ရေဦးမြို့နယ် ချမ်းသာရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာကျေးရွာအား စစ်ကောင်စီတပ်က ယနေ့ မေလ ၇ ရက် နေ့လည် ၂ နာရီခန့်က စတင်၍ ည ၇ နာရီ မိနစ် ၃၀ အချိန်ခန့် အထိ မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့များ ထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၈၀ ခန့်သည် ရေဦးမြို့နယ် ရေမျက်ကျေးရွာအား မီးရှို့ ဖျက်ဆီး ပြီးနောက် ဆီဆုံကျေးရွာ ဘုန်းကြီး ကျောင်း အနီးတွင် ယနေ့ မနက် ၁၀ နာရီခန့်က ဒေသ ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မနက်က ဗိုလ်လရောင် အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပြီးတော့ နေ့လည်ပိုင်းမှာ ချမ်းသာရွာကို မီးဝင်ရှို့တာ၊ ကျွန်တော်တို့ လက်နက်ကြီးသံတွေ ဘာတွေလည်း မပေးပဲနဲ့ကို ဝင်ရှို့တာ၊ အိမ် လေးလုံးလောက် ရှို့ပြီးတဲ့ အချိန်မှာ ကျွန်တော်တို့ လက်နက်ကြီးနဲ့ လေးချက်လောက် လှမ်းပစ်လိုက်တယ်၊ နေ့လည်ထဲက ရှို့တာ၊ ခုနကအထိကို ရှို့နေတုန်းပဲ ” ဟု ရေဦး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ချမ်းသာကျေးရွာတွင် အိမ်ခြေ ၂၀ ခန့် မီးလောင်ကျွမ်းခဲ့ပြီး ဒေသခံ ၃၅၀၀ ခန့် ထွက်ပြေး တိမ်း ရှောင် နေရကြောင်း ဆိုသည်။
ချမ်းသာရွာရွာအုပ်စုတွင် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး လူဦးရေ ၃၅၀၀ ခန့်နေထိုင်ကာ ရေဦးမြို့နှင့် ခြောက်မိုင်ခန့် ဝေးပြီး စစ်ကောင်စီတပ်များ ယခုချိန်အထိ ကျေးရွာအတွင်း ရှိနေကြောင်း သိရသည်။ mizzima