ကံပေါက် မောရဝတီရေတပ်ကား မိုင်းဆွဲခံရ၊ ၄ ဦးသေဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရ

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင် ကံပေါက်သွားတဲ့ မိုင်းလမ်းမှာ ကံပေါက်မောရဝတီရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စစ်ကားတစီး ကလိန်အောင်အမှတ် ၂ သံတံတားအနီးမှာ မေ ၇ ရက်နေ့ မနက် ၈ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

“ပေါက်ကွဲတဲ့အသံကတော့ တော်တော်ကျယ်တယ်၊ စစ်ကားလည်း ထိခိုက်ပျက်စီးသွားပြီး မှန်တွေလည်းကွဲသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းဖောက်ခွဲမှုကို KBDF တပ်ဖွဲ့နဲ့ T1 မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရသွားတယ်လို့  ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် KBDF နဲ့ T1 မဟာမိတ်တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို ကလိန်အောင်မြို့ဆေးရုံမှတဆင့် ကံပေါက်မောရဝတီရေတပ်ဌာနချုပ်ကို ကား ၂ စီးနဲ့ တင်သွားပြီး အပြင်းအထန်ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကိုတော့ ဌာနဆိုင်ရာဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာ ပြည်သူတွေကို တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ကလိန်အောင်ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးအရှိန်မြှင့်နေတာကြောင့် ပြည်သူတွေ သတိရှိကြဖို့နဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ရှောင်ရှားကြဖို့ KBDF က တိုက်တွန်းထားပါတယ်။

မောရဝတီရေတပ်ကား မိုင်းဆွဲခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s