မြန်မာ့အရေး ဆွေးနွေးရန် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ စည်းဝေးမည်

မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သော အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးရန် မေလ ၁၁ ရက်၌ အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးတစ်ရပ်ကို ကျင်းပမည် ဖြစ် ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံတွင် ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံသည် ကသောင်းကနင်းဖြစ်မှု အခြေအနေတစ်ခုထဲသို့ ကျရောက်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် အာဏာသိမ်းစစ် တပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရသလို သူမအား ထောင်ဒဏ် နှစ် ၁၅၀ ကျော်အထိ ချမှတ်နိုင်သည့် စွဲချက်အများအပြားနှင့်လည်း ရင်ဆိုင်နေရသည်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများကို ပျံ့နှံ့ ပေါ်ပေါက်စေခဲ့သလို ထိုကဲ့သို့ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြမှုများကို စစ်တပ်က အင်အားသုံး ဖိနှိပ်ဖြိုခွင်းရန် ကြိုးပမ်းထားခဲ့သည်။
၂၀၂၁ ခုနှစ်အတွင်း အာဆီယံ ဘုံသဘောတူညီချက် ငါးချက်နှင့်ပတ်သက်ပြီး တိုးတက်မှုပိုင်းတွင် အားရစရာ မရှိခဲ့သလို မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့သည့်အတွက် ယခု အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော အစည်းအဝေးတစ် ရပ် ခေါ်ယူခြင်း ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ပြောသည်။
ဥပမာအားဖြင့် မြန်မာစစ်အုပ်စုသည် ၂၀၂၁ ဒီဇင်ဘာလက မြန်မာဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် ခန့် အပ်ခံထားရသည့် ဒေါက်တာ နိုလင်း ဟေဇာကို ယခုထက်ထိ အသိအမှတ်မပြုသေးဟု ၎င်းက ပြောသည်။
“ဒါက ဘုံသဘောတူညီချက် ငါးချက် ဖော်ဆောင်မှုအတွက် အဟန့်အတားတစ်ခု ဖြစ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်မိပါတယ်” ဟု ၎င်းက မေလ ၇ ရက် အင်တာဗျူးတစ်ခုတွင် ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် မတည်မငြိမ်ဖြစ်မှုနှင့် အကြမ်းဖက်မှုတို့ကို အဆုံးသတ်စေရန် အားထုတ်မှုတစ်ရပ်အဖြစ် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို မြန်မာအာဏာသိမ်းခေါင်းဆောင် အပါအဝင် အာဆီယံခေါင်းဆောင်များက သဘောတူချမှတ်ထားခဲ့ကြခြင်းဖြစ်သည်။ mizzima