စီးနင်းခံရသည့် မတ္တရာ PDF စခန်းအနီး မီးရှို့ထားသည့် လူ့အစိတ်အပိုင်းများတွေ့

မတ္တရာမြို့နယ်အ‌ရှေ့ပိုင်းရှိ မြောင်းသစ်ကျေးရွာနှင့် ကင်းကျေးရွာအကြားရှိ သရက်ခြံတစ်ခုအတွင်း မီးလောင်ထားသည့် ရုပ်ကြွင်းများ ယမန် နေ့က တွေ့ရှိခဲ့ရပြီး မကြာသေးမီရက်အတွင်းက စခန်းစီးနင်းခံရမှုတွင် ဖမ်းဆီးခံရသည့် တော်လှန်ရေးအဖွဲ့ဝင်များ၏ ရုပ်အလောင်းများ မီးရှို့ခံထားရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများနှင့် မတ္တရာ PDF က ယူဆနေသည်။ 

မေ ၄ ရက်နေ့က သဖန်းကိုင်းကျေးရွာဝန်းကျင်၌ တည်ရှိသော နဂါးညီနောင်ပြောက်ကျားအဖွဲ့၏ စခန်းတစ်ခုကို စီးနင်းခဲ့သည့် ဒေသခံကာကွယ် ရေးပူးပေါင်းအဖွဲများနှင့် အပြန်အလှန်တိုက်ပွဲဖြစ်ကာ အနီးရှိ သဖန်းကိုင်းရွာကို စစ်တပ်က စီးနင်းမီးရှို့သည်။ 

ထို့နေ့က ယင်းစခန်းမှ တော်လှန်ရေးအဖွဲ့ဝင် ၅ ဦးနှင့် ဒေသခံရွာသားတစ်ဦးတို့ကို စစ်တပ်က ဖမ်းသွားသည်ဟု သိရသည်။

အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း ပြန်ထွက်သွားပြီးနောက် ကပ်လျက်ရွာနှစ်ရွာအကြား ၎င်းတို့ အတန်ကြာရပ်နားခဲ့သည့် သရက်ခြံအနီး ယမန်နေ့ (မေ ၆) က တော်လှန်ရေးအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုရာ ပြာပုံအတွင်းမှ ထိုကဲ့သို့ အစိတ်အပိုင်းများကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

“စကစက ကောင်တွေ ပြန်တော့ အခုမီးရှို့ထားတဲ့နေရာနားမှာ မိုင်းဆွဲခံရတာလိုလို၊ ကားပျက်တာလိုလိုနဲ့ တော်တော်ကြာတယ်၊ ရပ်ထားတာ။ မသင်္ကာလို့ ဒီကနေ့ ကျွန်တော်တို့ သွားရှာတော့ မီးရှို့ထားတဲ့ ပြာပုံတွေ့ပြီးတော့ ပြာပုံထဲကနေ အရိုးတစ်ချို့ တွေ့ပါတယ်ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (မတ္တရာ) တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့ ယူဆတာကတော့ ဖမ်းဆီးခံလိုက်ရတဲ့ လူ ၆ ယောက်ကို သတ်ပြီးတော့ အခုလို မီးရှို့သွားတာ ဖြစ်နိုင်တယ်။ စကစရဲ့ဘက်တော် သားတွေရဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုကနေပြီးတော့ အဲဒီနေ့က လူ ၆ ယောက်ကို သတ်ပြီးပုံထားတဲ့ ဓာတ်ပုံတစ်ခုလည်း တွေ့ရတယ်”

ထို့နေ့က တိုက်ပွဲအတွင်း မတ္တရာ PDF အပါအဝင် ၅ ဖွဲ့ထက်မနည်း ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးခန့်လည်း သေဆုံးခဲ့သည်ဟု PDF ထံမှ သိရသည်။ 

မေလ ၄ ရက် စခန်းစီးနင်းခံရမှုတွင် နဂါးညီနောင်အဖွဲ့မှ အမျိုးသမီးရဲဘော် နှစ်ဦးနှင့် အမျိုးသားရဲဘော် သုံးဦးတို့ ဖမ်းဆီးခံခဲ့ရသလို သဖန်းကိုင်းရွာသားတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း နဂါးညီနောင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ပြောသည်။

သို့ရာတွင် ၎င်း၏ အဖွဲ့ဝင်များ၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။ 

“အဲဒီနေ့က ကျွန်တော်တို့ဘက်က ဖမ်းခံရသူတွေရှိသလို သူတို့ဘက်က သေဆုံးသူတွေလည်းရှိတော့ အခု မီးရှို့ခံရသူတွေက ဖမ်းခံရသူတွေကို သတ်ပြီးလုပ်သွားတာလည်း ဖြစ်နိုင်သလို သူတို့ဘက်က သေသွားတဲ့ ၁၂ ယောက်ကို မီးရှို့သွားတာလည်းဖြစ်နိုင်တယ်။ ကျွန်တော်တို့ သေချာ မသိသေးပါဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်အရှေ့ပိုင်းမှ ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီ၏ ယာဉ်တန်း၊ ခြေလျင်စစ်ကြောင်းများကို တိုက်ခိုက်နေသည်။

ယမန်နေ့ (မေ ၆ ) က သဖန်းကိုင်းကျေးရွာကို စစ်ကြောင်းထိုးပြီး မန္တလေးဘက်သို့ ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းတစ်ခုကို မတ္တရာမြို့ နယ်၊ လင်မြွေချေင်းကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာအကြားတွင် ဒေသခံပြောက်ကျားအဖွဲ့တစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တန်းပါ စစ်သားများက အနီးအနားရှိ ခြံလုပ်သား အသက် ၄၀ ဝန်းကျင်ရှိသည့် အမျိုးသမီးတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ယနေ့တွင်လည်း မတ္တရာမြို့နယ်အရှေ့ပိုင်းတွင်ရှိသည့် ဆည်တော်ကြီးရေလှောင်တမံဘက်မှ အင်အား ၅၀ ခန့် ပါသည့် စစ်ကြောင်းတစ်ခု စတင်ဝင်ရောက်လာကြောင်း ကြားသိရ၍ ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များ သတိထားနေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီက ထိုဒေသဖြစ်ရပ်များကို သတင်းအမှောင်ချထားသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s