ဖက်ဒရယ်အရေးနှင့်ပတ်သက်၍ စစ်ကောင်စီဥက္ကဋ္ဌ ဆွေးနွေးမည်ဟု PPST ပြောကြား

အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများနှင့်တွေ့ဆုံရာတွင် ဖက်ဒရယ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးသွားရန်ရှိကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (Peace Process Steering Team – PPST) ဦးဆောင်ကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမသတင်းဌာနကို ဖြေကြားသည်။
“ဖက်ဒရယ်ကိစ္စဆွေးနွေးချင်တယ်တဲ့။ ဖက်ဒရယ်ကိစ္စကို သူလက်ထက်မှာ ပြေပြေလည်လည် ဖြစ်ဖြစ် အောင်လုပ်ချင်တယ်။ ဖက်ဒရယ်နဲ့ပတ် သက်ပြီး တိုင်းရင်းသားတွေက တောက်လျှောက်တောင်းလာတဲ့ အခါကျတော့ ဘယ်လိုပုံစံဖက်ဒရယ်လဲ။ ဘယ်လိုမျိုးလဲဆိုတာ အပြန်အ လှန်ဆွေးနွေးပြီးတော့ သူက ပြတ်ပြတ်သားသား ခွင့်ပြုချင်တယ်ပေါ့ဗျာ။ ဒါကို သူ့လူတွေက တစ်ဆင့်မှာတာပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
စစ်ကောင်စီဥက္ကဋ္ဌသည် ပြီးခဲ့သည် ဧပြီ ၂၂ ရက်နေ့က ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ၎င်းကိုယ်တိုင် တွေ့ဆုံမည်ဖြစ်ပြီး မေလ ၉ ရက်နေ့နောက်ဆုံးထား၍ စာရင်းပေး သွင်းရန်ပြောကြားထားသည်။
စစ်ကောင်စီဥက္ကဋ္ဌ၏ ဖိတ်ခေါ်မှုအပေါ် အပစ်ရပ် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း(၁၀)ဖွဲ့မှ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်- ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နှင့် ရခိုင် ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့ တက်ရောက်ကြမည်ဟု တရားဝင်ထုတ်ပြန်ထားသည်။
NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အဖွဲ့များအနက် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်းလား (NDAA) ကလည်းတက်ရောက်မည်ဟုသိရသည်။
စစ်ကောင်စီဥက္ကဋ္ဌနှင့်တွေ့ဆုံမည့်ရက်ကို မသိရသေးသော်လည်း တွေ့ဆုံရာတွင် အဖွဲ့လိုက်သာမက တစ်ဖွဲ့ချင်းလည်းတွေ့ဆုံသွားမည်ဖြစ် ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာထံမှ သိရသည်။
စစ်ကောင်စီဥက္ကဋ္ဌ၏ဖိတ်ခေါ်မှုကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့/ တပ်မတော် (KIO/KIA)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း တရားဝင်စာထုတ်ပြန်ထားသည်။ mizzima