ကျောက်တော် မဟာမုနိစစ်ဘေးရှောင် စခန်းမီးလောင် နေအိမ် ၂၆၀ ကျော် ဆုံးရှုံး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမြတ်မုနိဘုရားအနီးရှိ မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့ မေလ ၉ ရက်နေ့ နံနက် ၁ နာရီကျော်က မီးလောင်မှုဖြစ်ပွားသောကြောင်း စစ်ဘေးရှောင်အိမ် ၂၀၀ကျော် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု စခန်းတာဝန်ခံ တစ်ဦးကပြောသည်။
မီးလောင်မှု ဖြစ်ပွားမှုမှာ မီးဖိုချောင်မှ တစ်ဆင့်လောင်ခြင်းဖြစ်ပြီး လက်ရှိတွင် မီးဘေးသင့် စစ်ဘေးရှောင်များအား စာသင်ကျောင်းနှင့် ရထားဘူတာဟောင်းအနီးသို့ အရေးပေါ်ရွေ့ပြောင်းထားရသည်ဟု စခန်းဥက္ကဋ္ဌဦးညီပုက Western News ကိုပြောသည်။
” မီးလောင်တာက ညဉ့် ၁နာရီကျော်လောက်မှာလောင်တာပါ။ မီးလောင်တာကတော့ မီးဖိုချောင်ခန်းကနေစပြီးလောင်တာပါ။ အိမ်မှာက အိပ်ခန်းတစ်ခုရယ် မီးဖိုချောင်ခန်းတစ်ခုစီရှိကြတော့ မီးဖိုခန်းကစလောင်တော့ မီးကြွင်းမီးကျန်ကလောင်တာလို့ ယူဆရတယ်”ဟုပြောသည်။
အဆိုပါစခန်းတွင် နေအိမ်စုစုပေါင်း ၄၃၂ ဆောင်ရှိရာမှ မီးလောင်မှုကြောင့် ၂၆၂ အိမ်မီးထဲပါသွားပြီးမီးဘေးသင့် စစ်ဘေးရှောင်များကို အခုလောလော ဆယ်တွင် စာသင်ကျောင်းနှင့် ရထားဘူတာဟောင်းများပေါ်မှာ အရေးပေါ် နေထိုင်နေရကြောင်း ဒုက္ခသည်များက ပြောသည်။
“အိမ်တွေက မီးလောင်သွားတော့ တစ်ခုမှ မရလိုက်ကြဘူး။ အိမ်တွေက ဝါးတွေနဲ့ဆောက်ထားတာဆိုတော့ မီးက ကူးစက်လွယ်တော့ မီးထိန်းမနိုင်ဘဲ အိမ်၂၀၀ ကျော်အထိပါသွားတာဖြစ်တယ်။ အထိအခိုက်တွေတော့ မရှိဘူး”ဟု ၎င်းကဆက်ပြောသည်။
ယခုမီးလောင်ကျွမ်းမှုနှင့် ပတ်သတ်ပြီး ဆုံးရှုံးမှု တန်းဖိုး သိရှိနိုင်ဖိို့ ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာနအား ဖုန်နှင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
နေအိမ်မီးဖိုရှိ မီးကြွင်းမီးကျန်မှတဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင် ကျွမ်းကာ ပတ်ဝန်းကျင်နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး လူ၊တိရစ္ဆာန် ထိခိုက်မှုများ မရှိကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
လက်ရှိမီးလောင်သွားသည့် မဟာမုနိ စစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် ပလက်ဝမြို့နယ်နှင့် မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ခိုလှုံနေကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လက မြောက်ဦးမြို့နယ်ရှိသည့် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်က တိမ်ညို စစ်ဘေးရှောင်စခန်းလည်း မီးလောင်ခဲ့၍ နေအိမ် ၆၀၀ ကျော်မီးထဲ ပါသွားပြီး စစ်ဘေးရှောင်ဒုက္ခသည် ထောင်နှင့်ချီ အိုး အိမ်မဲ့ ဖြစ်ခဲ့ရသည်။ khit thit