ဆိုင်ကလုန်းမုန်တိုင်း ASANI ကြောင့် မြစ်ဝကျွန်ပေါ် ကမ်းရိုးတန်းဒေသများတွင် လေ ပြင်းများ တိုက်ခတ်နိုင်

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေရှိ ဝိဿာခါပတ္တနာမ်(VISAKHAPATANAM) မြို့၏ အရှေ့တောင်ဘက်ကို ဦးတည်ရွှေ့လျားနေသည့် ဆိုင်ကလုန်းမုန်တိုင်း ASANI ကြောင့် မြန်မာနိုင်ငံ မြစ်ဝကျွန်ပေါ် ကမ်းရိုးတန်းဒေသများတွင် ယနေ့ မေလ၈ ရက် ညနေပိုင်းတွင် လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသပညာလေ့လာနေသူ ဦးဝင်းနိုင်က ပြောသည်။
မုန်တိုင်းအရှိန်ကြောင့် မြန်မာပြည်တောင်ပိုင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းများတွင် လေပြင်း တစ်နာရီ မိုင် ၃၀ ခန့်အထိ တိုက် ခတ်နိုင်ပြီး မြန်မာပြည် အလယ်ပိုင်းဒေသ အချို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်သည်ဟု ဆိုသည်။
“အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်တောင် ရောက်နေပါပြီ။ မုန်တိုင်းရဲ့ အပြင်ကွင်းတွေက ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းကို ထိနေတော့ လေဆင်နှာမောင်းဖြစ်မှာလည်း သတိထားကြရပါမယ်ဗျာ။ ဝေးနေလို့ သက်သာတာပါ။ မုန်တိုင်းဗဟိုချက်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၇၀ အထိ ရောက်နေပါပြီ” ဟု ဦးဝင်းနိုင်က ပြောသည်။
ယနေ့ မေလ ၈ ရက် မနက် ၈ နာရီ ၄၀ မိနစ်အချိန်တွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM – SC) အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ မိုးလေဝသဌာန IMD က မနက် ၁၀ နာရီအချိန်တွင် ဆိုင်ကလုန်းမုန်တိုင်း ASANI အဖြစ် ထုတ်ပြန်ထားခြင်းဖြစ်သည်။ mizzima