ချောင်းဦးမြို့နယ် ကံကြီးကုန်းကျေးရွာ တိုက် ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ အနီးတွင် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ မေလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။
မေလ ၂ ရက်နေ့က ခွန်သာကျေးရွာမှ စက်လှေအား အဓမ္မခေါ်ယူ၍ ချင်းတွင်းမြစ်ကမ်း ဘေးတွင် တည်ရှိသည့် ကံကြီးကုန်းကျေးရွာနှင့် အနီးတစ်ဝိုက် ကျေးရွာများအား လုယက်လာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
“ခွေးတွေက ကံကြီးကုန်းနဲ့ အနီးပတ်ဝန်းကျင်က ရွာတွေကို ဓားပြတိုက် လုယက်ပြီး အပြန်မှာ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တာပါ” ဟု ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
မေ ၃ ရက် ည ၁၁ နာရီကလည်း စစ်ကောင်စီတပ် စခန်းအား လက်နက် ကြီးများနှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။
ယင်းတိုက်ပွဲများအား ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားတပ်ဖွဲ CGYDF ၊ Yinmarbin Local PDF ၊ Chaung U Revolution Army (CRA) ၊ NYSO ၊ Chaung U Local Defence Force ၊ Border Defense Force (BDF) ၊ SSTF ၊ Federal DemoCratic Revolution Force ၊ Killers United စစ်ကျွန်မခံ မြွေဆိုးတစ်သိုက် နှင့် တစ်ကိုယ်တော် သုဘရာဇာ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယင်းမာပင်မှ ထွက်ခွာလာသည့် အင်အား ၈၀ ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် မေလ ၈ ရက်နေ့က ရွှေပန်းခိုင်ကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
ဒေသတွင်း စစ်ရေးတင်းမာ နေသောကြောင့် ဆာလင်းကြီး – ညောင်ပင်ကြီး လမ်းပိုင်းနှင့် ပုသိမ် – မုံရွာ လမ်းပိုင်းအား အသွားအလာ ပိတ်ပင်ထားကြောင်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်ထားသည်။ mizzima