Monthly Archives: May 2022

ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အခြေစိုက် ခ လရ(၇၃) ကို KNLA နှင့် PDF ပူးပေါင်းတပ်တို့မှ ဝင်ရောက် တိုက်ခိုက် စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ ခြေလျင်တပ်ရင်း (၇၃) ကို မေလ ၈ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်က KNLA နှင့် PDF တပ်ရင်း (၃၅၀၁)၊ ခွဲ(၃)ပူးပေါင်းတပ်တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှနှစ်ဦးသေဆုံးပြီး KNLA ပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

“ ကျနော်တို့ပူးပေါင်းတပ်က အရင်ပစ်တယ်။ စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပြန်ထုတယ်။ ကျနော်တို့အဖွဲ့ ပြန် ဆုတ်ခဲ့တယ်။ တိုက်ပွဲကြာချိန်က နာရီဝက်လောက်ပါပဲ။ စစ်ခွေး နှစ်ကောင်သေတယ်” ဟု PDF ရဲဘော်တစ်ဦးက အတည်ပြုပြောကြားသည်။

တိုက်ပွဲဖြစ်ပွားခဲ့နောက် စစ်ကောင်စီတပ်မှ အင်အားထပ်မံတိုးလာပြီး အနီးအနားရှိ ကျေးရွာများကို စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သောမတ်လမှစတင်ပြီး ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပဲခူးတိုင်းအတွင်းရှိ စစ်ကောင်စီတပ် စခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် စစ်ယာဉ်တန်းများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လျှက်ရှိသည်။ mizzima

ဘုတလင်မြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ဘုတလင်မြို့နယ်စပ်မှာ အလုံနမခဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်း မေ ၈ ရက် နေ့လယ် ၂ နာရီလောက်မှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ခိုက်မှုမှာ ဒီမိုကရက်တစ်အောက်ချင်းတွင်းဖွဲ့၊ Dynamite Heroes၊ ချိုမိုင်မိုင်အဖွဲ့၊ Anonymous Heroesအဖွဲ့နဲ့အခြားအဖွဲ့တွေပါဝင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

မိုင်းဆွဲရာမှာ ပါဝင်သူ ချိုမိုင်မိုင်အဖွဲ့ခေါင်းဆောင်က “ဘုတလင်မြို့နယ်က အဖွဲ့ ငါးဖွဲ့နဲ့ မိုင်းဆွဲခဲ့တာ။ စစ်ကောင်စီတပ်ဖွဲ့တွေ အကျအဆုံး များလိမ့်မယ်။ အတိအကျတော့ မပြောနိုင်ဘူး။ ကားတစီးကတော့ ထိထိမိမိ ထိတယ်” လို့ ပြောပါတယ်။

အခုမိုင်းဆွဲခဲ့တဲ့နေရာမှာ အရပ်သား သုံးယောက် ထိခိုက်တာလည်း ရှိခဲ့သလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သွားရာလမ်းကြောင်းနဲ့အတူ ယှဉ်သွားတာမျိုး မလုပ်ဖို့ ချိုမိုင်မိုင်တာဝန်ရှိသူက ထပ်မံ မေတ္တာရပ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာလည်း ပုလဲသွယ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဝက်လက်ပြည်သူ့တော် လှန်ရေးတပ်ဦး (WPRF)နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြရာမှာ  စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးတယ်လို့ WPRF ထုတ်ပြန်ပါတယ်။

မေ ၇ ရက်က တိုက်ခိုက်ရာမှာ ဝက်လက်တော်လှန်ရေးတပ်ဦး (WPRF) ၊ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Tiger King ပြောက်ကျားအဖွဲ့ ၊ တော် ဝင်ဒေါင်းပြောက်ကျားတပ်ဖွဲ့နဲ့ တခြားတော်လှန်ရေးအဖွဲ့စည်းတွေပါဝင်ပြီး တိုက်ပွဲမှာ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက တော်လှန်ရေး ရဲဘော် ၂  ယောက်နဲ့  အဆက်အသွယ်​​ပြတ်တောက်နေ​တယ်လို့ WPRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၂၆ ရက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းကို ဝက်လက်တော်လှန်ရေးတပ်ဦး WPRF နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းမိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ အထိ သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ DVB

ဖက်ဒရယ်အရေးနှင့်ပတ်သက်၍ စစ်ကောင်စီဥက္ကဋ္ဌ ဆွေးနွေးမည်ဟု PPST ပြောကြား

အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံရာတွင် ဖက်ဒရယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးသွားရန်ရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST) ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမသတင်းဌာနကို ဖြေကြားသည်။

“ဖက်ဒရယ်ကိစ္စဆွေးနွေးချင်တယ်တဲ့။ ဖက်ဒရယ်ကိစ္စကို သူလက်ထက်မှာ ပြေပြေလည်လည် ဖြစ်ဖြစ် အောင်လုပ်ချင်တယ်။ ဖက်ဒရယ်နဲ့ပတ် သက်ပြီး တိုင်းရင်းသားတွေက တောက်လျှောက်တောင်းလာတဲ့ အခါကျတော့ ဘယ်လိုပုံစံဖက်ဒရယ်လဲ။ ဘယ်လိုမျိုးလဲဆိုတာ အပြန်အ လှန်ဆွေးနွေးပြီးတော့ သူက ပြတ်ပြတ်သားသား ခွင့်ပြုချင်တယ်ပေါ့ဗျာ။ ဒါကို သူ့လူတွေက တစ်ဆင့်မှာတာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌသည် ပြီးခဲ့သည် ဧပြီ ၂၂ ရက်နေ့က ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ၎င်းကိုယ်တိုင် တွေ့ဆုံမည်ဖြစ်ပြီး မေလ ၉ ရက်နေ့နောက်ဆုံးထား၍ စာရင်းပေး သွင်းရန်ပြောကြားထားသည်။

စစ်ကောင်စီဥက္ကဋ္ဌ၏ ဖိတ်ခေါ်မှုအပေါ် အပစ်ရပ် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၁၀)ဖွဲ့မှ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ တက်ရောက်ကြမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။

NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အဖွဲ့များအနက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်းလား (NDAA) ကလည်းတက်ရောက်မည်ဟုသိရသည်။

စစ်ကောင်စီဥက္ကဋ္ဌနှင့်တွေ့ဆုံမည့်ရက်ကို မသိရသေးသော်လည်း တွေ့ဆုံရာတွင် အဖွဲ့လိုက်သာမက တစ်ဖွဲ့ချင်းလည်းတွေ့ဆုံသွားမည်ဖြစ် ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာထံမှ သိရသည်။

စစ်ကောင်စီဥက္ကဋ္ဌ၏ဖိတ်ခေါ်မှုကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့/ တပ်မတော် (KIO/KIA)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း တရားဝင်စာထုတ်ပြန်ထားသည်။ mizzima

ရေစကြိုတွင် ဒေသခံ လူငယ် ၁ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး

မကွေးတိုင်း၊ ရေစကြိုမြို့မှာ မေ ၈ ရက် ညက ဒေသခံ အမျိုးသား တယောက်ကို  စစ်ကောင်စီတပ်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးလို့ အ ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့၊ အမှတ်(၈) စိတ္တသုခရပ်ကွက်၊ ဆေးရုံရှေ့လမ်းမှာ  မေ ၈ ရက် ည ၉ နာရီလောက်က ဆိုင်ကယ်နဲ့ တယောက်တည်းအိမ်ပြန်လာတဲ့ သုခဝတီရပ်ကွက်က ကိုဝေဖြိုးကျော်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ လိုက်ပစ်ဖမ်းဆီးတာကြောင့် ဒဏ်ရာအပြင်းထန်ရခဲ့တာ ဖြစ်ပါတယ်။

ရေစကြိုမြို့ခံ တစ်ယောက်က “စစ်ကောင်စီတပ်သားတွေဟာ လူငယ်တွေကို ပစ်မှတ်ထားပြီး ဆက်တိုက်ဖမ်းဆီးနေကြတာ။ ဒေသခံတွေကိုလည်း NUG/PDF ထောက်ပံ့သူလို့ စွပ်စွဲပြီး ဖမ်းဆီးကြသလို PDF လို့ စွပ်စွဲဖမ်းဆီးတာတွေ ဘာသက်သေအထောက်ထားမှ မရှိဘဲ ဆက် တိုက်ပြုလုပ်နေကြတာ”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ ကိုဝေဖြိုးကျော်ဟာ PDF တပ်ဖွဲ့ဝင်လည်း မဟုတ်သလို မိဘတွေနဲ့အတူ အေးအေးဆေး နေထိုင်တာဖြစ်ပြီး အိမ်ပြန်လာတဲ့အ ချိန် စစ်ကောင်စီတပ်သားတွေနဲ့ အပေါင်းပါတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးကြတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာတော့ ရေစကြိုမြို့ ဆေးရုံရှေ့လမ်းအတိုင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို လုံခြုံရေးတပ်ဖွဲ့တွေက စစ် ဆေးဖို့ တားဆီးရာမှာ ရပ်တန့်ခြင်းမရှိတာကြောင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး အကြမ်းဖက်သမား ဝေဖြိုးကျော်ကို လက်လုပ်မိုင်း တလုံးနဲ့ အတူ သေနတ်ဒဏ်ရာနဲ့ ​ဖမ်းဆီးရမိခဲ့တယ်လို့ စွပ်စွဲ ဖော်ပြထားပါတယ်။ DVB

မင်းတပ်-မတူပီလမ်း မိုင်တိုင် ၂၅ တွင် စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးခန့်သေဆုံး၊ မိုင်းကွင်းအတွင်း ဝင်လာသော စစ်သား အယောက် ၅၀ ကို ထိထိမိမိ ဖောက်ခွဲ၍ စစ်သား ၃၀ ခန့် သေနိုင်ဟုဆို

ချင်းပြည်နယ်၊ မင်းတပ်- မတူပီလမ်း မိုင်တိုင် ၂၅ တွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ယနေ့ မေလ ၉ ရက် နံနက် ၁၁ နာရီတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကြောင်း၊ CDF များထောင်ထားသော မိုင်းကွင်းထဲသို့ စစ်ကောင်စီတပ်သား ၅၀ ခန့် ဝင်ရောက်လာစဉ် အောင်မြင်စွာခွဲနိုင်၍ စစ်သား ထိခိုက်သေဆုံးမှုများကြောင်း CDF မင်းတပ်က သတင်းထုတ်ပြန်သည်။

“ဒီနေ့ ၂၅ မိုင်မှာ ကျနော်တို့က အနီးကပ် မောင်းပြန်တွေ၊ RPG တွေနဲ့ ပစ်တာ ၁၀ ယောက်လောက် သေနိုင်တယ်။ အဲဒီမှာပဲ မိုင်းကွင်းထဲကို စစ် သား အယောက် ၂၀ လောက် ရောက်နေချိန်ခွဲလိုက်တာ ရှေ့တန်းက ရဲဘော်တွေ ပြောတာတော့ ၂၀ လုံး သေနိုင်တယ်လို့ ပြောတယ်။ နောက် အ ယောက် ၃၀ လောက်ရှိတဲ့ ရှေ့ပြေးအဖွဲ့က ၂၄ မိုင်မှာ မိုင်းကွင်းထဲကို ဝင်လာတဲ့အချိန် ဖောက်ခွဲလိုက်တာ အကြီးအကျယ်ပေါက်ကွဲသွားတယ်၊ သေဆုံးထိခိုက်မှုများနိုင်တယ်ပေါ့” ဟု CDF မင်းတပ် ပြောခွင့်ရ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

CDF မင်းတပ်အဖွဲ့က မိုင်းအလုံးပေါင်းများစွာကို ပတ်ပတ်လည် ထောင်ထားခဲ့ပြီး အဆိုပါ မိုင်းကွင်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မျှားခေါ်ကာ ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆလိုင်းဟာအွမ်က ဆက်ပြောသည်။

“မိုင်းတွေက အများကြီးထောင်ထားတာ၊ မိုင်းကွင်းထဲကို ဝင်လာတာ ၂ ကြိမ်မှာ အယောက် ၅၀ လောက်ရှိတယ်။ မိုင်းကလည်း အကြီးကြီး ကွဲတာဆိုတော့ သဲသဲကွဲကွဲ မမြင်ရဘူးလေ။ အဲဒါကြောင့် ထိခိုက်သေဆုံးမှု များနိုင်တယ်လို့ပဲ ထုတ်ပြန်ထားတာပါ။ ကျနော့် တယောက်တည်း အမြင်အရကတော့ အယောက် ၅၀ မှာ ၃၀ လောက် သေနိုင်တယ်လို့ ခန့်မှန်းတယ်” ဟု ဆလိုင်းဟာအွမ်က ရှင်းပြသည်။

မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင်လည်း မိုင်တိုင် ၃၂ မှ ၂၇ အတွင်း၌ စစ်ကောင်စီယာဉ်တန်းကို CDF က တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ယာဉ်တန်းသည် သံချပ်ကာ ၂ စီးအပါအဝင် စစ်ကား အစီး ၇၀ ကျော်ဖြင့် မတူပီမှ ဧပြီလ ၂၇ က်နေ့တွင် စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ချင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ khit thit

ရန်ကုန်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ နေအိမ်များကို ချိပ်ပိတ်၊ ယခင် ချိပ်ပိတ်ထားသည့် အိမ်များမှ ပစ္စည်းများအား စစ်ကောင်စီ ယူဆောင်

ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များတွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဆက်စပ်သည်ဟုဆို ကာ နေအိမ်များကိုချိပ်ပိတ်ခြင်းနှင့် ယခင်ကချိပ်ပိတ်ထားသည့်နေအိမ်များမှ ပစ္စည်းများကို လိုက်လံယူဆောင် ခြင်းများပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံကသိရသည်။

စစ်ကောင်စီသည် မေလ ၆ ရက်နေ့က နေအိမ်ချိပ်ပိတ်ခံထားရသည့် ခရမ်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ နွေဦးတော်လှန်ရေးခေါင်းဆောင် တစ်ဦးနှင့် ခရမ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုမီးပွားတို့၏ နေအိမ်များမှပစ္စည်းများကို အိမ်အတွင်းဝင်ရောက်၍ ယူဆောင်သွားကြောင်းသိရသည်။

“အိမ်က ပစ္စည်းတွေကို ကားနဲ့လာပြီး တိုက်ယူသွားတာ။ ပထမတစ်ခါ ဇန်နဝါရီလကလည်း လာယူပြီးသွားပြီ။ အဲဒီ တုန်းက ဆိုင်ကယ်တွေ၊ စက်ဘီးတွေ၊ မီးစက်တွေ၊ မော်တောတွေ အစုံပဲ။ အိမ်ဝင်းထဲမှာရှိတဲ့ဟာတွေ ယူသွားတာ။ ဒီတစ်ခါကျတော့ အတွင်းထဲကဟာတွေ အကုန်ယူတာ” ဟု ခရမ်း PDF ခေါင်းဆောင် ကိုမီးပွားက ပြောသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် သူခိုးဂျပိုးထက်အောက်တန်းကျပြီး ဥပဒေမဲ့သွားပြီဖြစ်သည့်အတွက် ပြန်ပေး ဆပ်သည့်အချိန်ကျလျင် တူ ညီသည့်တုံ့ပြန်မှုသာပြန်ရမည်ဖြစ်ကြောင်း ကိုမီးပွားကပြောသည်။

“ချိပ်ပိတ်တယ်ဆိုကတည်းက ဘယ်သူမှဝင်ထွက်လို့မရအောင် ပိတ်တာ။ ချိပ်ပိတ်တဲ့အရာရှိ (သို့မဟုတ်) ကိုယ် စားလွှဲအပ်ခြင်းခံရသူမှ ဖွင့်လို့ရတာ။ တရားဝင်ချိပ်မဖွင့်ပဲ ပစ္စည်းဝင်ယူရင် ခိုးမှုမြောက်ပါတယ်” ဟု စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ဥပဒေပညာရှင်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

စစ်ကောင်စီတပ်သည် ခရမ်းမြို့နယ်ရှိ ချိပ်ပိတ်ထားသည့်နေအိမ်များမှ အသုံးအဆောင်ပစ္စည်းများ၊ ပရိဘောဂများ၊ sound box ၊ ဒယ်နီအိုးနှင့် အိမ်တွင်းရှိပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း ဒေသတွင်းသတင်းများကို ဖော်ပြနေ သည့် ခရမ်းမီဒီယာက ရေးသားထားသည်။

ထို့အပြင် ယမန်နေ့ မေလ ၈ ရက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက် အတွင်းရှိ နေအိမ်ခုနစ်လုံးကို စစ်ကောင်စီတပ်က လာရောက်ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

“ ကော့မှူးမြို့နယ် ဘုရားလမ်းရပ်ကွက်က ဆန္ဒပြလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ပြည်သူတွေကို ဒလန်ကသတင်းပေးလို့ စစ်တပ်က အကြမ်းဖက်ဖမ်း ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်။ အဲဒီလို ဖမ်းဆီးပြီးတဲ့နောက် အခုလို နေအိမ်တွေကို လာရောက်ချိပ်ပိတ်သွားတာပါ ” ဟု ကော့မှူးဒေသခံသ တင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

ချိပ်ပိတ်ခံရသည့်နေအိမ်ခုနစ်လုံးတွင် နေထိုင်သူအချို့သည် အကြမ်းဖက်ဖမ်းဆီးခြင်းခံရပြီး စစ်ကောင်စီ၏ တရားစွဲဆိုမှုကို ရင်ဆိုင်နေရသလို အချို့မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် ရန်ကုန်နှင့် မြို့ကြီးများတွင် ပြည်သူများကို ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများအ ပြင် ပြည်သူပိုင်နေအိမ်များကို လိုက်လံချိပ်ပိတ်မှုများ ဆက်တိုက်လုပ်ဆောင် လျက်ရှိ သည်။ စစ်ကောင်စီသည် ယခုနောက်ပိုင်းတွင် ချိပ်ပိတ်ထားသည့်နေအိမ်များမှ ပစ္စည်းများကိုပါ ဝင်ရောက်၍ ယူဆောင်ခြင်းများ လုပ်ဆောင်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် အဓမ္မအာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်၍ ၂၀၂၂ ခုနှစ် ဧပြီလ ကုန်အထိ တစ်နိုင်ငံလုံးရှိ နေ အိမ်၊ အဆောက်အဦး စုစုပေါင်း ၅၇၀ ထက်မနည်းကို မတရားချိပ်ပိတ်သိမ်းဆည်း ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့် ရှောက် ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ သိရသည်။ mizzima

ဓာတ်မြေသြဇာဈေး အဆမတန်မြင့်တက်နေသဖြင့် ကရင်နီတောင်သူများ လယ်ယာစိုက် ပျိုးရန် အခက်ကြုံ

ကယားပြည်နယ်အတွင်းမှာ ဓာတ်မြေသြဇာဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် ကရင်နီတောင်သူတွေဟာ လယ်ယာစိုက်ပျိုးဖို့ အခက်တွေ့နေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

မြေသြဇာဈေးနှုန်းတွေဟာ အရင်နှစ်တွေကထက် သုံးဆမက မြင့်တက်နေတာ ဖြစ်တယ်လို့  အရင်းကျေဖို့တောင် မလွယ်ကူတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံ တောင်သူတယောက်ကပြောပါတယ်။

“အရင်က ကျပ်သုံးသောင်းလောက်ပဲရှိတဲ့ ဓာတ်မြေသြဇာတအိတ်ကို  အခုဆို တသိန်းနီးပါး ပေး၀ယ်ရတယ်။ မြေသြဇာဈေးက ကြီးလာတော့ အရင်က လေး ငါးဧက စိုက်နေတဲ့သူတွေဟာ အခုဆို တဧကကိုတောင် မနည်းစိုက်နေရတယ်။ အရင်းက သုံးဆမကများလာတာကို။”

ကယားပြည်နယ်မှာ မြေသြဇာဈေးနှုန်းတွေ မြင့်တက်နေသလို စက်သုံးဆီစျေးနှုန်းတွေကလည်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ အဆမတန်တက်နေတာကြောင့် ကရင်နီတောင်သူတွေမှာ  စပါးစိုက်ဖို့အတွက် ထပ်မံခက်ခဲနေတာပါ။

“ထွန်ယက်ဖို့ စက်သုံးဆီ၀ယ်မယ်ဆို တဂါလံကို တစ်သောင်းနှစ်ထောင် ပေး၀ယ်နေရတယ်။ စျေးက အဆမတန်ပဲဗျာ။ သာမန်လူတွေဆိုတွေ မရင်းနိုင်ကြတော့ဘူး။ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူးလေ။ ဒုန်းဒုန်း ဒိုင်းဒိုင်းနဲ့ပဲ” လို့ တောင်သူ တစ်ဦးက ဆိုပါတယ်။

ကယားပြည်နယ်မှာ လယ်ယာစိုက်ပျိုးဧက သိန်းနဲ့ ချီရှိနေပြီး ဒေသခံအများစုဟာ မိရိုးဖလာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်းက လယ်ယာစိုက်ပျိုးတဲ့ နေရာအများစုမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ခုခံကာကွယ် ရေး တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ တောင်သူမိသားစု သောင်းနဲ့ချီပြီး နေအိမ်နဲ့ စိုက်ပျိုးမြေတွေကို စွန့်ခွာ စစ်ဘေးတိမ်း ရှောင်နေကြရပါတယ်။ DVB

စစ်တပ်ကြေးနီစီမံကိန်းရှိသည့် လက်ပံတောင်း တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသရှိ မြန်မာယန်စီကြေးနီစီမံကိန်းမြောက်ဘက် ကျေးရွာများတွင် စစ် ဆင်ရေးလုပ်နေသည့် စစ်တပ်နှင့် မေ ၈ ရက်မှစ၍ နှစ်ရက်ဆက် တိုက်ပွဲဖြစ်သည်ဟု ဒေသကာကွယ်ရေးအဖွဲ့ (LDF) များထံမှ သိရသည်။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် (MEC) နှင့် တရုတ်နိုင်ငံပိုင် ဝမ်ပေါင်ကုမ္ပဏီခွဲ မြန်မာယန်စီကြေးနီစီမံကိန်းဝန်းကျင်ရှိ ရွှေပန်းခိုင်၊ သဲတော ကြီးကျေးရွာအနီးတွင် အင်အား ၁၀၀ ခန့်ဖြင့် လှုပ်ရှားနေသည့် စစ်ကြောင်းကို ယမန်နေ့ (မေ ၈) ညနေပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု LDF ဘက်က ပြောသည်။

ထိုစစ်ကြောင်းကို PDF အဖွဲ့များပေါင်းကာ အင်အားအလုံးအရင်းဖြင့် ညနေ ၄ နာရီမှ ၈ နာရီအထိ ပိတ်ဆို့ ခုခံခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်သည့် အဖွဲ့တစ်ခုဖြစ်သည့် မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရ ကိုခန့်ထံမှ သိရသည်။

“(LDF က) ရှေ့ကနေ စစ်ကြောင်းထိုးမဲ့လမ်းကို ပိတ်ဆို့ပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လတ်တလောအခြေအနေ ကျွန်တော်အ တည်ပြုနိုင်တာကတော့ မနေ့က တိုက်ပွဲမှာ ခုခံကာကွယ်ရေးတပ်ဖွဲ့တွေက ထိခိုက်ကျဆုံးတာမရှိဘူး” ဟု ၎င်းက ပြောသည်။

ယနေ့ (မေ ၉) နံနက်တွင်လည်း အဆိုပါ ဒေသအတွင်း ထိုစစ်ကြောင်းနှင့် ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အသေးစိတ်အခြေအနေကို မသိရသေးကြောင်း စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည့် ချင်းတွင်းရိုးမမဟာမိတ်တပ်ပေါင်းစု မှ ဦးမြတ်ကိုက ပြောသည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် ဒေသခံများ အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်နေသည့် လက်ပံတောင်းဒေသရှိ ကြေးနီစီမံကိန်းများ ပြန်လည်လုပ်ကိုင်ခြင်းမပြုရန် ဆားလင်းကြီး၊ ယင်းမာပင် LDF အဖွဲ့များက ဧပြီလကုန်ပိုင်းတွင် သတိပေးထားသည်။

ထိုသို့ သတိပေးပြီးနောက် အဆိုပါ စစ်ကြောင်းမှာ မြန်မာယန်စီကုမ္ပဏီစီမံကိန်းအနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် မေ ၅ ရက်မှစ၍ ဝင်ရောက်လှုပ်ရှားနေခြင်းဖြစ်သည်ဟု LDF ဘက်က ပြောသည်။

“ကုမ္ပဏီကို ခြိမ်းခြောက်ထားတာဆိုတော့ အချိန်မရွေး ချုံခိုတိုက်ခိုက်နိုင်တဲ့အနေအထားမျိုး စိုးရိမ်တဲ့အတွက်ကြောင့် ဖြစ်မယ်။ ကုမ္ပဏီပတ်ပတ်လည် အပြင်မှာ ပတ်နေတာ” ဟု လက်ပံတောင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ထိုအခြေအနေကြောင့် မြန်မာယန်စီကြေးနီစီမံကိန်းလုပ်ကွက်အနီး တစ်မိုင်ပတ်လည်ခန့်အတွင်းရှိ ကျေးရွာများမှ ဒေသခံများမှာ လုံခြုံရေးစိုးရိမ်နေရကြောင်း ၎င်းက ပြောသည်။ 

“ကုမ္ပဏီစည်းရိုးနဲ့ အလွန်ဆုံး တစ်မိုင်ဝန်းကျင်ကနေ ပတ်ထိုးနေတာ။…ကုမ္ပဏီအနီးအနားမှာရှိတဲ့ ကျေးရွာတွေက နေ့လည်း ကောင်းကောင်းမအိပ်ရ၊ ညလည်း ကောင်းကောင်းမအိပ်ရနဲ့ ကျီးလန့်စာစားနေရတယ်” ဟု ထိုသူက ဆိုသည်။

“သူတို့က အချိန်မရွေးရောက်လာလိုက်၊ စစ်ကြောင်းထိုးသွားလိုက်၊ လူထုက ရှောင်လိုက်နဲ့၊ ရွာတစ်ရွာကို ဝင်မယ်ဆိုရင် သူတို့က သေနတ် တရစပ်ဖောက်တော့ အထိတ်တလန့်ဖြစ်ကြတယ်။ သက်ကြီးရွယ်အို၊ နှလုံးရောဂါသည်များ ရှိရင်တော့ လန့်ပြီး အသက်ထွက်သွားနိုင်တယ်” 

စစ်ရေးလှုပ်ရှားနေသည့် စစ်တပ်ကြောင့် ထိခိုက်သေဆုံး၊ ဖမ်းဆီးခံရသူ ရှိမရှိ၊ PDF တို့နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူရှိမရှိတို့ကို မသိရသေးပေ။

ထိုဒေသအတွင်း လက်ပံတောင်းတောင်၊ ကြေးစင်တောင်နှင့် စံပယ်တောင်တို့တွင် MEC နှင့် ဝမ်ပေါင်တို့ ပူးပေါင်းထုတ်လုပ်သည့် ကြေးနီလုပ်ငန်းများရှိသည်။ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုစီးပွား ပျက်ယွင်းသဖြင့် ဒေသခံတို့၏ ပြင်းထန်စွာ ကန့်ကွက်မှုများရှိနေသည့်ကြားမှ ထိုစီမံကိန်းများ ဆက်လက်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

လက်ပံတောင်းတောင် စီမံကိန်း၏ ထုတ်လုပ်မှုအပေါ် အကျိုးခံစားခွင့်ကို အမှတ် ၁ သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်က ၁၉ ရာခိုင်နှုန်းရရှိနေသည်။

စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းတွင် MEC က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်၏ ကုမ္ပဏီခွဲ မြန်မာယန်စီက ၄၉ ရာခိုင်နှုန်း အကျိုးအမြတ်ရယူနေသည်။

ထိုစီမံကိန်းများအတွက် ဖွဲ့ထားသည့် Myanmar Wanbao နှင့် Myanmar Yangtse ကုမ္ပဏီနှစ်ခုက PDF တို့ ခြိမ်းခြောက်နေသည်ဟု ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လက်ပံတောင်းတောင်စီမံကိန်းမှ ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နှင့် ကြေးစင်တောင်စီမံ ကိန်းမှ ၁၈၇ သန်း စစ်ကောင်စီထံ စီးဝင်နိုင်ကြောင်း Publish What You Pay အဖွဲ့၏ ၂၀၂၁ အောက်တိုဘာလအစီရင်ခံစာတွင် ဖော်ပြ သည်။

ထိုလုပ်ငန်းများမှာ အမေရိကန်နှင့် ဗြိတိန်တို့၏ ဒဏ်ခတ်အရေးယူခြင်း ခံထားရသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးနှင့် အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းသည်ပင်လျှင် ရှေ့တန်းမှ ပါဝင်နေသည်။ myanmar now

လှည်းကူးပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့အ ပတ်စဉ် ၄ သင်တန်းဆင်းပွဲ ကျင်းပ

လှည်းကူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သင်တန်းအပတ်စဉ် (၄)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မေလ ၉ ရက်နေ့တွင် လွတ်မြောက်နယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းအပတ်စဉ် (၄) သင်တန်း တက်ရောက်ပြီးစီးခဲ့သော သင်တန်းသားများကို ပြည်သူ့သစ္စာရေတိုက်ခဲ့ပြီး ၎င်းတို့အားလုံးသည် တော် လှန်ရေး အတွက် ကဏ္ဍအသီးသီးမှ ပါဝင် တော်လှန်ကြမည့် သူရဲကောင်းများ ဖြစ်ကြသည်ဟု လှည်းကူး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (လွတ် မြောက် နယ်မြေ) ကဆိုသည်။ mizzima

မြိတ်ခရိုင်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုစိုးသက်ထွဋ်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုစိုးသက်ထွဋ်ကို  စစ်ကောင်စီက မေလ ၉ ရက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။

မြိတ်မြို့မှာ နေထိုင်တဲ့ ကိုစိုးသက်ထွဋ်ကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ညပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးမှာ တစ်ရက်ကြာပြီးတဲ့နောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

အဲဒီနောက်မှာတော့ မြိတ်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီး ဒုတိယမြောက်ရုံးချိန်းမှာတော့ အခုလို ထောင်တွင်း သီးသန့် တရားရုံးကနေ ထောင် ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ အတွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာတွေအပြင် နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ပိုစ့်တွေကို လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ဝေမျှခဲ့လို့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလို့  မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။ 

လက်ရှိ မြိတ်အကျဉ်းထောင်ထဲမှာ မိသားစုနဲ့တွေ့ဆုံခွင့်မရရှိသလို ကိုစိုးသက်ထွဋ်က နှလုံးကျန်းမာရေး မကောင်းတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိတ်ပူနေကြပါတယ်။ DVB

« Older Entries