုင်ခြင်းဖြစ်ကြောင်း နှင့် တစ်ချို့ ဝယ်ယူထားသည့် လက်နက်ခဲယမ်းများ ငွေကြေးမချေရသေးပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်က ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အနောက်ဘက်အတွင်းရှိ YUG & TPDF ပူးပေါင်းတပ်ဖွဲ့၏ တပ်ခွဲ(၂) အခြေခံစစ်သင်တန်းပေးပို့ရေး စခန်းတစ်ခုကို စစ်ကောင်စီတပ်က ကင်းထောက်လေယာဉ် သုံးစီး ဖြင့် ကင်းထောက်ပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အဆက်မပြတ်ပစ်ခတ်၍ စခန်းကို တက်သိမ်းခဲ့မှုဖြစ်ပွားခဲ့သေးသည်။ mizzima

ပခုက္ကူခရိုင်၌ လွှတ်တော်အမတ်၏အိမ်အပါ အဝင် ပြည်သူ့ နေအိမ် တဒါဇင်ခန့် ချိပ်ပိတ်ခံရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ မေ ၁ ရက်မှ  ၇ ရက်နေ့အထိ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားသူတွေရဲ့  နေအိမ် ၁၃ လုံးလောက်ကို စစ်ကောင်စီက ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပခုက္ကူမြို့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးဟန်ဇော်ဝင်း၊ မြမင်းဆွေ၊ ကိုပြည့်ဖြိုးကျော်၊ ကိုထူးအောင်လွင်နဲ့ ဦးတိုးရွှေ(ခ)ညိုမောင်တို့ရဲ့နေအိမ်တွေကို မေ ၄ ရက်နဲ့ ၅ ရက်တွေမှာ ချိပ်ပိတ်ခဲ့သလို  မေ ၆ ရက်မှာလည်း ဒေါ်ကြေးမုံဝင်းရဲ့ နေအိမ်ကို စစ်ကောင်စီတပ်တွေ လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ ပခုက္ကူမြို့ခံက  ပြောပါတယ်။

ရေစကြိုမြို့နယ် သပိတ်ခေါင်းဆောင် ဦးဝေယံနိုင်၊ ကိုအောင်ကျော်ဖြိုး၊ ကိုဟိန်းထက်စံ၊ မခင်မာရီနဲ့ ကိုမျိုးဝင်းတို့ရဲ့ နေအိမ်တွေကိုလည်း မေ ၂ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေ လာရောက်ချိပ်ပိတ်ခဲ့တယ်လို့  ရေစကြိုမြို့ ဒေသခံတစ်ယောက်က ဆိုပါတယ်။

နေအိမ်ဖျက်ဆီးခံရတဲ့ ရေစကြိုမြို့နယ် သပိတ်ခေါင်းဆောင် ကိုဝေယံနိုင်က  “ရေစကြိုမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေအား ကောင်းတဲ့ အချိန်ကတည်းက စစ်ကောင်စီတပ်တွေ ခဏခဏ လာပြီးဖျက်ဆီးထားကြတာ။ အိမ်တဆောင်လုံး  ဘာမှကို ရစရာမရှိဘူး။ တော် လှန်ရေးလုပ်တဲ့အခါ စွန့်လွှတ်ရတာတွေ ပေးဆပ်ရတာတွေရှိမှာပဲ။ ဘာတွေပေးဆပ်ရတယ်။ ဘာတွေစွန့်လွှတ်ရတယ်ဆိုတာကို ပြောပြမနေချင်ဘူး။ သူတို့ဖျက်ဆီးချင်တိုင် ဖျက်ဆီးပြီးမှ  သိမ်းချင်သိမ်း မသိမ်းချင်နေပေါ့။ တော်လှန်ရေးသမားတယောက် အနေနဲ့တော့  ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့ တွန်းအားတွေပိုရတာပေါ့”လို့  ပြောပါတယ်။

ပေါက်မြို့ အောင်တံခွန်ရပ်ကွက်မှာလည်း မေ ၁ ၇ ရက် နေ့လယ်က  ကိုညွှ့န်ဇော်ဌေးနဲ့ ကိုဇော်မင်းထက်(ခ)ဇော်ကြီး တို့ရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်တွေ လာရောက်ချိန်ပိတ်သွားတယ်လို့  ပေါက်မြို့ဒေသခံက  ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေကတော့ ဆူပူ အကြမ်းဖက်မှုတွေကို လုပ်ကိုင်ဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီနေအိမ်တွေကို နိုင်ငံ တော်ပိုင်သိမ်းဆည်းပြီး ချိပ်ပိတ်တာလို့ သတင်းဖော်ပြပါတယ်။

အန်အယ်လ်ဒီအမတ်တွေ၊ ပါတီဝင်တွေနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့သူတွေရဲ့ နေအိမ်၊ခြံဝင်း တွေကို စစ်ကောင်စီက ချိပ်ပိတ်ရုံတင်မက ရောင်းစားဖို့အထိ ပြင်ဆင်လာတာဟာ တည်ဆဲဥပဒေ တွေ နဲ့ ညီညွတ်မှု မရှိဘူးလို့  ဥပဒေပညာရှင်တွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီက ၂၀၂၂ မတ် ၁၈ ရက်နေ့အထိ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပါတီဝင်တွေရဲ့ နေအိမ်နဲ့လုပ်ငန်းအဆောက်အအုံ  စုစုပေါင်း ၂၈၀ ကျော်ကို ချိပ်ပိတ်ခဲ့တယ်လို့ အန်အယ်လ်ဒီက မတ်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ DVB

အမှတ် ၁ ကုတင် ၁,၀၀၀ မင်္ဂလာဒုံ စစ်ဆေးရုံတွင် စစ်ဆင်ရေးအတွင်း ဒဏ်ရာရရှိခဲ့သော အရာရှိများ စစ်သားများဖြင့် ပြည့်နှက်နေ၊ အ ရိုးကုသဆောင်တွင် လူနာ တစ်ရာကျော်နေဟု CDM ဗိုလ်ကြီး ပြော

ရန်ကုန်၊ မင်္ဂလာဒုံရှိ အမှတ် ၁ ကုတင် ၁,၀၀၀ စစ်ဆေးရုံတွင် တက်ရောက်ကုသနေသော ဒဏ်ရာရ အရာရှိများ စစ်သည်များဖြင့် ပြည့်နှက်နေပြီး ဧပြီလ ၂၃ ရက်နေ့တွင် ဒုဗိုလ်မှူးကြီး ၁ ဦးအပါအဝင် အရာရှိများ တပ်သားများ စုစုပေါင်း ၃၈ ဦး တက်ရောက်ကုသနေကြောင်း အဆိုပါ စစ်ဆေးရုံမှ ပေါက်ကြားလာသည့် လူနာစာရင်းအရ သိရှိရသည်။

“အရင်အာဏာမသိမ်းခင်က တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာတွေရှိတယ်၊ ဒီလိုစစ်ပွဲတွေမှာတုန်းကလည်း တပ်မှာရှေ့တန်းစစ်ဆင်ရေးလူနာဆိုပြီး သက်ဆိုင်ရာတိုင်းစစ်ဒေသအလိုက်က စစ်ဆေးရုံတွေကို ရောက်တာတွေရှိဖူးတယ်။ အဲဒီတုန်းကတော့ ဒီလောက်များများ မတွေ့ဖူးဘူး။ ဘာကြောင့်လဲဆိုရင် ကျနော်ဖြတ်သန်းလာခဲ့တဲ့စစ်ဆေးရုံ ၂ ခုလုံးမှာ EA လူနာတွေနဲ့ ဆိုင်တဲ့အလုပ်တွေလုပ်ခဲ့ရဖူးတဲ့ ဌာနတွေမှာ တာဝန်ကျဖူးတော့ သိတာပေါ့ဗျာ။ လွန်ဆုံးမှ ၅ ယောက် ၆ ယောက်ပေါ့။ အခု ဒီစာရင်းက ခွဲစိတ်ကုသမှုဌာနပဲ ပါသေးတယ်ဗျ။ အတွင်းသတင်းရဲ့ ပြောပြချက်အရတော့ အရိုးကုသမှုဌာန (Ortho Ward) မှာဆိုရင် ရာကျော်တယ်လို့ သိရတယ်၊ Ortho Ward မှာက တို၁ ရှည်၁ သမားတွေ၊ တဖက်ဖြတ်ရတဲ့သူတွေပေါ့၊ မဖြတ်ရရင်တောင် ကျိူးပဲ့ သူတွေပေါ့။ ” ဟု ပြည်သူ့ပန်းတိုင်အဖွဲ့ဝင် ဗိုလ်ကြီးသာထက်ဉာဏ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ စာရင်းတွင် တပ်သား ဇေယျာခိုင်မှအပ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ ၁ ဦး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၂ ဦးနှင့် ခွဲတပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ် များအပါအဝင် ကျန် ၃၈ ဦး သည် စစ်ဆင်ရေးများအတွင်း ဒဏ်ရာရသူများဖြစ်ကာ (EA – Enemy Action) ရန်သူကြောင့်ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသနေကြသူများဟု စစ်တပ်အတွင်း သုံးနှုံးကြောင်း သိရှိရသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် နိုင်ငံအနှံ့တွင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ERO များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ထိခိုက်သေဆုံးမှု များပြားလာပြီး စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းက တပ်မိသားစုဝင်များကို လိမ်လည်ကာ သတင်းထိန်ချန်ထားခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး သာထက်ဉာဏ်က ပြောဆိုသည်။

အဆိုပါ စာရင်းတွင် စစ်သားအများစုမှာ ၂၀၂၂ ခုနှစ် မတ်လ နှင့် ဧပြီလ တွင် စစ်ဆေးရုံသို့ ရောက်ရှိလာပြီး တက်ရောက်ကုသနေသူ အများစုဖြစ်ပြီး ဆေးရုံရောက်ရှိလာသည့် နေ့စွဲမှတ်တမ်းအရ အချို့မှာ အုပ်စုလိုက် ရောက်လာကြသည်ကို တွေ့ရသည်။

“ဆေးရုံတခုမှာ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံအရ ဒီလောက် စစ်ဆင်ရေးလူနာအများအပြားဝင်ခဲ့ဖူးတာ တွေ့ရနည်းပါတယ်။ D/A လို့ခေါ်တဲ့ Date Of Admission ဆေးရုံတက်ရက်စွဲတွေကို ကြည့်လိုက်ရင်လည်း သိပ်ကွာတာ မတွေ့ရပါဘူး။ ၂၀၂၂ ခုနှစ်ရဲ့ လပိုင်းအချိူ့ ရက်တွေမှာ သိပ်မကွာဘဲ ဆေးရုံကို အဖွဲ့လိုက်၊ အစုလိုက်ရောက်ရှိခဲ့ကျတာမျိူးပါ။ အဲ့လို အစုလိုက်အဖွဲ့လိုက် ဆေးရုံကို ရောက်ကျမယ့်အစား၊ အချိန်မှီတုန်း တပ်ရင်းလိုက်တပ်ဖွဲ့လိုက် ပြည်သူ့ဘက်ကို ကူးပြောင်းရပ်တည်ကြပါ” လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ဝင် ဗိုလ်ကြီး သာထက်ဉာဏ်က ပြောဆိုသည်။

လက်ရှိ စာရင်းမှာ မင်္ဂလာဒုံစစ်ဆေးရုံမှ စာရင်းသာ ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းများရှိ စစ်ဆေးရုံများတွင်လည်း စစ်ဆင်ရေးအတွင်းမှ ဒဏ် ရာရ အရာရှိများနှင့် စစ်သားအများအပြား တက်ရောက်ကုသနေကြောင်း သိရှိရသည်။ khit thit

« Older Entries Recent Entries »