ပေါက်မြို့နယ်က လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ် ဖမ်းဆီး

မကွေးတိုင်း ပေါက်မြို့မှာ မေ ၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဒေသခံလူငယ် ၂ ယောက်ကို PDF လို့ စွပ်စွဲကာ ဖမ်းဆီးသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့ အောင်ချမ်းသားရပ်ကွက် ဇရပ်နားမှာ မနက် ၈ နာရီလောက်က စစ်ကောင်စီ တပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့က စျေးဝယ်အောင်သွားတဲ့ မြေနီ(မြောက်ဘက်)ကျေးရွာက ကိုမျိုးထက်ခိုင်နဲ့ ကိုဟိန်းထက်ကျော်တို့ကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးသွားကြတယ်လို့ မြေနီ ကျေးရွာ ဒေ သခံတယောက်က ပြောပါတယ်။
“ကလေးတွေက ပေါက်မြို့ကို စျေးဝယ်သွားကြတာ။ စစ်ကောင်စီတပ်တွေက ရွာကတက်လာတဲ့ လူငယ်မှန်သမျှကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးနေတော့တာ။ ဒီပုံစံအတိုင်းဆိုရင် တောသူ တောင်သားတွေဟာ မြို့ပေါ်ကို စျေးဝယ်တောင် မသွားရဲတဲ့ အခြေနေဖြစ်နေပြီ။”
ဖမ်းဆီးခံရတဲ့ လူငယ် ၂ ယောက်ကို ပေါက်မြို့မရဲစခန်ကို ခေါ်ဆောင်သွားကာ ပခုက္ကူ စစ်ကြောရေးကို ပို့ဆောင်မယ်လို့ ခန့်မှန်ထားပြီး ရွာကနေ လိုက်လာတဲ့ မိသားစုဝင်တွေကိုလည်း လုံးဝတွေ့ ခွင့်မပေးသလို အသုံးဆောင်ပစ္စည်းနဲ့ အစားအသောက်တွေလည်း ပေးခွင့်မရဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ယခုတစ်ပတ်အတွင်းမှာ ပခုက္ကူခရိုင်အတွင်းက ဒေသခံပြည်သူတွေကို PDF လို့ စွပ်စွဲပြီး ဆက်တိုက်ဖမ်းဆီးနေသလို လွှတ်တော်ကိုယ်စားလှယ်တွေရဲနေအိမ်တွေနဲ့ နွေဦးတော်လှန်ရေးမှာ တက်ကြွလှုပ်ရှားသူတွေရဲ့ နေအိမ်တွေကို ချိပ်ပိတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ DVB