ဖရူဆိုတွင် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ၊ ၁၅ ဦးသေဆုံးပြီး ယာဉ်လေးစီးပျက်စီး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ယမန်နေ့ (မေ ၇) က စစ်တပ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ ယာဉ်လေးစီးပျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်သည်။
စစ်ကားအစီး ၂၀ ကျော် ပါဝင်သော ယာဉ်တန်းကို နံနက် ၈ နာရီခွဲတွင် ကြားဖြတ်တိုက်ခိုက်စဉ် ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ကားလေးစီးကို မီးရှို့ဖျက်ဆီးနိုင်ကာ စစ်ကောင်စီဘက်မှ ၁၅ ဦး သေဆုံးသည်ကို အတည်ပြုနိုင်ခဲ့သည်ဟုလည်း KNDF တပ်ရင်း ၄ ၏ ယနေ့ထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် နံနက် ၁၁ နာရီကျော်တွင် စစ်ကူရောက်ရှိလာသော စစ်တပ်နှင့် တိုက်ပွဲထပ်ဖြစ်စဉ် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ နှစ်ဦးကို အရှင်ဖမ်းမိကြောင်းလည်း KNDF က ဆိုသည်။
စစ်တပ်ယာဉ်တန်းကို ကရင်နီတပ်မတော် (KA) နှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကာ တိုက်ပွဲအတွင်း စစ်တပ်ထံမှ သိမ်းဆည်းရမိသော လက် နက်ခဲယမ်းများကိုလည်း ထုတ်ပြန်ထားသည်။
Kayah Li Phu အမည်ရ ဒေသခံ လူမှုကွန်ရက်စာမျက်နှာတစ်ခုက ယမန်နေ့ ညနေပိုင်း ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင် လဲကျသေဆုံးနေသော စစ်ကောင်စီတပ်သားများနှင့် မီးလောင်နေသော စစ်တပ်သုံးယာဉ်အချို့ တွေ့ရသည်။
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအရ ထိုစစ်ယာဉ်တန်းတွင် လိုက်ပါလာသူများမှာ တပ်မ ၆၆ မှ ဖြစ်ကြောင်း Kayah Li Phu ထပ်မံထုတ်ပြန်သော ရုပ်သံမှတ်တမ်းက ဆိုသည်။
ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာနှင့် လောဂျေခူကျေးရွာကြားတွင် နံနက် ၉ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ အမျိုးသ မီးတစ်ဦးတစ်ဦးက ပြောသည်။
“တစ်ယောက်က အခုတိုက်ပွဲဖြစ်တယ်လို့ ကျွန်မတို့ကို လာပြောပြတဲ့အချိန်မှာ ၉ နာရီကျော်သွားပြီ။ ကျွန်မတို့တော့ အသံမကြားရဘူး။ ဒါ ပေမဲ့ စစ်ရှောင်တဲ့နေရာကနေတော့ အကုန်လုံးကြားရတယ်လို့ ပြောတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။
ဖရူဆိုမြို့နယ်အရှေ့ခြမ်းရှိ မာခရော်ရှေ့ကျေးရွာအပါအဝင် အနီးအနားရွာများမှာ စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးလာသည့်အတွက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ဖရူဆိုမြို့နယ်ရှိ KNDF ၏ နယ်မြေခံတပ်ရင်းက စစ်ကောင်စီယာဉ်တန်းတစ်ခုလုံးကို ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ကာ KNDF တပ်ရင်း ၁၆ မှ တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
“သူတို့ တစ်ခါတည်း လုပ်လိုက်တယ်။ ကျွန်တော်တို့ဘက်တော့ မရောက်လာတော့ဘူး။ သူတို့ (စစ်တပ်) အပေါ်ကနေ ဆင်းလာတယ်။ ဆင်းလာတဲ့ဟာကို ဖြတ်တိုက်တယ်၊ အဲ့လောက်ထိပဲလုပ်နေတော့ သူတို့ (စစ်တပ်) တခြား ဘာအစီအစဉ်ရှိလဲဆိုတာ ကျွန်တော်တို့ အသေးစိတ်ပြောလို့ မရဘူး” ဟု ၎င်းက ပြောသည်။
မေလ ၆ ရက်ကလည်း မာခရော်ရှေ့ကျေးရွာနှင့် လောဂျေခူကျေးရွာကြားတွင် KNDF၊ KA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားခဲ့ကာ ၎င်းတို့တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း KNDF က သတင်းထုတ်ပြန်သည်။
တိုက်ပွဲများဆက်နေသော ကယားပြည်နယ်အတွင်းသို့ စစ်ကူနှင့် ရိက္ခာပို့ဆောင်သည့် စစ်တပ်ယာဉ်တန်းများကို ဒေသခံကာကွယ်ရေးတပ်များက မကြာခဏ ကြားဖြတ်တိုက်ခိုက်နေရာ မေ ၄ ရက်တွင်လည်း ကားအစီးရေ ၂၀ ပါ ယာဉ်တန်းဘောလခဲမြို့နယ်အစပ်တွင် တိုက်ခိုက်ခံရသည်။
ထိုသို့အတိုက်ခံရသဖြင့် စစ်ကောင်စီဘက်မှ မော်တော်ယာဉ်နှစ်စီး ပျက်စီးကြောင်း KNDF က ဆိုသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ဖရူဆိုမြို့နယ်တွင် အစီးရေ ၉၀ ပါ စစ်တပ်ယာဉ်တန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ မော်တော်ယာဉ် ၇ စီး ပျက်စီးကာ စစ်သား ၃၀ ကျော် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း အထက်ပါ KNDF တပ်ဖွဲ့ဝင်ထံမှ သိရသည်။
“ဒီတစ်ခေါက်က သူတို့ အလုံးအရင်းနဲ့ မဆင်းလာတော့ဘူး ကွက်တိကွက်ကျားပဲ ဆင်းတော့တယ်လေ”
စစ်ကောင်စီသည် ၎င်း၏ ဗျူဟာတပ်အခြေချထားသည့် ဘောလခဲမြို့နယ်ရှိ တပ်ရင်းများအတွက် ရိက္ခာများဖြည့်တင်းရန် စီစဉ်နေကြောင်း ဖရူဆိုတွင် လှုပ်ရှားနေသည့် KNDF တပ်ရင်း ၄ တာဝန်ရှိသူတစ်ဦးက ယခုလဆန်းပိုင်းတွင် ပြောဆိုထားသည်။
“သူတို့ရိက္ခာ တစ်နှစ်စာကို ဘောလခဲဘက် အရောက်ပို့ဖို့က သူတို့ရဲ့အလုပ်ပဲလေ။ ဒါကြောင့် သူတို့အတွက် အရေးပါတဲ့လမ်းကြောင်းဖြစ်မှာပေါ့နော်။ အနီးဆုံးဖြစ်မှာပေါ့” ဟု ၎င်းက ပြောသည်။
ရှားတောမြို့နယ်တွင်လည်း သံလွင်မြစ်ဘေးရှိ တာတမောအထိုင်စခန်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကရင်နီတပ်မတော် (KA) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဒုတပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း Karenni Army Center (Kn. A.C) က သတင်းထုတ်ပြန်သည်။
ကရင်နီပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ပြည်သူ ၂၆၂ ဦး စစ်တပ်၏ သတ်ဖြတ်ခြင်းခံရပြီး တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ယခုလ ၁ ရက် ထုတ်ပြန်သော စာရင်းများအရ သိရသည်။myanmar now