Monthly Archives: May 2022

NDAK ခေါင်းဆောင်နေအိမ် လက်နက်ကြီးဖြင့် ပစ်ခံရ၊ ၂ ဦး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDAK) ခေါင်း ဆောင်ရဲ့နေအိမ် မေ ၆ ရက် ညပိုင်းက လက်နက်ကြီးနဲ့ အပစ်ခံခဲ့ရတဲ့အတွက် လုံခြုံရေးတာဝန်ကျသူ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ည ၁၀ နာရီခွဲလောက်က လက်နှက်ကြီးနဲ့ နှစ်ချက်လှမ်းပစ်တာ။ သူ့အိမ်မှာကလည်း လုံခြုံရေးအစောင့်တွေ အမြဲရှိတယ်။ ခြံစည်းရိုးတံခါးတွေ အမြဲပိတ်ထားတာ။ ဘယ်အဖွဲ့က ပစ်လဲ ဆိုတာတော့ မသိဘူး၊ လုံခြုံရေးတာဝန်ကျသူ နှစ်ဦးသေတယ်” လို့ မြေမြင့်ရပ်ကွက်နေသူတဦးက ပြောပါတယ်။

နေအိမ်ကို လက်နက်ကြီးနဲ့ အပစ်ခံရတဲ့ ဦးစခုန်တိန့်ယိမ်းဟာ စစ်ကောင်စီလက်အောက်ခံ ကချင် ဒီမိုကရေစီသစ်တပ်မတော် ပြည်သူ့စစ်ခေါင်းဆောင်တဦးဖြစ်ပြီး ကချင်အထူးဒေသ (၁) အဖွဲ့ချုပ်  ထာဝရငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌတဦးဖြစ်ပါတယ်။ 

ဦးစခုန်တိန်ယိန်းဟာ ၁၉၈၉ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး ပန်ဝါဒေသမှာ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) အမည်နဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့သူ ဖြစ်ပါတယ်။ ဒီနောက် ၂၀၀၉ ခုနှစ်မှာတော့ NDAK တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ဦးစခုန်တိန်ယိန်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့သလို ၂၀၂၀ ရွေး ကောက်ပွဲမှာလည်းထပ်မံ ဝင်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ DVB

ခင်ဦး မြင်းကျကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက် ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်း မီးရှို့နေပြီး အ သက်အရွယ် ကြီးရင့် သူများ ကျေးရွာတွင်း၌ ပိတ်မိနေ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြင်းကျကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၈ ရက်နေ့ ညနေ ၄နာရီ ၅ဝ မိနစ်ခန့်တွင် တိုက်ပွဲဖြစ် ပွားခြင်း မရှိဘဲ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ကာ ဝင်ရောက် စီးနင်း မီးရှို့နေကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ချိန်၌ ကျေးရွာအတွင်းရှိ လူငယ်၊ လူလတ်ပိုင်းများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အသက်အရွယ် ကြီးရင့်သူများသည် ထွက်ပြေးနိုင်ခြင်း မရှိဘဲ ပိတ်မိ နေကြောင်း သိရသည်။

” ဒီနေ့ ညနေပိုင်းလောက်က စစ်ခွေးတွေ မီးရှို့နေတာ ရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ပြီးတော့ ဝင်စီးတာ အင်အား ၆ဝလောက် ရှိမယ်။ ရွာထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ပိတ်မိနေတယ်” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ မြင်းကျကျေးရွာတွင် အိမ်ခြေ ၃ဝဝခန့်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေး နေရပြီး ကျေးရွာအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့နေသော ကြောင့် မီးခိုး လုံးများ ထွက်ပေါ်လာသည်ကိုသာ အဝေးမှ ကြည့်နေရပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ khit thit

ဖရူဆိုတွင် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ ၁၅ ဦးသေဆုံးပြီး ယာဉ်လေးစီးပျက်စီး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ယမန်နေ့ (မေ ၇) က စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ ယာဉ်လေးစီးပျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။

စစ်ကားအစီး ၂၀ ကျော် ပါဝင်သော ယာဉ်တန်းကို နံနက် ၈ နာရီခွဲတွင် ကြားဖြတ်တိုက်ခိုက်စဉ် ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကားလေးစီးကို မီးရှို့ဖျက်ဆီးနိုင်ကာ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ခဲ့သည်ဟုလည်း KNDF တပ်ရင်း ၄ ၏ ယနေ့ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် နံနက် ၁၁ နာရီကျော်တွင် စစ်ကူရောက်ရှိလာသော စစ်တပ်နှင့် တိုက်ပွဲထပ်ဖြစ်စဉ် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ နှစ်ဦးကို အရှင်ဖမ်းမိကြောင်းလည်း KNDF က ဆိုသည်။

စစ်တပ်ယာဉ်တန်းကို ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကာ တိုက်ပွဲအတွင်း စစ်တပ်ထံမှ သိမ်းဆည်းရမိသော လက် နက်ခဲယမ်းများကိုလည်း ထုတ်ပြန်ထားသည်။ 

Kayah Li Phu အမည်ရ ဒေသခံ လူမှုကွန်ရက်စာမျက်နှာတစ်ခုက ယမန်နေ့ ညနေပိုင်း ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် လဲကျသေဆုံးနေသော စစ်ကောင်စီတပ်သားများနှင့် မီးလောင်နေသော စစ်တပ်သုံးယာဉ်အချို့ တွေ့ရသည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအရ ထိုစစ်ယာဉ်တန်းတွင် လိုက်ပါလာသူများမှာ တပ်မ ၆၆ မှ ဖြစ်ကြောင်း Kayah Li Phu ထပ်မံထုတ်ပြန်သော ရုပ်သံမှတ်တမ်းက ဆိုသည်။ 

ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာနှင့် လောဂျေခူကျေးရွာကြားတွင် နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသ မီးတစ်ဦးတစ်ဦးက ပြောသည်။ 

“တစ်ယောက်က အခုတိုက်ပွဲဖြစ်တယ်လို့ ကျွန်မတို့ကို လာပြောပြတဲ့အချိန်မှာ ၉ နာရီကျော်သွားပြီ။ ကျွန်မတို့တော့ အသံမကြားရဘူး။ ဒါ ပေမဲ့ စစ်ရှောင်တဲ့နေရာကနေတော့ အကုန်လုံးကြားရတယ်လို့ ပြောတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။

ဖရူဆိုမြို့နယ်အရှေ့ခြမ်းရှိ မာခရော်ရှေ့ကျေးရွာအပါအဝင် အနီးအနားရွာများမှာ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးလာသည့်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ဖရူဆိုမြို့နယ်ရှိ KNDF ၏ နယ်မြေခံတပ်ရင်းက စစ်ကောင်စီယာဉ်တန်းတစ်ခုလုံးကို ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကာ KNDF တပ်ရင်း ၁၆ မှ တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။

“သူတို့ တစ်ခါတည်း လုပ်လိုက်တယ်။ ကျွန်တော်တို့ဘက်တော့ မရောက်လာတော့ဘူး။ သူတို့ (စစ်တပ်) အပေါ်ကနေ ဆင်းလာတယ်။ ဆင်းလာတဲ့ဟာကို ဖြတ်တိုက်တယ်၊ အဲ့လောက်ထိပဲလုပ်နေတော့ သူတို့ (စစ်တပ်) တခြား ဘာအစီအစဉ်ရှိလဲဆိုတာ ကျွန်တော်တို့ အသေးစိတ်ပြောလို့ မရဘူး” ဟု ၎င်းက ပြောသည်။

မေလ ၆ ရက်ကလည်း မာခရော်ရှေ့ကျေးရွာနှင့် လောဂျေခူကျေးရွာကြားတွင် KNDF၊ KA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကာ ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။

တိုက်ပွဲများဆက်နေသော ကယားပြည်နယ်အတွင်းသို့ စစ်ကူနှင့် ရိက္ခာပို့ဆောင်သည့် စစ်တပ်ယာဉ်တန်းများကို ဒေသခံကာကွယ်ရေးတပ်များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေရာ မေ ၄ ရက်တွင်လည်း ကားအစီးရေ ၂၀ ပါ ယာဉ်တန်းဘောလခဲမြို့နယ်အစပ်တွင် တိုက်ခိုက်ခံရသည်။

ထိုသို့အတိုက်ခံရသဖြင့် စစ်ကောင်စီဘက်မှ မော်တော်ယာဉ်နှစ်စီး ပျက်စီးကြောင်း KNDF က ဆိုသည်။​

ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ဖရူဆိုမြို့နယ်တွင် အစီးရေ ၉၀ ပါ စစ်တပ်ယာဉ်တန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ မော်တော်ယာဉ် ၇ စီး ပျက်စီးကာ စစ်သား ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အထက်ပါ KNDF တပ်ဖွဲ့ဝင်ထံမှ သိရသည်။

“ဒီတစ်ခေါက်က သူတို့ အလုံးအရင်းနဲ့ မဆင်းလာတော့ဘူး ကွက်တိကွက်ကျားပဲ ဆင်းတော့တယ်လေ” 

စစ်ကောင်စီသည် ၎င်း၏ ဗျူဟာတပ်အခြေချထားသည့် ဘောလခဲမြို့နယ်ရှိ တပ်ရင်းများအတွက် ရိက္ခာများဖြည့်တင်းရန် စီစဉ်နေကြောင်း ဖရူဆိုတွင် လှုပ်ရှားနေသည့် KNDF တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးက ယခုလဆန်းပိုင်းတွင် ပြောဆိုထားသည်။

“သူတို့ရိက္ခာ တစ်နှစ်စာကို ဘောလခဲဘက် အရောက်ပို့ဖို့က သူတို့ရဲ့အလုပ်ပဲလေ။ ဒါကြောင့် သူတို့အတွက် အရေးပါတဲ့လမ်းကြောင်းဖြစ်မှာပေါ့နော်။ အနီးဆုံးဖြစ်မှာပေါ့” ဟု ၎င်းက ပြောသည်။

ရှားတောမြို့နယ်တွင်လည်း သံလွင်မြစ်ဘေးရှိ တာတမောအထိုင်စခန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကရင်နီတပ်မတော် (KA) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း Karenni Army Center (Kn. A.C) က သတင်းထုတ်ပြန်သည်။

ကရင်နီပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၂၆၂ ဦး စစ်တပ်၏ သတ်ဖြတ်ခြင်းခံရပြီး တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ယခုလ ၁ ရက် ထုတ်ပြန်သော စာရင်းများအရ သိရသည်။​myanmar now

ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောကို ကာကွယ်ရေးတပ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ် အတွင်း ဆန်တက်လာသည့် စစ်ကောင်စီ သင်္ဘောတစ်စင်းကို ယမန်နေ့ မေလ ၇ရက် နံနက် ၉နာရီခန့်တွင် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ် NatogyiRegionalDefenceForce(NRDF)ထံမှ သိရသည်။

“ကျွန်တော်တို့ အနေနဲ့က လက်နက်ကြီးမပါတော့ သင်္ဘောတော့ မမြုပ်လိုက်ဘူးပေါ့။ကျွန်တော်တို့ဘက်က လက်နက်ငယ်ပစ်အား အား ကောင်းခဲ့တယ်။ ဒီကောင်တွေ ခေါင်းမဖော်နိုင်ခဲ့ဘူး။ သေဆုံးသူတွေ ကိုတော့ ဒီကောင်တွေ တစ်ခြားဆိပ်ကမ်းမှာ ကပ်တော့မြင်တာဗျ။ သူတို့ဘက်ကလည်း ၄၀ မမတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မဟာမိတ်နှစ်ဖွဲ့ အနေနဲ့ ထိခိုက်ဒဏ်ရာ မရရှိဘဲ အောင်မြင်စွာ ပြန်ဆုတ်နိုင်ခဲ့တယ်” ဟု NRDF မှ ဗိုလ်လန်ဒန်က ပြောသည်။

အဆိုပါသင်္ဘောသည် ယမန်နေ့ နံနက် ၇ နာရီခန့်က ချင်းတွင်းမြစ်အတွင်းစုန်ဆင်းကာ ဆိပ်ကမ်းတစ်ခုမှ ပစ္စည်းများ တင်ပြီး ပြန်လည် ဆန်တက်လာစဉ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း တိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်တွင် ပါလာသည့် ကားများ ပျက်စီးခဲ့ကြောင်း ဆိုသည်။

“စပစ်ကတည်းက ဒီကောင်တွေ ခေါင်းမဖော်နိုင်အောင် ဆက်တိုက် ပစ်ရတာ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ ကျည်တော်တော် သုံးလိုက်ရတယ်ဗျ ။ကျွန်တော်တို့ NRDFဆို လက်ထဲ ကျည်သိပ် မကျန်တော့ဘူး၊ ထပ်ဝယ်ရ အုံးမှာပေါ့။ သင်္ဘောပေါ်မှာ ပါလာတဲ့ ကားတွေကတော့ ရစရာ မရှိဘူး လို့ ပြောတယ် “ ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi Regional DefenceForce(NRDF)နှင့် Myaung Special People Defence Force (MSPDF) မဟာမိတ် ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ mizzima

ရွှေတောင်စစ်ကြောရေးတွင် စစ်မေးခံနေရသည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်၏ ဇနီးနှင့်ကလေး ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ရွှေတောင်မြို့မှာ စစ်ဆေးမေးမြန်းခံနေရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၁ ဦးရဲ့  ၂ နှစ်သား ကလေးငယ်နဲ့ အမေဖြစ်သူကို စစ်ကောင်စီတပ်က မေလ ၈ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုစိုးမြတ်မင်းဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က အဖမ်းခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီ ရဲ့ (ဒကစ)စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံနေရတာဖြစ်ပြီး ဇနီးနဲ့ ကလေးကို ဓားစားခံအဖြစ် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ရွှေတောင်မြို့နေထိုင်သူတယောက်က ပြောပါတယ်။

“သူ့ဇနီးသည် ဆု‌ဝေဖြိုး နဲ့ ၂ နှစ်သားအရွယ် သူ့တို့ကလေးကိုပါ စစ်ကောင်စီက မေလ ၈ ရက်နေ့ နေ့လယ် ၂ နာရီလောက်က လာဖမ်းသွားကြတာ။ သူ့မိဘတွေ  ၀ိုင်းပြောတာကို မရဘူး။ ကိုစိုးမြတ်မင်းက စစ်ကောင်စီအာဏာသိမ်းကတည်းက သူ့ကို ၀င်ဖမ်းလို့ အိမ်မှာမနေတော့တာ၊ ၀ရမ်းလည်း (၅၀၅) ထုတ်ထားပုံရတယ်။ အခု သူက ‌ရွှေတောင်ကို ခဏပြန်လာစဥ်မှာ အဖမ်းခံလိုက်ရတာ။”

ဇနီးဖြစ်သူဟာ သရက်တောရပ်ကွက် ညောင်ဝိုင်းရွာသစ်ကျေးရွာမှာ မိဘတွေနဲ့အတူနေပြီး ကိုစိုးမြတ်မင်းကတော့ ၂၀၁၅-၂၀၁၇ ပြည်ခရိုင် ဗကသ အတွင်းရေးမှူးဟောင်း တယောက်ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ရွှေတောင်မြို့ ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့ပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။DVB

လောင်းလုံးမြို့နယ်က ဒလန်ဟုနာမည်ထွက်နေသူ ပြည်ခိုင်ဖြိုးပါတီဝင် ပစ်ခတ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာအုပ်စုရှိ မဲမော်ကျေးရွာတွင် မေလ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်က ဒလန်ဟုနာမည်ထွက်နေသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဝင် အမျိုးသားတစ်ဦး နေအိမ်အနီး၌ ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ အသက် (၅၄) နှစ်ရှိ ဦးလှအင်ဆိုသူဖြစ်ပြီး ၎င်းသည် ယခင် ပြည်ခိုင်ဖြိုး ပါတီဝင်၊ မဲမော်ရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်ပြီး လက်ရှိတွင် သွေးသောက်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း၊ ၎င်းကို အမည်မသိအဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်နဲ့ခြောက်ချက် ပစ်ခတ်ခံရပါတယ်။ ဗိုက်နဲ့ တခြားနေရာတွေကို ထိသွားလို့ ဆေးရုံ ရောက်နေ တယ်”ဟု လောင်းလုံးမြို့ခံတစ်ဦးက ပြောသည်။

ယင်း ပျူစောထီး သွေးသောက်ဖွဲ့ ၌ အဖွဲ့ဝင်ခြောက်ဦးခန့်ရှိပြီး အများစုမှာ အသက်ကြီးပိုင်းများဖြစ်ကြ ကာ စစ်ဘက်ရေးရာလုံခြုံရေတပ်ဖွဲ့(စရဖ) ဗိုလ်ကြီးတစ်ဦးက ဦးဆောင်အမိန့်ပေးခိုင်းစေနေကြောင်း ၎င်း နှင့်နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ၏ မိသားစုဝင် တစ်ဦးက “အရင်းကတော့ အုပ်ချုပ်ရေး လုပ်ဖူးတာတော့ မှန်တယ် အခု ပြောနေတဲ့ သွေးသောက်အဖွဲ့မှာ ပါတယ် ဆိုတာက စွပ်စွဲချက်သာ ဖြစ်တယ် အခု လက်ရှိ ဦးလေးက ဘာမှ မလုပ်ဘူး”ဟု သွေသောက်အဖွဲ့ဝင်ဟု ပြောဆိုနေကြခြင်းအပေါ် တုန့်ပြန် ပြောဆိုထားသည်။

လက်ရှိတွင် ဦးလှအင်သည် သေနတ်ဒဏ်ရာကြောင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး နောက်ထပ် သတင်းအချက်အလက်ကို ထပ်မံအ တည်မပြုနိုင်သေးကြောင်း ဒေသခံက ပြောသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး(ခ) ဦးယောက်အိုသည် မေလ ၇ ရက်နေ့ ညနေ ၅ နာရီ အ ချိန်တွင် အသတ်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။

အဆိုပါဖြစ်စဉ်၌ သေဆုံးသွားသူသည် ကင်းရှေ့ကျေးရွာအုပ်စု ဆေးဖြတ်ကုန်းကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး ၎င်းသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။ mizzima

ရွှေဘိုနှင့် ဝက်လက် အစပ်ရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်ကို PDF တပ်ဖွဲ့ ခုခံ တိုက်ခိုက်ရင်း ရဲဘော် ၃ ဦး ကျဆုံးပြီး စစ် တပ်ဘက်မှ စနိုက်ပါများ အပါအဝင် ၇ ဦး သေ ဆုံး

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ဝက်လက်မြို့နယ် အစပ်ရှိ ကျေးရွာများကို ထိုးစစ်ဆင်ကာ ပြည်သူများ ပိုင်နေအိမ်များက မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ခုခံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ စနိုက်ပါများ အပါအဝင် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရွှေဘိုနှင့် ဝက်လက် အစပ်ရှိ ကျေးရွာများကို မေလ ၅ ရက်နေ့မှ စတင်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဝက်လက် မြို့နယ် PDF တပ်ရင်း ၂၊ မဟာမိတ် PDF အဖွဲ့များနှင့် မေလ ၆ ရက်နေ့မှ စတင်ကာ ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားပြီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မေလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်သည် မကြီးသုံးပင် ကျေးရွာမှ ဝက်လက်မြို့နယ် ထနှောင်းကိုင်းရွာ အရှေ့ဘက် ကျောက်ခွေ တောင်ဘက်သို့ စစ်ကြောင်း ထပ်မံ ထိုးလာသော အကြမ်းဖက် စစ်တပ် အင်အား ၇၀ ဝန်းကျင် ပါ စစ်ကြောင်းကို ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ညနေ ၃ နာရီ မိနစ် ၂၀ စတင်ကာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်တပ်မှ စနိုက်ပါ သမားများ အပါအဝင် ၇ ဦးထက် မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ PDF အဖွဲ့ဘက်မှ ဝက်လက် PDF တပ်ရင်း ၂၊ မဟာမိတ် PDF အဖွဲ့များမှ ရဲဘော် ၃ ဦးကျဆုံးခဲ့ကာ ၂ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ khit thit

ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ မြွေပိုင်းတောင်အဖွဲ့က ဒုံးလက်နက် ထုတ်လုပ်အောင်မြင်

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ကျောက်လုံးကြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၈ ရက် မနက် ၉ နာရီက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ သူတို့ ကနီမြို့ပေါ်ကနေ ရေလယ်ကျွန်းရွာကို တာဝန်ချိန်းဝာာကို ဝင်တိုက်ခဲ့တာ။ စစ်ကောင်စီဘက်က ၅ ဦး သေးဆုံးတယ်” လို့ ပြောပါတယ်။

ရေလယ်ကျွန်းရွာဟာ ကနီမြိုနဲ့ ၂ မိုင်နီးပါးလောက်ဝေးပြီး ပျူစောထီးအားကောင်းတဲ့ကျေးရွာလည်း ဖြစ်ပါတယ်။ 

အဲဒီရွာကို စစ်ကောင်စီက တပ်စွဲပြီး နေထိုင်နေတာဆိုရင် လက်ရှိအချိန်နဲ့ဆိုရင် တစ်နှစ်ကျော်ခန့်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြိုနယ် ပြည်သူကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ မြွေပိုင်းတောင်အဖွဲ့က ၅ မိုင်ကျော်ပြေးတဲ့ ဒုန်းလက်နက်ကို မေ ၇ ရက်မှာ စမ်းသပ်အောင်မြင်ပြီလို့ အဲဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ဒီလက်နက်ကို စမ်းသပ်နေတာ ၂ လ ကျော်ကြာခဲ့တယ်။  ဒီလက်နက်က ပစ်မှတ်ကို အဝေးကနေ ပစ်လို့ ရတယ်။ ၅ မိုင်လောက်အထိ ပြေးတယ်။ ရန်သူကို အဝေးကနေ ပစ်လို့ ရတဲ့ အားသာချက်ပေါ့”လို့ မြွေပိုင်းတောင်အဖွဲ့ရဲ့တာဝန်ရှိသူဗိုလ်ရက္ခစိုးက ပြောပါတယ်။

၅ မိုင်လောက်ပြေးတဲ့ဒုန်းလက်နက်ကို မင်းကင်းမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ စမ်းသပ် ထုတ်လုပ်အောင်မြင်ခဲ့တာဖြစ်ပြီး အဲဒီလက်နက်ကို စစ်ကောင်စီနဲ့ဖြစ်တဲ့ တိုက်ပွဲမှာ အသုံးပြုမယ်လို့လည်း အဖွဲ့ဝာာဝန်ရှိသူက ပြောပါတယ်။ DVB

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများ ကာကွယ်ရေးတပ်ဖွဲ့ ဟန်ဆောင်၍ ပြည်သူများကို ခြိမ်းခြောက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ပြီး ကာကွယ်ရေးတပ်ဖွဲ့ အမည် အ သုံးပြု ဟန်ဆောင်၍ ပြည်သူများကို ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း ဒေသကာကွယ်ရေး N-YSO ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ယနေ့ မေလ ၈ ရက်တွင် ပြောသည်။

“ဖြစ်စဉ် ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကပါ။ စစ်ဆေးခံခဲ့ရတဲ့ ပြည်သူ တစ်ဦးက လာရောက် မေးမြန်းပြီး ပြောပြခဲ့လို့သာ သိခဲ့ရတာပါ။ အခုလို ဖြစ်စဉ်မျိုး အကြိမ်ကြိမ် ကြားခဲ့ရတယ်။ ဒါပေမယ့် အခု တစ်ကြိမ်ကတော့ ကျွန်တော်တို့ အကြိမ်ရေများများ အလွဲသုံး လုပ်ခံထားရတယ် ထင်လို့ ရှင်းပြသင့်တယ် ထင်လို့ တင်ပြရတာပါ” ဟု N-YSO ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်က အရပ်ဝတ်များဖြင့် လက်နက် ကိုင်ဆောင်ကာ ရေစကြိုမြို့နယ် လမ်းမပေါ်တွင် ဖြတ်သန်း သွားလာနေသည့် ပြည်သူ အချို့ကို ဆဲဆိုကြိမ်းမောင်းကာ “ငြိမ်ငြိမ်နေ ပစ်သတ်လိုက်မယ် ဘာမှတ်လဲ၊ ငါတို့က N-YSO PDF က” ဟု ဆိုကာ ပြောဆို ခြိမ်းခြောက်မှုများ ပြု လုပ်နေကြောင်း ဆိုသည်။

“နေရာကိုတော့ အတိအကျ မပြောတော့ပါဘူး။ အစစ်ဆေး ခံရတဲ့ ပြည်သူရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို မှတ်တမ်း တင်ထားပါတယ်။ သူရဲ့ လုံခြုံရေးအရပါ။ ကျွန်တော်တို့ကို ပြောပြတာ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ တခြား ခြိမ်းခြောက်မှုတွေလည်း ရှိချင်ရှိမှာပါ” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်၏ အဓိက ရည်ရွယ်ချက်သည် ကာကွယ်ရေးတပ်ဖွဲ့နှင့် ပြည်သူကြား သွေးကွဲစေလိုပြီး ကာကွယ်ရေးတပ်ဖွဲ့ အပေါ် ယုံကြည်မှု ပျက်ပြားစေရန် ရည်ရွယ်သည်ဟု ယူဆကြောင်း ၎င်းတို့ အနေဖြင့် ယခုလို လုပ်ရပ် ဘယ်သောအခါမှ လုပ်မည်မဟုတ်ဘဲ ပြည်သူ့ကို ကာကွယ်ရမည်သာ ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ရေစကြိုမြို့နယ်အတွင်း N-YSO ပြောက်ကျားတပ်ဖွဲ့သည် စစ်ကောင်စီ၏ လုပ်ရပ်များကို မခံရပ်နိုင်သဖြင့် ရရာလက်နက်စွဲ ကိုင်တော်လှန်မှု တစ်နှစ် ပြည့်မြောက်ပြီ ဖြစ်ပြီး လက်နက်ခဲယမ်း အလုံအလောက် မရှိခြင်းကြောင့် ပြောက်ကျား စနစ်ဖြင့်သာ တိုက်ခိုက်နေကာ ပိုမို ကျစ်လျစ်သည့် အဖွဲ့အစည်း ဖြစ်ရန် ဆက်လက် လုပ်ဆောင်ပြီး စစ်ကောင်စီကို အမြစ်ပြတ်သည် အထိ တိုက်ထုတ်မည် ဖြစ်ကြောင်း ပြောဆိုထား သည်။

ရေစကြိုမြို့နယ်တွင် စစ်ကောင်စီက ၎င်းတို့တပ်ရှိသည့် နယ်မြေများတွင်သာ ထိန်းချုပ်ထားနိုင်ပြီး ကျန်နယ်မြေများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားကာ ကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေရှိ ကျေးရွာများတွင် လုံခြုံရေးနှင့် ကာကွယ်ရေး အတွက် လုပ်ဆောင် ပေးနေကြောင်း N-YSO ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။ mizzima

« Older Entries