ကျောက်ဆည်မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှစ်ဦးကို သွေးသောက်အဖွဲ့ ဖမ်းဆီးသတ်ဖြတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် ယမန်နေ့ (မေ ၅) ညပိုင်းက လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး လမ်းပေါ်၌ စွန့်ပစ်ထားသော အလောင်းများတွင် သွေးသောက်အဖွဲ့ လည်ဆွဲကတ်ဆွဲပေးထားသည်ဟု သိရသည်။

သတ်ဖြတ်ခံရသူနှစ်ဦးမှာ ‘ရွှေကျောက်ဆည်’ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးတင်သိန်းနှင့် ‘ကြိုးကြာနီ’ ဆိုင်ပိုင်ရှင် ဦးညိုထွန်းဇော်ဆိုသူတို့ဖြစ်ပြီး အသက် ၅၀ ကျော်ဝန်းကျင်ရှိ ၎င်းတို့နှစ်ဦးကို အရပ်ဝတ် လက်နက်ကိုင်လူတစ်စု လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးထံမှ သိရသည်။

ရန်ကုန် – မန္တလေးကားလမ်းဟောင်းတစ်နေရာ၌ လာရောက်စွန့်ပစ်ထားသည့် အလောင်းများကို ည ၇ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကာ “သွေး သောက်အဖွဲ့” ဆိုသော လည်ဆွဲကတ်များ ဆွဲပေးထားသည်ဟုလည်း ဆိုသည်။

ထိုလက်ဖက်ရည်ဆိုင်ပိုင်ရှင်နှစ်ဦးကို NLD အစွန်းရောက်၊ PDF ထောက်ပို့ဖြစ်သောကြောင့် သတ်ဖြတ်ခြင်းဖြစ်ကြောင်း သွေးသောက်အဖွဲ့က လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်သော Telegram တွင် ထုတ်ပြန်ထားသည်။

အဆိုပါ လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူများဟု ယူဆကာ ဖမ်းဆီးသတ်ဖြတ်ခြင်းဖြစ်နိုင်သော်လည်း ပါတီဝင်များမဟုတ်ကြောင်း ကျောက်ဆည်မြို့ခံက ပြောသည်။

“NLD ထောက်ခံသူ ဖြစ်ကောင်းဖြစ်မယ်။ မဲပေးတာတို့ဘာတို့ လုပ်ခဲ့ကောင်းလုပ်ခဲ့မယ်။ ဒါကလည်း သူတို့လွတ်လပ်ခွင့်ကိုး။ ပါတီဝင်လည်း မဟုတ်ဘူး။ အမာခံလည်း မဟုတ်ဘူး။ ဒါတော့ သေချာတယ်” ဟု ၎င်းက ပြောသည်။

“သူတို့အိမ်တွေမှာပဲ အရပ်ဝတ်နဲ့ လာဖမ်းတာ ခံလိုက်ရတာအထိ သိတယ်။ လက်နက်တွေနဲ့ လာဖမ်းတာ။ မိသားစုက ကြောက်တော့ ဘယ်အဖွဲ့ကလည်းဆိုတာလည်း မမေးရဲလိုက်ကြဘူး” 

ပြီးခဲ့သည့်လကုန်ပိုင်းတွင် သွေးသောက်ဆိုသောအဖွဲ့ ပေါ်ပေါက်လာပြီးနောက် NLD ပါတီဝင်များနှင့် ထောက်ခံသူများကို ဦးတည်သတ်ဖြတ်ခြင်းများ ပြုလုပ်လာရာ လက်ရှိအချိန်ထိ မန္တလေးမြို့တစ်ဝိုက်တွင် အသတ်ခံရသူ ၈ ဦးအထိ ရှိပြီဖြစ်သည်။​

ဧပြီ ၂၅ တွင် မန္တလေးမြို့ရှိ စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင် NLD ရပ်ကျေးဥက္ကဋ္ဌနှင့် ဆွေးမျိုးနီးစပ် NLD ပါတီဝင်တစ်ဦး၊ နောက်တစ်ရက်တွင် ပါတီထောက်ခံသူ ဦးသိန်းဌေးဦးနှင့် အခြားအမျိုးသားတစ်ဦး၊ ဧပြီ ၂၇ တွင် မဟာအောင်မြေမြို့နယ် NLD အမတ်၏အစ်ကိုဖြစ်သူတို့ သတ်ဖြတ်ခံရသည်။

ယခုလ ၂ ရက်ကလည်း အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာအနီး၌ ဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် အမျိုးသားတစ်ဦး၏အလောင်းတွင် သွေးသောက်အဖွဲ့စာတမ်းပါ လည်ဆွဲကတ်ဆွဲပေးထားသည်ဟု မန္တလေးမှ မီဒီယာတစ်ခုက ရေးသားသည်။ 

NLD ပါတီထောက်ခံသူများကို သတ်ဖြတ်နေသော သွေးသောက်အဖွဲ့မှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့်သီတင်းပတ်အတွင်း နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။

သို့သော် သတ်ဖြတ်ခံရသူအများစုကို သွေးသောက်အဖွဲ့ဆိုသော လက်နက်ကိုင်များက နေအိမ်အထိ လာရောက်ဖမ်းဆီးကာ လူမြင်ကွင်းလမ်းပေါ်များတွင် အလောင်းများစွန့်ပစ်နေခြင်းဖြစ်သည်။

ထို့ပြင် မန္တလေးမြို့၌ စိန်ဝင်းဝင်းလက်ဖက်ရည်ပိုင်ရှင် အမျိုးသား၏အလောင်းနှင့် ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့် ဇနီးဖြစ်သူတို့ကို ရဲကားဖြင့် လာချခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများမှတစ်ဆင့် မြို့ခံများက ပြောဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမူ သွေးသောက်အဖွဲ့ဆိုသည်မှာ စစ်ကောင်စီလက်ချက်ပင်ဖြစ် ကြောင်း၊ မြေပြင်တွင် အထိနာနေသော စစ်ကောင်စီက ကြံရာမရဖြစ်ကာ နောက်ဆုံးနည်းလမ်းသုံးနေခြင်းဖြစ်သည်ဟု ယူဆသည်။

“စစ်ကောင်စီရဲ့ စပွန်ဆာပါပဲ။ မန္တလေးဆိုရင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီတာဝန်ရှိသူတွေကပဲ ဒီအဖွဲ့တွေကို မေးပြီးတော့မှ အဓိကအားဖြင့် NLD မိသားစုတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေ ဆောင်ရွက်တယ်။ ခြိမ်းခြောက်မှုတွေလည်း တောက်လျှောက်လုပ်နေပါတယ်” ဟု ဦးရည်မွန်က ပြောသည်။

စစ်ကောင်စီ စီမံခန့်ခွဲမှုဖြင့် သွေးသောက်အဖွဲ့၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ သက်သေအထောက်အထားအချို့လည်း ရရှိထားပြီး ပြည့်စုံပါက အသိပေးထုတ်ပြန်သွားရန်ရှိသည်ဟုလည်း ၎င်းက ပြောသည်။​

ရန်ကုန်မြို့တွင်လည်း ဧပြီ ၂၇ ရက်က လက်နက်ကိုင်တော်လှန်ရေးလုပ်နေသည့် သရုပ်ဆောင်ဟိန်းထက်၏ အဘိုးဖြစ်သူ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရပြီး သွေးသောက်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ ပုလောတစ်ဝိုက်တွင်လည်း ယခုရက်ပိုင်းအတွင်း တော်လှန်ရေးအင်အားစုများ၊ NLD ပါတီဝင်များနှင့် ဆက်စပ်သူများကို “စွန် ရဲအဖွဲ့” (Kite Force) ဟူသော လည်ဆွဲချိတ်ဆွဲကာ သတ်ဖြတ်မှုများပြုလုပ်နေသည်ဟု သိရသည်။ 

လတ်တလော ပေါ်ထွက်လာသော သွေးသောက်ဆိုသော လူသတ်အဖွဲ့မှာ စစ်ကောင်စီက ဒုစရိုက်သမားများကို လက်ကိုင်တုတ်အဖြစ် အသုံး ချနေခြင်းသာဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသူ ရဲအရာရှိတစ်ဦးက ပြောသည်။ 

“မလုံခြုံမှုကို ပြတယ်။ ပြီးပြီးတော့မှ အဲဒီမလုံခြုံမှုကို ထိန်းတယ်။ တပ်ကနေတစ်ဆင့် စွမ်းစွမ်းတမံ ဆောင်ရွက်နေပါတယ်ဆိုပြီးတော့ လုံခြုံ ရေးအကြောင်းပြပြီးတော့ နေရာချဲ့ယူမှာလေ။ အဲဒီဝါဒကိုပဲ သွားတယ်” ဟု ထိုရဲအရာရှိက ဆိုသည်။​ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s